ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စိန့်ဂျိုးဆက် စစ်ဘေးရှောင်စခန်းသို့ မေလ ၂ ရက် ညပိုင်း၌ အင်ဂျန်းယန်မြို့နယ်မှ ထွက်ပြေးလာသော စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၃၀ အသစ် ထပ်တိုးသည်ဟု သတင်းရရှိသည်။
အဆိုပါ စစ်ဘေးရှောင်များမှာ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ဖြစ်ပွား နေသဖြင့် မေလ ၁ ရက်၌ ၎င်းတို့ နေထိုင်ရာ အင်ဂျန်းယန်မြို့နယ်၊ အင်ဝိုင်းကောင့်ကျေးရွာမှ တောလမ်းအတိုင်း ခြေလျင် လျှောက်ကာ ထွက်ပြေးလာခဲ့သူများ ဖြစ်သည်။
ထိုသို့ ထွက်ပြေးရာ လမ်း၌ ဝိုင်းမော်မြို့နယ်ရှိ ဘာသာရေး ဆရာများကို ဖုန်းနှင့် ဆက်သွယ်ပြီး စိန့်ဂျိုးဆက် စစ်ဘေးရှောင် စခန်းသို့ ရောက်လာကြခြင်း ဖြစ်သည်။
စိန့်ဂျိုးဆက် စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးဂွမ်ဆိုင်းက “သူတို့ ၁ နာရီလောက်မှာ ဒီဘက်ကမ်း ကူးလာပြီ လာကြိုပါဆို တော့မှ ကျနော်တို့ နေ့လည် ၃ နာရီလောက် တက်သွားတယ်။ ကားကလည်း ကြီး၊ လမ်းကလည်း မကောင်းဆိုတော့ ဖြည်းဖြည်းချင်း သွားရတာ ဟိုမှာ ည၇ နာရီခွဲမှ ရောက်တယ်။ ဟိုကနေ ပြန်လာတာ စခန်းကို (မေ၂ ရက်) ည ၁၁ နာရီ ၁၅ လောက်မှာ ရောက်တယ်” ဟု ပြောသည်။
ရွာမှ စွန့်ခွာရန် စီစဉ်သည့် အချိန်၌ ရွာအတွင်း ခင်မင်သူများနှင့် တိုင်ပင်ကာ စုစုပေါင်း ၂၄ ဦး ပြေးလာခြင်း ဖြစ်ပြီး ရွှေတူး ဖော်သည့်လုပ်သား ၆ ဦးမှာလည်း ထွက်ပြေး၍ မရဘဲ ပိတ်မိနေသဖြင့် ရွာသူရွာသားများနှင့် အတူစုမိသဖြင့် စုစုပေါင်း လူဦးရေ ၃၀ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ မပြေးခင် အင်ဝိုင်းကောင့် ကျေးရွာအတွင်းမှ လက်နက်ကြီးပစ်သံများ၊ သေနတ်သံများ ကြားနေရပြီး တိုက်ပွဲများ ကြောင့် တနိုင်းမြို့နယ်၊ အောင်လောဒ့် ကျေးရွာတွင် ပိတ်မိနေသူ ၂ ထောင်၏ သတင်းအား ကြားရသဖြင့် ၎င်းတို့လည်း ပိတ်မိမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးကြရန် တိုင်ပင်ခဲ့ကြခြင်း ဖြစ်ကြောင်း စစ်ဘေးရှောင်လာသူများက ပြောသည်။
ထွက်ပြေးလာသူ တဦးဖြစ်သည့် ဦးဇော်အောင်က “စစ်သားတွေက နင်တို့ဘက်မှာ မလိုဘူး။ မထွက်ပြေးနဲ့လို့ ပြောတယ်။ ဒါပေမယ့် အခြေအနေက ပိုဆိုးလာတယ်။ ရဲဘော်အသစ်တွေလည်း အများကြီး ရောက်လာတယ် ။ နောက် ဂွေထော်လမ်း မှာ ပိတ်လိုက်တယ်။ ကျနော်တို့လည်း ကြောက်လို့ တောကနေ ပြေးလာခဲ့တာ မနေ့ညက တောမှာ အိပ်တယ်။ လမ်းမှာ ဒုက္ခတော်တော်လေး ကြုံခဲ့ရတယ်” ဟုပြောသည်။
