ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဒွိုင်စကက် ခရိုင်တွင် အမေရိကန် ကမ္ဘာလှည့်ခရီးသွား အမျိုးသမီးတဦးကို အဓမ္မပြုကျင့်မှုဖြင့် မြန်မာနိုင်ငံသား ၃ဦးကို သောကြာနေ့က ဖမ်းဆီးလိုက်ကြောင်း Khasoad သတင်းကဆိုသည်။
ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၃ဦးမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည် ဒန်၊ ဒေဒင်းနှင့်နွိုင်တို့ ဖြစ်ကြောင်း၊ ၎င်းတို့မှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ လာသူများ ဖြစ်ကြောင်း သိရသည်။
အဓမ္မပြုကျင့်ခံရသူ အမေရိကန်အမျိုးသမီးမှာ သူ၏ ယောကျ်ားလေး သူငယ်ချင်းဖြင့် ခရီးထွက်လာ ခြင်းဖြစ်ပြီး၊ ကုန်စုံဆိုင်တဆိုင်တွင် အဆိုပါ အမျိုးသား ၃ဦးနှင့် အတူသောက်စားနေခဲ့ကြောင်း ရဲထံတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ကုန်စုံဆိုင်ပိုင်ရှင်ကလည်း ယင်းအမေရိကန် စုံတွဲသည် ကြာသာပတေးနေ့ညက အရက်ဝယ်ယူရန် ရောက်လာကြောင်း၊ ၎င်းတို့ သည် မြန်မာနိုင်ငံသား ၃ဦးနှင့်တွေ့ကြောင်း ထွက်ဆိုသည်။
ယင်းအမေရိကန်အမျိုးသမီးသည် သောကြာနေ့က ဆေးစစ်ရန် ဆေးရုံသို့ လာရောက်ခဲ့ကြောင်း ဒွိုင်စကက် ခရိုင် ဒုတိယရဲမှူးကြီး ဆူရီယံ ချန်စိုင်းက ဆိုသည်။
မြန်မာနိုင်ငံသား ၃ဦးကမူ ကာယကံရှင်က သဘောတူ ကြည်ဖြူ၍ ဖြစ်ကြောင်း ဆိုပြီး၊ ၎င်းတို့ အနေဖြင့် အုပ်စုလိုက် အဓမ္မပြုကျင့်မှုဖြင့် အမြင်ဆုံးပြစ်ဒဏ် ထောင်ဒဏ် နှစ် ၂၀ ကျခံနိုင်ပြီး ၎င်းတို့အတွက် အာမခံပေးရန် ငြင်းပယ်ခံရကြောင်း သိရသည်။
ယခင်ကလည်း ချင်းမိုင် Mae Jo တက္ကသိုလ်မှ ကျောင်းသူတဦးကို မြန်မာနိုင်ငံသား ဆောက်လုပ်ရေး အလုပ်သမားများက အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည့်အတွက် ထိုင်းကျောင်းသားတချို့က မြန်မာရွေ့ပြောင်းလုပ်သားများအပေါ် ဆန္ဒပြမှုများ ဖြစ်ခဲ့သည်။