ကချင်ပြည်နယ်၌ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)တို့ အကြား ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရာလမ်းတွင် ပိတ်မိနေသဖြင့် ကယ်ထုတ်ရမည့် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၃ ထောင် ကျော်ရှိနေသည်ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စာရင်းများအရ သိရသည်။
KBC မှ တာဝန်ခံတဦး ဖြစ်သည့် ဦးခါးလီက “ရှငေါ် RC၊ KBCနဲ့ ခဝမ်ကတော့ မလုံခြုံသေးဘူး။ အဲဒီနေရာမှာ တိုက်ပွဲလည်း မကြာခဏ ဖြစ်နေတယ်။ ချီဖွေလမ်းမှာလည်း မကြာခဏ လမ်းပြတ်တောက်တာတို့ သွားခွင့် မပြုတာတို့ အတွေ့ အကြုံတွေရှိတော့ ဒေသခံတွေလည်း သိကြလို့ မြို့ပေါ်မှာ လာချင်နေကြတယ်။ နောက်လိုင်နောင်ခူးနဲ့ အောင်လော့ဒ် ကျေးရွာ၊ အင်ဂျန်းယန် ၁၆ မိုင်ကျေးရွာမှာ ပိတ်မိနေသူ တွေလည်း မလုံခြုံသေးဘူး” ဟု ပြောသည်။
ဧပြီလ ၁ လတည်းအတွင်း၌ တနိုင်း၊ ကာမိုင်း၊ နမ္မတီး၊ ဝိုင်းမော်၊ ချီဖွေနှင့် အင်ဂျန်းယန် အစရှိသော မြို့နယ်တို့အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသည့် စစ်ဘေးရှောင် ဒုက္ခသည် ၆၁၀၀ ကျော် တိုးလာသည်။
တိုးလာသည့် စစ်ဘေးရှောင်များအနက် စစ်ဘေးရှောင် ဒုက္ခသည် ၂၈၀၀ ခန့်မှာ လုံခြုံသည့် မြစ်ကြီးနားမြို့နယ်နှင့် နမ္မတီးမြို့နယ်တို့ရှိ ဘာသာရေးကျောင်းများတွင် ခိုလှုံနေပြီး စစ်ဘေးရှောင် ဒုက္ခသည် ၃၃၉၀ ခန့်မှာ လုံခြုံမှု မရှိသည့် နေရာတွင် ပိတ်မိနေဆဲဖြစ်သည်။
ပိတ်မိနေသူများမှာ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တို့အကြား တိုက်ပွဲများကြောင့် နေအိမ်များကို စွန့်ခွာပြေးရင်း လမ်းတွင် ပိတ်မိနေသူများဖြစ်ပြီး တချို့မှာ မပြေးရန် တပ်မတော်က တားမြစ်ထားသဖြင့် တိုက်ပွဲဖြစ်သည့် ဧရိယာအနီးတွင် နေထိုင်နေရခြင်း ဖြစ်သည်ဟု ဦးခါးလီက ပြောသည်။
လိုင်နောင်ခူးဒေသတွင် ပိတ်မိနေသူတဦးက “အခြေအနေကလည်း မငြိမ်သက်ဘူး။ ကျနော်တို့ ထွက်ပြေးဖို့ လုပ်တာ လည်း တပ်မတော်စစ်ကြောင်းတွေက ရှိနေတယ် မပြေးခိုင်းဘူး။ စားဖို့သောက်ဖို့လည်း အခက်အခဲ ရှိတယ်။ တကယ်ဆို ကျနော်တို့လည်း လုံခြုံတဲ့ နေရာကို ပြောင်းချင်တယ်” ဟု ပြောသည်။
ဝိုင်းမော်မြို့နယ်၊ ရှငေါ်ကျေးရွာနှင့် ခဝမ်ကျေးရွာရှိ ဘာသာရေးကျောင်း ၃ ခုတွင် ခိုလှုံနေပြီး ထိုနေရာတွင် မလုံခြုံသဖြင့် မြစ်ကြီးနား (သို့) ဝိုင်းမော်မြို့ပေါ်သို့ ပြောင်းရွှေ့လိုသည့် စစ်ဘေးရှောင် ဒုက္ခသည် ၃၂၀ ဦးရှိပြီး ချီဖွေမြို့နယ်ရှိ ကချင် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည် ၄၁၀ ဦးမှာလည်း ဘေးကင်း လုံခြုံသည့် နီးစပ်ရာ မြို့ပေါ်တွင် ခိုလှုံလိုကြောင်း သိရသည်။
ထို့ပြင် တနိုင်းမြို့နယ်၊ အောင်လော့ဒ်ကျေးရွာမှ စစ်ဘေးရှောင်ဒုက္ခသည် ၂ ထောင်ခန့်မှာလည်း ဧပြီလ ၁၁ ရက်မှစ၍ တောအတွင်း ပိတ်မိနေပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အခက်အခဲဖြစ်နေသည်ဟု ဦးခါးလီက ဆိုသည်။
