ကျန်းမာရေး အနှိပ်ခန်းများ တရားဝင်ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းအတွင်း ညှိနှိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မေလ ၂ ရက်က ပြုလုပ်သည့် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့၌ ကေတီဗွီများ၊ အနှိပ်ခန်းများကို ခွင့်ပြုလိုင်စင်ထုတ်ပေးမှုများနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ မေးခွန်းမေးမြန်းမှုကို အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။
ဦးမြင့်သောင်းက “စနစ်တကျ တိုင်းရင်းဆေးပညာအရ အနှိပ်ခန်းများဟာ လိုအပ်တယ်ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်း များက ညှိနှိုင်းပြီး ဆောင်ရွက်သင့်တာမို့ ကျနော် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ မြို့တော်ဝန်၊ စည်ပင် သာယာရေးဝန်ကြီးနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားပါမယ်” ဟု ဆိုသည်။
အနှိပ်ခန်းများကို တရားမဝင် ဖွင့်လှစ်နေခြင်းက အညှီအဟောက်လုပ်ငန်းများနှင့် အဂတိလိုက်စားမှုများ ဖြစ်ပေါ်စေသဖြင့် အနှိပ်ခန်းများကို တရားဝင်ဖွင့်လှစ်ခြင်း နည်းလမ်းဖြင့် ထိန်းကျောင်းရန် အစီအစဉ် ရှိမရှိကိုလည်း တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးရန်ရှင်းက နောက်ဆက်တွဲ မေးခွန်း မေးမြန်းခဲ့သည်။
“အနှိပ်ခန်းတွေဟာ အရင်ကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။ တရားမဝင်ဘူးလည်း ပြောပါတယ်။ ဖမ်းတယ်လည်း ပြောပါ တယ်။ ဒါပေမယ့် အနှိပ်ခန်းတွေဟာ ဘယ်တော့မှ မပျောက်ဘဲ အမြဲတမ်း ပြန်ပြန်ပြီး ပေါ်နေတာ ဖြစ်ပါတယ်။ အနှိပ်ခန်း တွေကို တရားမဝင်လုပ်ထားတာဟာ အဂတိလိုက်စားမှုကို အားပေးသလို ဖြစ်နေပါတယ်” ဟု ၎င်းက မေးမြန်းသည်။
အနှိပ်ပညာကို စနစ်တကျသုံးစွဲပြီး ထိန်းကျောင်းကြီးကြပ်သွားပါက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများအတွက် အကျိုးရှိမည် ဖြစ်သကဲ့သို့ တိုင်းရင်းဆေးပညာကိုလည်း ဖော်ထုတ်ခွင့်ရမည်ဖြစ်သည်ဟု ဆိုသည်။
ဆက်လက်ပြီး ဦးရန်ရှင်းက “အခု ပြည်သူလူထုက ဝေဖန်ပြီးတော့ ပြောနေတဲ့ ကိစ္စတွေဟာ တရားမဝင် ချောင်ကြို ချောင် ကြားမှ ဖွင့်ပြီး တရားဥပဒေစိုးမိုးမှု အားနည်းတဲ့အတွက် သွားတဲ့သူတွေအတွက် မကောင်းသလို မိန်းကလေး တွေဟာ လည်း ဥပဒေကာကွယ်မှု အားနည်းပြီး ပျက်ဆီးကုန်တာတွေ တွေ့ရပါတယ်”ဟု ဆိုသည်။
ကေတီဗွီများကို ဗွီဒီယိုလုပ်ငန်း စိစစ်ကြပ်မတ်ရေး လုပ်ငန်းက စိစစ်ခွင့်ပြုလျက်ရှိပြီး လက်ရှိအခြေအနေတွင် အနှိပ်ခန်း များကို တရားဝင် ခွင့်ပြုပေးခြင်း မရှိသေးသော်လည်း ဆံပင်ညှပ်နှင့် အလှပြင် လုပ်ငန်းများ၊ မျက်မမြင်များ အလုပ်အကိုင် ရရှိစေရန် မျက်မမြင် အကြောပြင် လုပ်ငန်းများ၊ ခြေထောက်ဆေးစိမ် လုပ်ငန်းများကိုသာ ခွင့်ပြုထားပြီး ဟိုတယ်နှင့် မို တယ်များတွင် ဖွင့်လှစ်ထားသော အနှိပ်ခန်းများရှိခဲ့လျှင် စည်ပင်သာယာရေး ကော်မတီမှ ခွင့်ပြုထားခြင်း မရှိကြောင်း စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက ရှင်းလင်းပြောကြားသည်။
ဦးမြင့်သောင်း က “ကေတီဗွီလုပ်ငန်းတွေကို ရန်ကုန်တိုင်းဒေသကြီး ဗွီဒီယိုလုပ်ငန်း စိစစ်ရေး ကော်မတီက ခွင့်ပြုပေး လျက်ရှိပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ကတော့ Foot Massage, Oil Massage, Body Massage၊ ဟိုတယ် မိုတယ်နဲ့ အချို့နေရာများတွင် အနှိပ်ခန်း (မာဆတ်)များ ဖွင့်လှစ်ထားတာကို တရားဝင်ခွင့်ပြုပေးခြင်း မရှိသေးပါဘူး”ဟု ပြောကြားခဲ့သည်။
ခြေထောက်ဆေးစိမ် လုပ်ငန်း၊ ဆံပင်ညှပ်နှင့် အလှပြင်ဆိုင်များကို ဖွင့်လှစ်ခွင့်ပြုရာတွင် ပတ်ဝန်းကျင်က သဘောတူခြင်း ရှိ၊ မရှိ၊ သီးသန့်အခန်း များ ဖွင့်လှစ်ထားခြင်း ရှိ၊ မရှိ ကို စစ်ဆေးပြီးမှ ခွင့်ပြုကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။
ထို့ပြင် ဆံပင်ညှပ်နှင့် မျက်နှာအလှပြုပြင်ခြင်း၊ ခြေထောက်ဆေးစိမ်ခြင်း စသည့် လုပ်ငန်းမှ လွဲပြီး ခွဲစိတ်ခြင်း၊ ခန္ဓာကိုယ် အလှပြုပြင်ခြင်း၊ ရေချိုးခန်း ဖွင့်လှစ်ခြင်း၊ နင်းနှိပ်ခြင်းများ မပြုလုပ်ကြောင်း ခံဝန်ချက်၊ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ လျှပ်စစ်နှင့် မီးသတ် ထောက်ခံချက် ရှိ/မရှိ၊ စည်ပင်မြေပေါ်မှာ ကျူးကျော်ခြင်းရှိ/မရှိ စစ်ဆေးပြီးမှ ခွင့်ပြုကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။