တိုင်ကြားစာများကြောင့် တာဝန်မကျေပွန်သော တရားသူကြီးများ အပါအဝင် တရားရေး ဝန်ထမ်းဦးရေ ၁၆၀ ခန့်ကို ၂၀၁၇ ခုနှစ် အတွင်း အရေးယူခဲ့ကြောင်း ၂၀၁၇ ခုနှစ် တရားရုံး အစီရင်ခံစာ စာအုပ်တွင် ဖော်ပြထားသည်။
ယနေ့ နေပြည်တော်ရှိ MICC – 2 တွင် ၂၀၁၇ ခုနှစ် တရားရုံး နှစ်စဉ် အစီရင်ခံစာ စာအုပ် မိတ်ဆက်ရှင်းလင်းပွဲကို ကျင်းပခဲ့ပြီး ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောဆိုခဲ့သည်။
ဝန်ထမ်း အဖြစ်မှ ထုတ်ပယ်ခံရသူ ၃ ဦး ရှိပြီး မြို့နယ် တရားသူကြီး ၁ ဦး၊ ဒုတိယ မြို့နယ် တရားသူကြီး ၁ ဦးနှင့် ဦးစီး အရာရှိ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။
“အဲဒီမှာ လစာလျှော့ခြင်း၊ ရာထူးတိုး ရပ်ဆိုင်းခြင်း၊ အဆင့်လျှော့ချခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်းခြင်း၊ ဝန်ထမ်း အဖြစ် မှ ထုတ်ပယ် ခြင်းတွေ ရှိခဲ့ပါတယ်။ ဝန်ထမ်းပိုင်းဆိုင်ရာ အရေးယူမှုမှာ အရာထမ်း စုစုပေါင်း ၈၈ ယောက်နဲ့ အမှုထမ်း စုစုပေါင်း ၇၂ ယောက်ကို အရေးယူခဲ့ပါတယ်”ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ အပြည်ပြည် ဆိုင်ရာ သုတေ သန နှင့် ဆက်ဆံရေးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးဇော်ဇော်ထွန်းက သတင်းထောက်များကို ပြောသည်။
တရား စီရင်ရေးဆိုင်ရာ ကိစ္စနှင့် ပတ်သက်၍ အရေးယူခံရသူ ညွှန်ကြားရေးမှူးချုပ် တဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ၂ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားရေး ဦးစီးမှူး ၂ ဦး၊ ဒုတိယ ညွှန် ကြားရေးမှူး ၄ ဦးနှင့် ခရိုင် တရားသူကြီး ၆ ဦး တို့ အပါအဝင် စုစုပေါင်း ၃၃ ဦး အထိ ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
သတင်းစာ ကြေညာချက်တွင် မှားယွင်းဖော်ပြမိ၍ အရေးယူခံရသူ ၂၇ ဦး၊ တရားစီရင်ရေးကိစ္စနှင့် မသက်ဆိုင်ဘဲ အရေးယူခံရသူ ၁၉ ဦး၊ ရာထူးတိုး ရပ်ဆိုင်းခြင်း ခံရသူ ၅ ဦး၊ ရာထူးအဆင့် လျှော့ချခြင်း ခံရသူ ၁ ဦး၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း ခံရသူ ၃ ဦး၊ တရားစီရင်ရေး ကိစ္စနှင့် သက်ဆိုင်သူ ၃၃ ဦး စုစုပေါင်း ၈၈ ဦး ရှိနေသည်။
၂၀၁၇ ခုနှစ်အတွင်း အရေးယူခံရသည့် တရားရေး အမှုထမ်း ၇၂ ဦးတွင် ဌာနခွဲစာရေး ၃ ဦး၊ အကြီးတန်း စာရေး ၂၄ ဦး၊ ယာဉ်မောင်း တဦး၊ အငယ်တန်း စာရေး ၁၈ ဦး၊ အငယ်တန်း လက်နှိပ်စက် ၅ ဦး၊ ရုံးအကူ ၆ ဦး၊ ရုံးအကူ/စာပို့ ၁၀ ဦး နှင့် ရုံးစောင့် ၅ ဦးတို့ရှိရာ ဝန်ထမ်းအဖြစ်မှ နုတ်ထွက်ခဲ့ရသူ ၂၁ ဦး ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က “အဲဒါတွေက ပြည်သူမသိဘူး။ သူတို့ဟာသူတို့ ထုတ်ပြန်နေတာ။ ပြည်သူသိအောင် သတင်းစာတွေထဲမှာ ကြေညာပေးရမယ်။ အများသိအောင် ထုတ်ပြန်ပေးရမယ်။ တရားရုံးက ဝန်ထမ်း တွေ လေးစားလာအောင်။ အဲဒါတွေ မလုပ်ဘဲ သူတို့ဟာသူတို့ လျို့ဝှက်ပြီးတော့ လုပ်နေတာ။ ၁ နှစ်ပေါင်း ထုတ်တာတို့၊ ၂ နှစ်ပေါင်း ထုတ်တာတို့ မဖြစ်ရဘူး။ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးရမှာ”ဟု ပြောသည်။
တရားရုံးချုပ်က အပြောင်းအလဲများကို မည်သို့ ဆောင်ရွက်နေသည် ဖြစ်စေ အောက်ခြေ၌ အပြောင်းအလဲ မဖြစ် ကြောင်း နှစ်ပေါင်း ၃၀ ခန့် ပျက်စီးနေမှုများသည် ယနေ့အချိန်အထိ တိုးတက်လာမှု မရှိသေးကြောင်း၊ အဓိက အကြောင်းရင်းမှာ လည်း လုပ်ခလစာနှင့် မလုံလောက်ခြင်း၊ အဂတိလိုက်စားမှုများ ရှိနေခြင်းတို့ကြောင့် ထိရောက်သည့် ပြစ်ဒဏ် ချမှတ် ခြင်းမျိုး မတွေ့ကြောင်း ၎င်းက ပြောပြသည်။
ဦးကြီးမြင့်က ဆက်လက်၍ “အခုလို လုပ်တယ်ဆိုရင် ဘယ်သူ့ကို ဘယ်လို အရေးယူတာလဲ။ ဘယ်တရားသူကြီးကို ယူတာလဲ။ အောက်က စာရေး လေးတွေကို ယူတာလား။ ဘာပြစ်ဒဏ်တွေ ပါလဲ။ သတိပေးတာလား။ အဲဒီလောက် ဆိုရင်တော့ ဘာလုပ်မှာလဲ။ ပြည်သူသိအောင် အရေးယူပြီ ဆိုရင်လည်း ထုတ်ပြန်ပေးရမယ်။ အဲဒါတွေ မကြေညာဘဲ စာရင်းလောက် ထုတ်ပြန်တာတော့ ပြည်သူက ယုံမှာလည်း မဟုတ်ဘူး”ဟုလည်း ပြောဆိုသည်။
ယခုကဲ့သို့ တရားရုံး နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်ခြင်းကို ပြီးခဲ့သည့်နှစ်၌ ၂၀၁၆ ခုနှစ်အတွက် ၁ ကြိမ် ထုတ်ပြန် နိုင် ခဲ့ပြီး တရားစီရင်ရေး လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာမှုရှိရှိ၊ တာဝန်ခံနိုင်မှု ရှိစေရန်၊ တရားရုံးများ လုပ်ငန်း ဆောင် ရွက် မှုများကို အကဲဖြတ်နိုင်စေရန်၊ တရားရုံးများ၏ စွမ်းဆောင်ရည်ပိုမို မြင့်မားလာစေရန်နှင့် တရားစီရင်ရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှုများ အတွက် ပြည်သူများ ပိုမိုသိရှိစေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း တရားရေး အရာရှိ များက ပြောသည်။
အစီရင်ခံစာ၌ ၂၀၁၇ ခုနှစ်အတွင်း တနိုင်ငံလုံးတွင် မုဒိမ်းမှု ၁၉၃၀၊ လူသတ်မှု ၁၂၁၄ မှု၊ မူးယစ်ဆေးဝါးမှု ၉၀၅၂ မှု၊ လူကုန်ကူးမှု ၁၉၁ မှု၊ အခြားအမှု ၉၆၃၀၇ မှု ရှိကြောင်း၊ လူသတ်မှု အများဆုံး ဖြစ်ပွားသည့် တိုင်းမှာ မန္တလေးတိုင်း ဖြစ်ပြီး မုဒိမ်းမှု အများဆုံးတိုင်းမှာ ဧရာဝတီတိုင်း ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး အမှုမှာ ကချင်ပြည်နယ်တွင် အများဆုံး ဖြစ်ကြောင်း ဖော်ပြထားသည်။