ဦးဇော်အောင်က ၎င်း၏ ဇနီးနှင့် သားသမီးများ ဖြစ်ကြသော ၆ နှစ်အရွယ် သားတဦး၊ ၃ နှစ်အရွယ် သမီးတဦးတို့နှင့် အတူ ပြေးလာခြင်း ဖြစ်သည်။
ပြေးလာသည့် တောလမ်း၌ လူသွားလမ်း ဖောက်လုပ်ထားခြင်း မရှိသဖြင့် တောတိုးလာခဲ့ကြရာ ကလေးများအနေဖြင့် အခက်အခဲများတွေ့ရကြောင်း၊ အမိုးအကာများ မပါလာဘဲ မိုးရွာသဖြင့် ညအိပ်ရာ၌လည်း ခက်ခဲခဲ့ကြောင်း ဦးဇော်အောင်က ပြောသည်။
ဦးဇော်အောင်က “အရင်ကတိုက်ပွဲတွေဖြစ်ရင် တခြားနေရာတွေမှာ ကြားဖူးတာက မပြေးနဲ့ မရှောင်နဲ့ပြောပြီး နောက် ဖမ်း ချုပ် ပစ်သတ်တာတွေ ကြားရတယ်။ အဲဒီလိုမျိုး KIA စစ်သားတွေလို့ ထင်ပြီး ဖမ်းမှာကိုလည်း စိုးရိမ်တယ်။ ဒါပေမယ့် ဖမ်း ရင်လည်း မတတ်နိုင်ဘူး။ ဒီမှာနေပြီး ဖမ်းခံရမယ့် အတူတူ ထွက်ပြေးရအောင် ဆိုပြီး ထွက်လာတာပါ” ဟု ပြောသည်။
စိန့်ဂျိုးဇက် စစ်ဘေးရှောင်စခန်းသို့ ရောက်လာကြသူများမှာ အဝတ်အစား အနည်းငယ်နှင့် တနိုင်တပိုင် အထုပ်များသာ သယ်လာကြပြီး ပြေးကြခြင်း ဖြစ်သည်။
စခန်းတာဝန်ခံ တဦးဖြစ်သည့် ဦးဝိုင်းဒူက “သူတို့ မတိုင်ခင်ကလည်း မိသားစု ၂ စု ပြေးလာသေးတယ်။ ဒီမှာပဲ နေရာချ ထားပေးတယ်” ဟု စစ်ဘေးရှောင်လာသူများ အကြောင်းကို ပြောသည်။
စိန့်ဂျိုးဇက် စစ်ဘေးရှောင်စခန်းသည် ၂၀၁၁ ခုနှစ် ဇွန်လက တပ်မတော်နှင့် KIA တိုက်ပွဲများ စတင် ဖြစ်ပွားစဉ်ကတည်း က ဖွင့်လှစ်ထားခြင်းဖြစ်ပြီး စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ ၁၅၀၀ ကျော် နေထိုင်လျှက်ရှိသည်။
ယခုထပ်မံ အသစ်ရောက်လာသူ စစ်ဘေးရှောင်ဒုက္ခသည် ၃၀ ဦး အတွက် မူရင်းရှိပြီးသား စစ်ဘေးရှောင် ဒုက္ခသည် ၁၅၀၀ ကျော်မှ ဆန် ၈ အိတ်နှင့် ငွေကျပ် ၁ သိန်း လှူဒါန်းထားကြောင်း သိရသည်။
စိန့်ဂျိုးဆက် စစ်ဘေးရှောင်စခန်းသို့ ရောက်လာသည့် ဒုက္ခသည် ၃၀ ဦးသည် နည်းပါးသည့် ပမာဏသာ ရှိပြီး အင်ဂျန်းယန် မြို့နယ်အတွင်း ထွက်ပြေးမရဘဲ ပိတ်မိနေသူ ၅၀၀ ကျော် ရှိနေသေးကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ သိရသည်။
ဧပြီလအတွင်း တပ်မတော်နှင့် KIA တို့ အကြား တိုက်ပွဲများကြောင့် တနိုင်း၊ နမ္မတီးမြို့၊ ကာမိုင်းမြို့နယ်ခွဲ၊ ဝိုင်းမော်၊ ချီဖွေ နှင့် အင်ဂျန်းယန် စသည့် မြို့နယ်တို့၌ စစ်ဘေးရှောင်ဒုက္ခသည် ၆၁၀၀ ခန့် တိုးလာပြီး ထိုအထဲမှ ၃၃၀၀ ကျော်မှာ ထွက် မပြေးနိုင်ဘဲ ပိတ်မိနေဆဲ ဖြစ်သောကြောင့် ဘာသာရေးအသင်း အဖွဲ့များက ကယ်ထုတ်နိုင်ရန် ဆောင်ရွက်လျှက်ရှိသည်။