သတင်း

မဲခေါင်မြစ် အောက်ပိုင်း ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အမေရိကန် ဆက်လက် ကူညီမည်

Want create site? Find Free WordPress Themes and plugins.

မဲခေါင်မြစ် အောက်ပိုင်း ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမေရိကန်နိုင်ငံ၏ ငွေကြေး ထောက်ပံ့မှု နှင့် စီမံကိန်း များ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အာဆီယံ ဒေသများအတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်း လျှော့ချရေးကို အထောက်အကူ ဖြစ်စေရန်နှင့် တပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအတွက် အရှေ့ တောင်အာရှ နိုင်ငံ ၅ နိုင်ငံမှ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ်လက်ခံခဲ့ပြီး နေပြည်တော်ရှိ M-Gallery Hotel ၌ မေလ ၃ ရက်က စတင်၍ ၂ ရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာရှယ်က “ဆက်လက် ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အမေရိကန် ပြည်ထောင်စုက ကတိ ကဝတ် ပြုထားသလို မြန်မာနိုင်ငံက ဆက်လက်ဖော်ဆောင်နေတဲ့ ဒေသတွင်း တလျှောက် ဆက်ဆံရေးကို ပို အားကောင်း စေတဲ့ အခုလို ဦးဆောင်မှု ပမာဏ ခြေလှမ်းကိုလည်း အားပေး ကူညီလျက် ရှိပါတယ်” ဟု အစည်းအဝေးတွင် ပြောကြားသည်။

အမေရိကန်နိုင်ငံ၏ ဘဏ္ဍာငွေ ထောက်ပံ့မှုဖြင့် မဲခေါင်မြစ်အောက်ပိုင်း ဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆက်လက် ဆောင်ရွက်မည့် စီမံကိန်းများနှင့် ပတ်သက်သည့် ညှိနှိုင်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချူပ် ဦးဝင်းဇေယျာထွန်း က “အဓိက ဆွေးနွေးသွားမယ့် အကြောင်း အရာကတေ့ာ LMI (Lower Mekhong Initiative) ရဲ့ အကြောင်းအရာပါပဲ။ LMI လုပ်ဆောင်မှုပုံစံက နည်းနည်း လေး အရှိန်နှေးနေတယ်။ ထိရောက်မှုရှိရန် အတွက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”ဟု အစည်းအဝေး ခေတ္တရပ်နား ချိန်တွင် မီဒီယာများကို ပြောသည်။

အဆိုပါ အစည်းအဝေးတွင် မဲခေါင်မြစ် အောက်ပိုင်းဒေသ နိုင်ငံများ၏ ကျန်းမာရေးဆိုင်ရာ နယ်စပ် ဖြတ်ကျော် ဆက်သွယ် ရေးနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး၊ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ အကောင်းဆုံး နည်းစနစ်များနှင့် စိန်ခေါ်မှု အခက်အခဲများ၊ ပညာရေးကဏ္ဍ ဆန်းသစ်မှုနှင့် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာပညာရပ် အစီအစဉ်များ အစရှိသည် တို့ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အခြေခံ အဆောက်အအုံ ရေရှည် တည်တံ့ရေးနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲရေး၊ စွမ်းအင်ကဏ္ဍ ဖ့ွံဖြိုးတိုးတက် ရေး နှင့် ထိရောက်မှုရှိရေး၊ ပုဂ္ဂလိက ကဏ္ဍ ထိတွေ့ဆက်ဆံရေး အကြောင်းအရာများအား အဓိကထား၍ ဆွေးနွေးမှု များလည်း ပြုလုပ်လျက်ရှိသည်။

ဦးဝင်းဇေယျာထွန်းက “အမေရိကန်ရဲ့ Friend of Lower Mekong သူတို့တွေက ဘဏ္ဍာငွေကို အမေရိကန်က တဆင့် ကျနော်တို့ရဲ့ မဲခေါင် Project မှာ ထောက်ပံ့ပေးပါတယ်” ဟုပြောသည်။

မဲခေါင်မြစ်အောက်ပိုင်း ဒေသဖွံ့ဖြိုးရန် အတွက် ပထမ ခြေလှမ်း အစီအစဉ်ကို အာဆီယံ ဒေသအတွင်း ဖွံ့ဖြိုးမှု ကွာဟ ခြင်းကို လျှော့ချရာတွင် အထောက်အကူ ဖြစ်စေရန်နှင့် ဒေသ အတွင်း ရေရှည် တည်တံ့သော စီးပွားဖွံ့ဖြိုး တိုးတက် ရေး နှင့် သာယာဝပြောရေး အတွက် ပူးပေါင်းဆောင်ရွက်မှုကို အားပေး တိုက်တွန်းမှု ဖြစ်စေရန်အတွက် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတို့ က ၂၀၀၉ ခုနှစ်က စတင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ကျင်းပနေသော အစည်းအဝေး၌ အရှေ့တောင်အာရှ ၅ နိုင်ငံ ဖြစ်သည့် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့်နိုင်ငံတို့အပြင် သြစတြေးလျ၊ အမေရိကန်၊ ကိုးရီးယား သမ္မတ နိုင်ငံ၊ အာရှ ဖွံ့ဖြိုးရေး ဘဏ်၊ ကမ္ဘာ့ ဘဏ် နှင့် အာဆီယံ အတွင်းရေးမှူးချူပ် ရုံးတို့မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading