မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် ကျဆင်းနေပြီး တပ်မတော်နှင့် အစိုးရတို့သည် မီဒီယာလွတ်လပ်ခွင့်အား ပိုမိုခြိမ်းခြောက် လာနေသည်ဟု ပြည်တွင်း သတင်းသမားများက ယူဆနေကြောင်း မကြာသေးမီက စစ်တမ်းတခုအရဆိုသည်။
လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နှင့် ဥပဒေပြုပြင်ပြောင်းလဲရေးများ အတွက်လှုပ်ရှားနေသော အဖွဲ့တဖွဲ့ ဖြစ်သည့် Free Expression Myanmar သည်၂၀၁၇ ခုနှစ်ဒီဇင်ဘာလမှ ၂၁၀၈ ခုနှစ်ဧပြီလအတွင်း သတင်းလောကတွင် လက်ရှိလုပ်ကိုင်နေသော သတင်းသမား ၂၀၀ ကို စစ်တမ်းကောက်ယူမှုပြုခဲ့သည်။
အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရသည် မီဒီယာလွတ်လပ်ခွင့်ကို ထူးကဲကောင်းမွန်သော ခြေလှမ်းများဖြင့် ပိုတိုးတက် ကောင်းမွန်စေလိမ့်မည်ဟု သတင်းသမားများ၏ မူလအစက အကောင်းမြင်ထားသော အမြင်များနေရာတွင် မည်သည့် ပြုပြင်ပြောင်းလဲမှုမှ မလုပ်ရုံသာမက သတင်းလွတ်လပ်ခွင့် အလုံးစုံသည် ပြိုလဲဖျက်ဆီးခံနေရသည်ဟူသော အမြင်များ အစားထိုးဝင်ရောက်လာကြောင်း ထိုစစ်တမ်းကောက် သုတေသနပြုချက်၏ ရလဒ်များ ကဆိုသည်။
“သတင်းသမားများသည် အစိုးရ၏ မီဒီယာလွတ်လပ်ခွင့် တိုးမြင့်စေရမည်ဆိုသော ရွေးကောက်ပွဲ ကြေညာစာတမ်း ကတိကဝတ်ကို အကောင်အထည် မဖေါ်နိုင်ခြင်းအပေါ် အားမရမချင့်မရဲဖြစ် စိတ်ပျက်နေကြသည်” ဟု ထိုအစီရင်ခံစာက ဆိုသည်။ ထိုအစီရင်ခံစာကို ၂၀၁၈ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ မတိုင်မီမေလ ၂ ရက်နေ့က ထုတ်ပြန်ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်က ထုတ်ပြန်သည့် ထိုရွေးကောက်ပွဲ ကြေညာစာတမ်းတွင် “ပြည်သူများ၏ နားနှင့် မျက်စိဖြစ်သော သတင်းမီဒီယာများသည် မိမိတို့ စောင့်ထိန်းအပ်သော ကျင့်ဝတ်၊ ဂုဏ်သိက္ခာများနှင့် အညီ လွတ်လပ်စွာရပ်တည်ပိုင်ခွင့် နှင့် သတင်းရယူဖော်ပြခွင့်အား ဖော်ဆောင်ပေးမည်” ဟုဖေါ်ပြထားသည်။
သို့သော် ၂၀၁၆ ခုနှစ် မတ်လတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်စတင်တာဝန်ယူချိန်မှစတင်ပြီး ပြည်တွင်း သတင်းဌာန အများအပြားကို တပ်မေတော် အပါအဝင် အာဏာရှိ အဖွဲ့အစည်းများက တရားရုံးသို့ပို့ဆောင်ခဲ့ကြသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အပါအဝင် နိုင်ငံတော် အစိုးရ လျှို့ဝှက်ချက် ဥပဒေနှင့် မတရားသင်း ဥပဒေ စသည့် ကိုလိုနီခေတ် ဥပဒေများအထိ ဥပဒေ အမျိုးမျိုးကိုလည်း သတင်းသမားများကို ဖိနှိပ်ရန်အတွက် လက်နက်သဖွယ် အသုံးချနေသည်။
