Reuters သတင်းထောက်နှစ်ဦးအား အမှုဆင်ဖမ်းခဲ့ကြောင်း ဖွင့်ချထွက်ဆိုခဲ့သည့် ဒုရဲမှူးမိုးရန်နိုင်အား မယုံကြည်ထိုက်သည့် သက်သေအဖြစ် ကြေညာပေးရန် တရာလိုရှေ့နေများ၏ လျှောက်ထားမှုကို မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့မေ ၂ ရက်နေ့ရုံးချိန်းတွင် ပယ်ချလိုက်သည်။
ဒုရဲမှူး မိုးရန်နိုင်၏ ရဲရှေ့ထွက်ဆိုချက်များနှင့် တရားရုံးရှေ့ ထွက်ဆိုချက်များတွင် ရှေ့နောက်မညီ ကွဲလွဲထွက်ဆိုကြောင်း ထင်ရှားခြင်း မရှိသည့်အတွက် မယုံကြည်ထိုက်သည့် သက်သေအဖြစ် ကြေညာရန် မသင့်ဘဲ လာမည့် မေလ ၉ ရက်နေ့ရုံးချိန်းတွင် ၎င်းအား သက်သေအဖြစ် ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း လည်း တရားရုံးက ကြေညာခဲ့သည်။
ဒုရဲမှူး မိုးရန်နိုင်၏ ညီဖြစ်သူ ကိုရဲဝင့်နိုင်က “ ကျနော့်အကိုက လိမ်လည်ထွက်ဆိုတာမဟုတ်ဘူး၊ ကျနော့အကိုဟာ ရဲမှာတမျိုး၊ တရားရုံးမှာတမျိုး ထွက်ဆိုတာမဟုတ်ဘူးဆိုတာကို တိုက်ဆိုင်စစ်ဆေးပြီးမှ ပေါ်လွင်လာတာ ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ သူဟာ ထွက်ဆိုချက်တခုအပေါ်မှာပဲ ခိုင်ခိုင်မာမာ ရပ်တည်သွားတယ်ဆိုတာ ပေါ်လွင်ထင်ရှားသွားတဲ့အတွက် ကျနော်တို့က ဝမ်းသာပါတယ်” ဟု ပြောသည်။
ဒုရဲမှူးမိုးရန်နိုင်အနေဖြင့် ဧပြီ ၂၀ ရက်နေ့ရုံးချိန်းတွင် သတင်ထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား အမှုဆင်ဖမ်းဆီးရန် ရဲမှူးချုပ် တင်ကိုကို ဦးစီးကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ချ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
Reuters ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က “ ထပ်စစ်ရင် ကောင်းတဲ့အချက်တွေ ထပ်ပြီးပေါ်လာနိုင်ပါတယ်၊ အမှုမှာ ကျနော်တို့အတွက် ပိုပြီး မျှော်လင့်ချက်ရှိလာပါတယ်။ သူ့ရဲ့ထွက်ချက်တွေက တော်တော်လေးအရေးကြီးတယ်” ဟု ပြောသည်။
လက်ရှိတွင် ဒုရဲမှူး မိုးရန်နိုင်သည် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၆(ခ)/၂၂ (အမိန့်၊ တာဝန်မလိုက် နာမှု)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁ နှစ် ချမှတ်ခံထားရပြီး အင်းစိန်းအကျဉ်းထောင်သို့ လွဲပြောင်းပို့ဆောင်ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးကြီးမျိုးသူစိုးက ပြောထားသည်။
ပြစ်ဒဏ်ချမှတ်မခံရမီ ဒုရဲမှူး မိုးရန်နိုင်အနေဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညမှ စတင်ကာ မိသားစုများနှင့် တွေ့ဆုံခွင့်မရရှိဘဲ ရဲတပ်ရင်းအချုပ်တွင် ရက်ပေါင်း ၁၂၀ ကျော်ကြာ ထိန်းသိမ်းခံခဲ့ရကြောင်းလည်း သိရသည်။
၎င်းအတူ ဖမ်းဆီးခံထားရသည့် တပ်ကြပ်ကြီး ခင်မောင်လင်းအား ရဲတရားရုံးတွင် စစ်ဆေးနေဆဲအဆင့်သာ ရှိနေသေးကြောင်းလည်း ရဲမှူးကြီး မျိုးသူစိုးက ပြောသည်။
တရားရုံးမှ ဒုရဲမှူးမိုးရန်နိုင်အား သက်သေအဖြစ်ဆက်လက်စစ်ဆေးရန် ဆုံးဖြတ်ခဲ့သည့်အတွက် ဝမ်းသာမိကြောင်းနှင့် ၎င်းတို့အား မတရားဖမ်းဆီးခဲ့သည့်လုပ်ရပ်များမှာလည်း မကြားခင်အမှန်တရားပေါ်ပေါက်တော့မည်ဖြစ်ကြောင်း ဖမ်းဆီးခံထားရသည့် သတင်းထောက် ကိုဝလုံးက တရားရုံးမှအပြန်တွင် ပြောခဲ့သည်။