ကာမိုင်းမြို့နယ်ခွဲ လိုင်နောင်ခူး (မံဝေ) ဒေသတွင်လည်း စစ်ဘေးရှောင် ဒုက္ခသည် ၁၆၀ ဦး ထွက်ပြေးမရဘဲ ပိတ်မိနေ သည့် အပြင် အင်ဂျန်းယန်မြို့နယ် ၁၆ မိုင် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသူ စစ်ဘေးရှောင် ဒုက္ခသည် ၅၀၀ မှာလည်း မလုံခြုံသည့် နေရာတွင် ရှိနေသဖြင့် ကယ်ထုတ်ရမည့် စာရင်းထဲတွင် ပါရှိသည်ဟု ၎င်းက ပြောသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဧပြီလအတွင်း တိုးလာသည့် စစ်ဘေးရှောင်ဒုက္ခသည်များကို ဧပြီလ ၂၈ ရက်က ဝေသည့် လက်ကမ်းစာစောင်ထဲတွင် ယခု ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ KIA အကြမ်းဖက် သောင်းကျန်းသူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ပြီး ပြည်သူများကို တိုက်ခိုက်ခြင်း မဟုတ်သဖြင့် ပြေးနေကြသူများ နေရပ်သို့ ပြန်လာရန် ကချင် ဘာ သာ၊ မြန်မာဘာသာတို့ဖြင့် ရေးသားထားသည်။
ထို့ပြင် လိုင်နောင်ခူး (မံဝေ) ဒေသမှ ဒေသခံများ နေရပ်ပြန်လာသဖြင့် တပ်မတော်မှ စားနပ်ရိက္ခာနှင့် အိမ်သုံးပစ္စည်းများ ထောက်ပံ့ပေးထားကြောင်း ဓာတ်ပုံများနှင့်တကွ လက်ကမ်းစာစောင်တွင် ဖော်ပြထားပြီး အခြားဒေသမှ ဒေသခံများ နေ ရပ်ပြန်လာပါက တပ်မတော်မှ ထိုကဲ့သို့ ထောက်ပံ့ပေးမည် ဖြစ်ကြောင်းလည်း ရေးသားထားသည်ကို တွေ့ရသည်။
လိုင်နောင်ခူး ဒေသခံများကမူ လုံခြုံသည့် နေရာကို ထွက်ပြေးလိုပြီး ထွက်ပြေးမရ ဖြစ်နေကြောင်း ဧရာဝတီကို ပြောသည်။
KBC မှ တာဝန်ခံ ဦးခါးလီက “နိုင်ငံတော်အစိုးရရော တပ်ပိုင်းဆိုင်ရာ လူကြီးတွေရော ပြည်သူတွေ နေချင်တဲ့နေရာမှာ နေ လို့ရအောင် ကိုယ့်နိုင်ငံသားတွေပဲ ဘယ်နေရာ ရောက်ရောက် ပြည်သူတွေပဲ။ သူတို့လုံခြုံတယ်လို့ ထင်တဲ့ နေရာကိုသွား ခွင့်ပေးဖို့ ခွင့်ပြုသင့်ပါတယ်လို့ ကျနော်တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။
KBC တာဝန်ခံများ အပါအဝင် အခြားဘာသာရေးဆရာများ စုပေါင်းကာ ကချင်ပြည်နယ်အစိုးရနှင့် ညှိနှိုင်းသော်လည်း ကယ်ထုတ်ရန် ခွင့်မပြုကြောင်း ဦးခါးလီက ဆိုသည်။
ပိတ်မိနေသူများ လွတ်မြောက်ရေးအတွက် ဧပြီလ ၃၀ ရက်က ကချင်လူငယ်များ ဦးဆောင်ပြီး လူထုအင်အား ၅ ထောင် ခန့်က မြစ်ကြီးနား မြို့ပတ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ကချင်လူငယ် ၁၀၀ ကျော်က ပိတ်မိသူများ မလွတ်မချင်း ဆန္ဒပြမည်ဟုဆိုကာ ထိုင်သပိတ်စခန်းကိုလည်း ဧပြီလ ၃၀ ရက်တည်းက ဖွင့်လှစ်ထားသည်။
ယနေ့ မနက်ပိုင်းတွင်လည်း ကချင်လူငယ်များက မြစ်ကြီးနားမြို့၌ ဆန္ဒထုတ်ဖော် လျက်ရှိသည်။
ဧပြီလ ၂၇ ရက်ကလည်း မြစ်ကြီးနား ခရစ်ယာန်အသင်းတော်များကောင်စီမှ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစု ကြည်ထံသို့ လိပ်မူပြီး ပိတ်မိနေသူများ နေထိုင်ရေး ခက်ခဲနေပြီး လွတ်မြောက်လာစေရန် အမြန်ဆုံး လမ်းညွှန်ကူညီပေး ပါဟု တောင်းဆိုသည့် စာတစောင်ကို ပေးပို့ထားသည်။