သတင်းရယူ စုဆောင်းမှု၊ သတင်းရယူရန် ပဋိပက္ခဒေသတွင် သွားရောက်သောကြောင့် ဖြစ်စေ အစိုးရအရာရှိများကို ဝေဖန်သော ကြောင့်ဖြစ်စေ အမျိုးအမျိုးသော ဖိနှိပ်သည့် ဥပဒေများဖြင့် ၂၀၁၇ ခုနှစ် အတွင်း သတင်းသမားအနည်းဆုံး ၁၁ ဦး ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။
သတင်းသမားများနှင့် အယ်ဒီတာများ အကြား အမှုအခင်းများဖြစ်မည်ကို နေ့စဉ် စိုးရိမ်နေရမှုက မိမိသတင်းကို မိမိကိုယ်တိုင် ဆင်ဆာပြန်လုပ်နေမိခြင်း (self censorship) ကိုဖြစ်စေသည်ဟု PEN Myanmar မှ အတွင်းရေးမှူး ဦးဟန်ဇော်က ပြောသည်။
“သတင်းလွတ်လပ်ခွင့် ကျဆင်းနေတယ်ဆိုတာ ဒီအချက်ကလည်း သိသာတဲ့ အချက်တချက်ပဲ” ဟု ဦးဟန်ဇော်က ပြောသည်။
လွန်ခဲ့သော တနှစ်က ထက် ၎င်းတို့တွင် သတင်း လွတ်လပ်ခွင့် ပိုမိုလျှော့နည်းလာသည်ဟု ထင်ကြောင်း စစ်တမ်းတွင် ပါဝင်သူ သတင်းသမားများ၏ ၄၉ ရာခိုင်နှုန်းက ဖြေပြီး ၄၁ ရာခိုင်နှုန်းကမူ ၎င်းတို့သည် ယခင်နှစ်က အတိုင်းအတာအထိ လွတ်လပ်ခွင့်ရသည်ဟု ဖြေသည်။ ၁၁ ရာခိုင်နှုန်းကသာ လွတ်လပ်ခွင့် ပိုမိုရရှိသည်ဟု ဖြေကြသည်။
စစ်တပ်အပါအဝင် အစိုးရသည် ပြင်ဆင်ရန် လုံးဝအစီအစဉ်မရှိသော ဖိနှိပ်ရေးဥပဒေ အဟောင်းများကို ဆက်လက် အသုံးပြုနေသလို၊ ဖိနှိပ်ကန့်သတ်ချက် အသစ်များကိုလည်း ထပ်မံချမှတ်နေခြင်းအားဖြင့် မြန်မာနိုင်ငံ၏ မီဒီယာ လွတ်လပ်ခွင့်ကို အကြီးမားဆုံး ခြိမ်းခြောက်မှုများ ဖြစ်လာနေသည်ဟု သတင်းသမားများက ပိုမိုယုံကြည်လာကြကြောင်း ထိုအစီရင်ခံစာက ဆိုသည်။
မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေသော တပ်မတော်နှင့် အစိုးရအပြင် တရားရုံးများ၏ ဥပဒေများကို ခေတ်နောက်ပြန်ဆွဲ အဓိပ္ပါယ်ဖွင့်ဆိုခြင်းများသည်လည်း မီဒီယာလွတ်လပ်ခွင့်ကို သိသိသာသာ ခြိမ်းခြောက်ခြင်းအဖြစ် သတင်းမီဒီယာသမားများက ယုံကြည်လျက်ရှိကြောင်း အစီရင်ခံစာကဆိုသည်။
မီဒီယာကျွမ်းကျင်သူများ၏ သက်သေခံထွက်ဆိုချက်များကို နားထောင်ရန် ဆန္ဒမရှိခြင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ အမှုများကို လွှဲပြောင်းပေးမှုမရှိခြင်းနှင့် ဥပဒေများကို ဒီမိုကရေစီရည်မှန်းချက်များနှင့် ဖွင့်ဆိုလိုခြင်းမရှိခြင်းတို့ကြောင့် သတင်းသမားများက စိုးရိမ်သည်ဟု ဆိုသည်။
