သတင်း

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်ခြင်းများ ပြလုပ်မည်

ရန်ကုန် – မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လာမည့် ဇူလိုင်လ၌ စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

မြန်မာ့မီးရထား (စီးပွားရေးဌာန) အထွေထွေမန်နေဂျာ၊ ရန်ကုန် – မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း ဒါရိုက်တာ ဦးဘမြင့်က “မီးရထားလမ်းပိုင်းက အဆင့်ကတော့မြှင့်နေတယ်။ တပြည်လုံးကိုပဲ။ ရန်ကုန်-မန္တလေး မီးရထား လမ်းပိုင်း အဆင့်မြှင့်တင်ဖို့ တင်ဒါတွေ ခေါ်နေတယ်။ ဒါတွေလည်း ပြီးတော့မယ်။ ဇူလိုင် လလောက်ဆိုရင် ရန်ကုန်နဲ့ မန္တ လေး လမ်းပိုင်းကို စပြင်မယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆင့်မြှင့်တင် လုပ်ဆောင်ချက်များ အနေနှင့် ရထားလမ်း အဆင့်မြှင့်တင်ခြင်း၊ တံတားများ ပြုပြင်ခြင်း၊ စက်ခေါင်း မောင်း နှင် ခြင်း အတွက် နည်းပညာနှင့် အဆင့်မီ စက်ကိရိယာများ တပ်ဆင်အသုံးပြုစေခြင်းနှင့် ကုန်တင်ကုန်ချ ပြုလုပ်မည့် ခေတ်မီ စက်ယန္တရား တပ်ဆင် ပြေးဆွဲခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

လက်ရှိတွင် ရန်ကုန်-မန္တလေးလမ်း အဆင့်မြှင့်တင်ရန်အတွက် တင်ဒါများ ခေါ်ယူထားပြီး တင်ဒါ အောင်မြင်သော ကုမ္ပဏီ များကို စာချုပ်ချုပ်ဆိုရန် ဆက်လက် လုပ်ဆောင်နေကြောင်း ဦးဘမြင့်က ပြောသည်။

“လမ်းပိုင်းက ၃ ပိုင်း ပိုင်းခြားထားတယ်။ တခုတခုကို ကုမ္ပဏီ ၃ ခုလောက် ဝင်ပြိုင်ကြတယ်။ နာမည်တွေကတော့ ပြောလို့ မရသေးဘူး။ အားလုံး စာချုပ်ချုပ်ပြီးမှ ပြောလို့ရမယ်။ နိုင်ငံခြားနဲ့ ဖက်စပ် ဝင်ပြိုင်တဲ့ ကုမ္ပဏီတွေလည်း ရှိတယ်” ဟုလည်း ဦးဘမြင့်က ရှင်းပြသည်။

အဆိုပါ ရန်ကုန် – မန္တလေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်- တောင်ငူ၊ တောင်ငူ-ရမည်းသင်း၊ တောင်ငူ-မန္တလေး လမ်းပိုင်း ဟူ၍ အပိုင်း ၃ ပိုင်းခွဲခြားပြီး ပထမအဆင့် အနေနှင့် ရန်ကုန်-တောင်ငူ၊ တောင်ငူ-မန္တလေး လမ်းပိုင်းကို စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

ယင်းသို့ အဆင့်မြှင့်တင်မည့် လမ်းများမှာ ရန်ကုန်-ပဲခူး၊ ပဲခူး- ပြွန်တဆာ၊ ပြွန်တဆာ- တောင်ငူ၊ တောင်ငူ- မန္တလေးပိုင်းတို့ ဖြစ်ကြပြီး ယခုနှစ်တွင် စတင်ပြင်ဆင်မည့် လမ်းပိုင်းမှာ ရန်ကုန်-တောင်ငူလမ်းပိုင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်နိုင်ရေး အတွက်လည်း နယ်များသိုု့ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ရန်ကုန်- မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ ချေးငွေနှင့် ဂျပန်ယမ်း၂၇၁ ဒသမ ၆၄ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား ထံမှ သိရသည်။

“အခု စတင်မယ့် စီမံကိန်းက  အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံလောက် ကုန်ကျစရိတ်ရှိနိုင်မယ်။ အတိအကျ တော့ မသိဘူး။ ပရောဂျက်က ကြီးတယ်”ဟု ဦးဘမြင့်က ပြောသည်။

ယင်းစီမံကိန်း စတင်ရေးနှင့် ပတ်သက်ပြီး တောင်ငူ-မန္တလေး ရထားလမ်းပိုင်း အတွက် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ် ခြင်း (EIA) ကို သာစည်မြို့နှင့် အမရပူရ (မြစ်ငယ်) တို့တွင် ဒေသခံများကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက ချပြဆွေးနွေး ခဲ့ကြောင်း မြန်မာ့မီးရထားက ဆိုသည်။

စီမံကိန်းကာလမှာ ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ရေရှည် လုပ်ဆောင်ရမည့် စီမံကိန်းအဖြစ် သတ်မှတ်ထားပြီး ရန်ကုန်-မန္တလေး ရထားလမ်းမှာ ၃၈၅ ဒသမ  ၅ မိုင် ရှိကြောင်း သိရသည်။

Loading