ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးရန် အလားအလာရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က ဧရာဝတီ သို့ ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့နယ် ဝမ်ဟိုင်းဌာနချုပ်တွင် SSPP နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (PC) တို့အကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ရေးထိုးနိုင်ရေး အတွက် မေလ ၁ ရက်နေ့မှ ၂ ရက်နေ့ အထိ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က အကျိုးဆောင် အဖြစ် ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ပြီး ယင်းဆွေးနွေးပွဲကိုလည်း တက်ရောက် လေ့လာခွင့် ရရှိခဲ့ကြောင်း SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က ပြောသည်။
ဦးစိုင်းအိုက်ပေါင်း က “သူတို့က NCA ကိုမဆန့်ကျင်ဘူး။ လက်ခံတယ်။ NCA လမ်းကြောင်းကို သွားမယ်ဆိုတဲ့ သဘောထား ပြောတယ်။ NCA ထိုးဖို့ အလားအလာ ရှိတယ်လို့ မျှော်လင့်ရပါတယ်။ အခုက ပထမအကြိမ်ပဲ ရှိသေးတာကို နောက်ထပ် ပြန်တွေ့ကျရအုံးမယ်။ ဘယ်တော့ ဆိုတာတော့ သူတို့ အချင်းချင်းပဲ ညှိကြပါလိမ့်မယ်” ဟု ပြောသည်။
ထို့ပြင် ယခုဆွေးနွေးပွဲတွင် နှစ်ဘက်အကြား ယုံကြည်မှု တိုးတက်သည်ဟု ပြော၍ ရကြောင်းနှင့် SSPP အနေဖြင့် တတိယ အကြိမ် ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်ရန်အတွက် အစိုးရက ဖိတ်ကြားမည်ဆိုလျှင်လည်း တက်ရောက် သွားရန် သဘောထားရှိနေသည်ဟုလည်း ၎င်းက ပြောသည်။
SSPP နှင့် PC တို့ တွေ့ဆုံဆွေးနွေးပွဲတွင် PC ဘက်မှ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) တို့ ဦးဆောင်တက်ရောက်ခဲ့ပြီး SSPP ဘက်မှ ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခေးတိုင်း၊ နာယက ဗိုလ်ချုပ်ကြီး ဆေထင်၊ ဗိုလ်ချုပ် စိုင်းထူး၊ စဝ်ခွန်ဆိုင် တို့ တက်ရောက် ခဲ့ကြကြောင်းသိရသည်။
ထို့ပြင် ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အကျိုးဆောင်ပေးခဲ့သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ ဒုဥက္ကဋ္ဌ (၁) ဦးစိုင်းဆောင်ဆီ၊ ဒုဥက္ကဋ္ဌ (၂) ဦးစိုင်းလှကျော်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
PC ၏ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ က “ဆွေးနွေးမှု လုပ်ခဲ့တာအပြုသဘောဆောင်တယ်လို့ ကြားရတယ်။ နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါဝင်ဖို့ SSPP ကို ဖိတ်ခေါ်ခဲ့တယ်။ ဆွေးနွေးပွဲက တိုးတက်မှုရှိတယ်လို့ သိရပါတယ်” ဟု ပြောသည်။
နှစ်ဘက်တွေ့ဆုံမှု အခြေအနေနှင့်ပတ်သက်၍ SSPP မှ တာဝန်ရှိသူများကို မေးမြန်းရန် ဆက်သွယ်သော်လည်း မရရှိခဲ့ပေ။
SSPP သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် စုဖွဲ့ထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစုတွင် အဖွဲ့ဝင် အဖွဲ့အစည်းတဖွဲ့ အဖြစ်ပါဝင်ခဲ့ပြီး NCA စာချုပ် ဖြစ်ပေါ်လာရေး အတွက် ဆောင်ရွက်ခဲ့သည့် အထဲတွင်လည်း အစအဆုံး ပါဝင်ခဲ့သည်။
NLD အစိုးရလက်ထက် UNFC အဖြင့် အဆိုပြုသည့် အချက် ၈ ချက်အပေါ် ညှိနှိုင်းနေသည့် အချိန်အတွင်းမှာဘဲ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အတူ UNFC မှ နှုတ်ထွက်ခဲ့ပြီး “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တွင် ၂၀၁၇ ခုနှစ်အတွင်း က ပူးပေါင်းခဲ့သည်။
သို့သော်လည်း ၂၀၁၈ နှစ်ဆန်းပိုင်းတွင်တော့ UNFC တွင် အဖွဲ့ဝင် အဖြစ် ပြန်လည်ပူးပေါင်းနေသည်ကို တွေ့ရသည်။
SSPP သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် မရေးထိုးနိုင်သေးသော်လည်း ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ် သဘောတူစာချုပ်များကို ၂၀၁၂ ခုနှစ်က လက်မှတ် ရေးထိုးထားသည်။