အထက်ပါစစ်တမ်း၏ ရည်ရွယ်ချက်မှာ ဥပဒေပြုပြင်ပြောင်းလဲရေးများ အတွက် ဖြစ်သည်ဟု Free Expression Myanmar ကိုပူးတွဲတည်ထောင်သူ မယဉ်ရတနာသိန်းက ဧရာဝတီသို့ပြောသည်။ ထိုအစီရင်ခံစာသည် သတင်းသမားများ၏ အမြင်တွင် မြန်မာ့သတင်း လွတ်လပ်ခွင့်ကျဆင်းနေကြောင်း ပြသသည့် အထောက်အထားလည်း ဖြစ်သည်ဟု သူပြောသည်။
မယဉ်ရတနာသိန်း က “ရာဇသတ်ကြီးထဲမှာ အပါအဝင် ဖိနှိပ်တဲ့ ဥပဒေတွေ အများကြီးရှိတယ်။ ဒါတွေကို ဖျက်သိမ်းဖို့အစိုးရက လျှစ်လျှူရှုနေတယ်။ ဖျက်သိမ်းလို့ မရဘူးလို့ သူတို့ ထင်ရင်တောင်မှ လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ပြင်ဆင်ဖို့ စဉ်းစားသင့်တယ်” ဟု ပြောသည်။
ဥပဒေများ ပြုပြင်ပြောင်းလဲရေးနှင့် အစိုးရအရာရှိများ၏ အပြုအမူများ ပြောင်းလဲရေးများအတွက် ပွင့်လင်းပြီး အားလုံးပါဝင်နိုင်သော ဆွေးနွေးမှုများကို သတင်းသမားများနှင့် ပြုလုပ်ရန်၊ တပ်မတော်ပိုင် မီဒီယာအပါအဝင် နိုင်ငံတော် မီဒီယာလက်ဝါးကြီးအုပ်မှုကို အဆုံးသတ်ရန် အစီရင်ခံစာက တပ်မတော်နှင့် အစိုးရတို့ကို တိုက်တွန်းထားသည်။
ထို့အပြင် ပဋိပက္ခဒေသများသို့ မီဒီယာများ သတင်းရယူခွင့် တားဆီး ပိတ်ပင်ထားမှုများအား ချက်ခြင်း ဖယ်ရှားရန်၊ တရား ဥပဒေစနစ် ပြုပြင်ပြောင်းလဲမှု မပြီးစီးမီ မည်သည့်အစိုးရ အရာရှိကမျှ သြဇာအာဏာကို အသုံးပြုပီး သတင်းသမားများကို ရာဇဝတ်ကြောင်းအရ တိုင်ကြား အရေးယူခြင်းမရှိစေရန်နှင့် သတင်းသမားများအား အကြမ်းဖက်မှု စွပ်စွဲချက်များအားလုံးကို ပွင့်လင်းမြင်သာစွာ စစ်ဆေးပေးရန်စသည်ဖြင့် ဟုလည်း ပါရှိသည်။
ထိုအစီရင်ခံစာကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့ ပေးပို့မည်ဖြစ်သည်။
နယ်စည်းမခြား သတင်းသမားများအဖွဲ့၏ ၂၀၁၈ ခုနှစ် သတင်းလွတ်လပ်ခွင့် အညွန်းကိန်းအရ မြန်မာနိုင်ငံသည် အကဲဖြတ်ခံ နိုင်ငံ ၁၈၀ အနက် ၁၃၇ တွင်ရှိနေပြီး ယခင်နှစ်ကထက် ၆ နေရာ ကျဆင်းသွားသည်။ အိန္ဒိယ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် တရုတ်နိုင်ငံများသည် ၁၃၈၊ ၁၄၀၊ ၁၄၂၊ ၁၄၅ နှင့် ၁၇၆ နေရာများတွင် အသီးသီးရှိကြသည်။
လွန်ခဲ့သောအပါတ်က ထုတ်ပြန်သည့်ထို အစီရင်ခံစာအရ ကမ္ဘာတဝန်းတွင် သတင်းသမားများသည် ၎င်းတို့ သတင်းရယူရာတွင် ပိုမို၍ ရန်လိုမုန်းတီးမှုများ မြင့်မားလာနေသည်။
ဧရာဝတီအင်္ဂလိပ်ပိုင်းတွင်ဖော်ပြထားသော Journalists Say Press Freedom Declining in Myanmar အားဘာသာပြန်ခြင်းဖြစ်သည်။