ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း နေထိုင်ကြသော ဘင်္ဂါလီများအနေဖြင့် နိုင်ငံသား စိစစ်ခံမည့်သူ၏ သက်သေခံ ကတ်ပြား (NVC) မလိုချင်ကြောင်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) အဖွဲ့ဝင် နိုင်ငံများ၏ ကိုယ်စားလှယ် အဖွဲ့ထံ တင်ပြခဲ့ကြောင်း သတင်း ရရှိသည်။
မေလ ၁ ရက်က မောင်တောမြို့နယ်ရှိ ဘင်္ဂါလီရွာများသို့ နေ့ချင်းပြန် သွားရောက် လေ့လာခဲ့ကြသော ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များနှင့် ဘင်္ဂါလီကျေးရွာများအတွင်း နေထိုင်သူများနှင့် တွေ့ဆုံ စဉ် အထက်ပါ အတိုင်း တင်ပြခဲ့ခြင်း ဖြစ်ကြောင်း ပန်းတောပြင် ဘင်္ဂါလီကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံ ဦးအဏ္ဏဝါက ပြော သည်။
ဦးအဏ္ဏဝါက “မနေ့က တွေ့ဆုံတဲ့အခါ သူတို့မေးတာက ပညာရေး ၊ လွတ်လပ်စွာ သွားလာရေး ကိစ္စတွေမေးတယ်။ အိမ် တွေ မီးလောင်တဲ့ အကြောင်းတွေကိုမေးမယ်။ ကျနော် တင်ပြတာကတော့ သွားရေးလာရေးက မောင်တောမြို့ထဲကိုတော့ သွားလို့ ရတယ်လို့ ပြောလိုက်ပါတယ်။ ပြီးတော့ ကျနော်တို့က ဒီမှာ ဘိုးစဉ် ဘောင်ဆက်နေလာကြတဲ့ နိုင်ငံသားတွေ ဖြစ်တဲ့အတွက် NVC ကို မကိုင်ချင်ဘူးလို့ ရွာသားတွေက တင်ပြကြပါတယ်။ သူတို့ဘက်ကတော့ ဘာမှ ပြန်ပြောခဲ့တာ မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
NVC ကတ် ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာ မြို့နယ်အတွင်းသာ လွတ်လပ်စွာ သွားလာခွင့်ရှိမည်ဖြစ်ပြီး နိုင်ငံအနှံ့ သွားလာခြင်းကို ခွင့်မပြုထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ဧပြီ ၂၅ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောကြားသည်။
UNSC အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များသည် မောင်တောမြို့နယ်အတွင်း ပြန်လည် လက်ခံရေး စခန်းများ ဖြစ်သည့် လှဖိုးခေါင်ကြားစခန်း၊ တောင်ပြိုလက်ဝဲ၊ ရွှေဇားဘင်္ဂါလီရွာ၊ ပန်းတောပြင် ဘင်္ဂါလီရွာများသို့ သွား ရောက် လေ့လာခဲ့ ကြောင်း သိရသည်။
UNSC ကိုယ်စားလှယ်များက နေအိမ်များ မီးလောင်သည့် ကိစ္စရပ်များကိုမေးမြန်းရာတွင် ပန်းတောပြင် ဘင်္ဂါလီ ကျေးရွာ သား တဦးက စစ်တပ်က မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း တင်ပြခဲ့သည် ဟု ဦးအဏ္ဏဝါက ဆိုသည်။
ထို့နောက် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် ARSA အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် သတ်ဖြတ်ခံရ သော ဟိန္ဒူမိသားစုဝင်များ၊ မြိုတိုင်းရင်းသား မိသားစုဝင်များနှင့် အကြမ်းဖက်သမားများ၏ တဖက်နိုင်ငံသို့ ခေါ်ဆောင် ခြင်းကိုခံခဲ့ရသော အမျိုးသမီး ၈ ဦးတို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများ ခေါ်ဆောင်ခြင်း ခံခဲ့ရသူ မရီခါးက “ကျမတို့ မိသားစုတွေကို ဘယ်သူသတ်တာလဲ သိလားဆိုပြီး မေးတယ်။ ကျမတို့ ရွာနားမှာနေတဲ့ ဘင်္ဂါလီတွေ သတ်တာလို့ ကျမတို့က ပြောတယ်။ သတ်တဲ့လူတွေကို သိလည်း သိ တယ်။ မှတ်လည်း မှတ်မိတယ်လို့ ပြောလိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့မှာ ညနေပိုင်းတွင် စစ်တွေ လေဆိပ်ခန်းမဆောင်တွင် စစ်တွေမြို့ပေါ်ရှိ အရပ်ဘက်လူမှု အဖွဲ့ အစည်းများနှင့်လည်း တွေ့ဆုံခဲ့သည်။
ယင်းတွေ့ဆုံပွဲတွင် ပါဝင်သည့် အနောက်ဘက် နယ်စပ်ဒေသ ရခိုင် အမျိုးသားနယ်မြေ ပြန်လည် တည်ဆောက်ရေး ကော် မတီမှ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဦသန်းထွန်းက “ကျနော်တို့ဘက်က တင်ပြတာကတော့ UN လုံခြုံရေးကောင်စီ ဟာ သတင်းမှားတွေ၊ လုပ်ကြံသတင်းတွေကို နားထောင်နေကြရတဲ့ သူတွေ ဖြစ်တယ်။ အဲဒါကြောင့် အခြေအနေမှန်ကို ဒီလို လာကြည့်တာ ကောင်းပါတယ်။ အခြေအနေမှန်ကို မြင်လည်း မြင်တွေ့ရမှာပါလို့ ပြောတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ဒါပေမယ့် သူတို့ဆုံးဖြတ်ချက်က ဘယ်လို ရှိမယ်ဆိုတာတော့ မသိဘူး။ တခု သတိထားမိတာ ကတော့ သူတို့ဟာ ဒီဘက်က ဘာပဲ ပြောပြော သူတို့မှာ နဂိုကြိုတင် ဆုံးဖြတ်ထားတဲ့ဟာများ ရှိမလားဆိုတဲ့ ပုံစံမျိုးတော့ တွေ့ရတယ်” ဟု ဆိုသည်။
အဆိုပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်ခဲ့ခြင်း ဖြစ်ပြီး ဧပြီလ ၃၀ ရက်တွင် နေပြည်တော်၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်လည်း တွေ့ဆုံဆွေးနွေး ခဲ့ကြသေးသည်။
ရခိုင်ပြည်နယ်အတွင်း NVC ကတ်များကို ၂၀၁၆ ခုနှစ် ဇွန် ၇ ရက်မှ စတင်ထုတ်ပေးခဲ့ရာ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃ ရက် အထိ အမျိုးသား ၆၀၉၇ ဦးနှင့် အမျိုးသမီး ၃၀၇၆ ဦး စုစုပေါင်း ၉၁၇၃ ဦး ထုတ်ပေးပြီးဖြစ်ကြောင်း ဇန်နဝါရီလ ၅ ရက်က အစိုးရမှ ထုတ်ပြန်ခဲ့သည်။