ရုပ်ရှင်အစည်းအရုံးဥက္ကဌဦးဇင်ဝိုင်းနဲ့ မျိုးဆက်သစ် လူငယ်ဒါရိုက်တာများဟာ ယနေ့ မေလ ၃ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရုပ်ရှင်အစည်းအရုံးတွင် တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါတွေ့ဆုံမှုမှာ ပါဝင်ခဲ့တဲ့ လူငယ်ဒါရိုက်တာများအနေဖြင့် ရုပ်ရှင်အစည်းအရုံးဘက်ကို ဘာတွေတောင်းဆိုစရာ ရှိလဲ၊ လူငယ်ဒါရိုက်တာများအနေဖြင့်လည်း လိုအပ်တဲ့အချက်အလက်များကို ပြုလုပ်ပေးစေလိုကြောင်း စတဲ့ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ တွေ့ဆုံပွဲကို သွားရောက်ခဲ့တဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦးက ဧရာဝတီကို ပြောပါတယ်။
“အဓိကကတော့ ညှိနှိုင်းတဲ့အချက်တွေကတော့ အများကြီးပေါ့ ကျနော်တို့ဘက်နဲ့ သူတို့ဘက်ရော အပြန်အလှန် Support လုပ်တဲ့အနေနဲ့ လုပ်တဲ့ အစည်းအဝေးပါ။ အခုမှ စပြီး ရုပ်ရှင်အစည်းအရုံးဥက္ကဌနဲ့ တွေ့ရတာဆိုတော့ နောက်ပိုင်းတွေမှာလည်း တွေ့ဆုံပြီး ပြောသွားဖို့ရှိပါတယ်” လို့ ဒါရိုက်တာထူးပိုင်ဇော်ဦးက ပြောပါတယ်။
ယနေ့တွေ့ဆုံမှုမှာတော့ ရုပ်ရှင်အစည်းအရုံးဥက္ကဌနဲ့အတူ Documentary ဒါရိုက်တာများ ၊ဒါရိုက်တာ အာကာ၊ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ၊ ဒါရိုက်တာ ဉာဏ်ထင် ၊ ဒါရိုက်တာ ဘုဏ်းသိုက် ၊ ဒါရိုက်တာ ထူးနွယ်အိမ် အစရှိတဲ့ လူငယ်ဒါရိုက်တာများနဲ့တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
“မခရစ်တို့က နိုင်ငံခြားခရီးစဉ်မှာ ကြော်ငြာသွားရိုက်နေလို့ မလာဖြစ်ပေမယ့် အချက်အလက်တွေကို သူတို့ဆွေး နွေးထားတယ်လို့ ဥက္ကဌကပြောပါတယ်။ အခုကတော့ ပထမဆုံးတွေ့ဆုံတာဖြစ်တဲ့အတွက် တချို့တွေလည်း မအားတာတွေ ရှိကောင်းရှိနိုင်သွားတဲ့အတွက် နောက်ပိုင်းတွေမှာ ထပ်ချိန်းမယ်လို့ပြောပါတယ်” လို့ ဒါရိုက်တာထူးပိုင်ဇော်ဦးက ပြောပါတယ်။
အဆိုပါ ရုပ်ရှင်အစည်းအရုံး ဥက္ကဌနဲ့ လူငယ်ဒါရိုက်တာများရဲ့ ပထမဆုံးတွေ့ဆုံမှုမှာတော့ ဒါရိုက်တာ ခရစ္စတီးနားခီမှာ ကြော်ငြာကိစ္စဖြင့် နိုင်ငံခြားသို့ရောက်ရှိနေခြင်းကြောင့် မတက်ရောက်နိုင်ခဲ့ဖူးလို့ သိရပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အချက်အလက်အချို့ကို ဆွေးနွေးထားခဲ့ပြီး နောက်ပိုင်းတွင် ထပ်မံတွေ့ဆုံမှုများလည်း ရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။