မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သူ၏ တပ်ဖွဲ့များသည် အရပ်သားများ အပေါ်တွင် လိင်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ခြင်း မရှိကြောင်းနှင့် ချိုးဖောက်သူများကို ပြင်းပြင်းထန်ထန် အရေးယူနေကြောင်း အခိုင်အမာ ပြောကြားခဲ့ခြင်း အပေါ်တွင် လူ့အခွင့်အရေး လှုပ်ရှားသူများက ကန့်ကွက် မေးခွန်းထုတ်ခဲ့ကြသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံသို့ ၂ ရက်ကြာ လာရောက်ခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အထူးကိုယ်စားလှယ် အဖွဲ့နှင့် ဧပြီလ ၃၀ ရက်နေ့က တွေ့ဆုံရာတွင် ထိုသို့ ပြောကြားခဲ့ ခြင်း ဖြစ်ပါသည်။
လုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့၏ မေးမြန်းမှုများတွင် မွတ်ဆလင် စစ်သွေးကြွများကို နှိမ်နင်းသည့် တပ်မတော်၏ စစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုရှိခဲ့သည်ဟု စွပ်စွဲမှုများ နှင့် ပတ်သက်၍လည်း ပါဝင်နေသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလ နှင့် ၂၀၁၇ ခုနှစ် သြဂုတ်လများ တွင် စစ်သွေးကြွများက လုံခြုံရေးတပ်ဖွဲ့စခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင် မြို့ နယ်များ၌ အကြမ်းဖက်မှု နှိမ်နင်းရေး စစ်ဆင်ရေးများ ပေါ်ပေါက်စေခဲ့သည်။
“စွပ်စွဲခံနေရသော လိင်အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မိမိတို့ နိုင်ငံ၏ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာအရ စက် ဆုပ်ဖွယ် အပြုအမူအဖြစ် သတ်မှတ်ထားပြီး ပြင်းထန်စွာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လုံခြုံရေးကောင်စီ အထူးကိုယ်စားလှယ် အဖွဲ့ကို ပြောကြားခဲ့သည်ဟု အစိုးရပိုင် သတင်းစာတွင် ကောက်နုတ် ဖော်ပြထားသည်။
လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများက ရှမ်းပြည်နယ်မှ မိုင်းရော် ကျေးရွာသားများ အမှုနှင့် ရခိုင်ပြည်နယ် အင်းဒင်ရွာ အမှုကဲ့သို့သော အများအာရုံစိုက်မှု ကျယ်ကျယ်ကျယ် ပြန့်ပြန့် ရရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင်သာ အရေးယူ အပြစ်ပေးမှုများ ရှိခဲ့သည်ဟု ပြောဆိုသည်။
တိုင်းရင်းသား လူနည်းစု ဒေသများတွင် ဖြစ်ပျက်ခဲ့သော လိင်အကြမ်းဖက်မှုအမှုများက လူသိရှင်ကြားဖြစ်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း လိင် အကြမ်းဖက်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များကို လူသိရှင်ကြား အရေးယူ အပြစ်ပေးခြင်း မရှိခဲ့ဟု ၎င်းတို့က ဆိုသည်။
လူ့အခွင့်အရေးလှုပ်ရှားသူများက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ပြောကြားချက်များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး၊ တိုင်းရင်းသား လူမျိုးနွယ်စုဒေသများရှိ လိင်အကြမ်းဖက်မှုများကို ယခင်ကလည်း ကြုံခဲ့ဖူး မြင်တွေ့ဖူးခဲ့ကြောင်း ပြောသည်။
လူ့အခွင့်အရေး ပညာပေးသူတဦး ဖြစ်ပြီး Equality Myanmar မှ ဒါရိုက်တာ ဖြစ်သော ဦးအောင်မျိုးမင်းက ထိုကဲ့သို့သော ပြောကြားချက်က လုံးဝ လက်မခံနိုင်စရာ ဖြစ်ကြောင်း ပြောသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် အမျိုးသမီးများ အပေါ် ကျူးလွန်သည့် လိင်အကြမ်းဖက်မှု ဆိုင်ရာ သက်သေအထောက်အထားများနှင့် မှတ်တမ်းများ အများအပြား ရှိနေပြီး၊ အထူးသဖြင့် တိုင်းရင်းသား လူနည်းစု ဒေသများ ဖြစ်သည့် ကချင်၊ ရှမ်း၊ ကရင်၊ ကရင်နီ(ကယား) နှင့် မွန်ပြည်နယ် များတွင် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့ ဒေသမှာ ပိုမိုပြီး ကျူးလွန်နေကြတယ်။ ပိုမိုပြီး ဆိုးဝါးတာက ဒီလိုဖြစ်ပျက်ချိန် မှာ တိုုင်ကြားတဲ့အခါ ထိရောက်စွာ အရေးမယူတာတွေ၊ ကျူးလွန်သူတွေကို ထိရောက်စွာ အရေးမယူတဲ့အတွက် ပိုမိုပြီး လက်ရဲဇက်ရဲ လုုပ်လာတဲ့ သက်သေအထောက်အထားတွေ ရှိခဲ့တယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
၂၀၀၂ ခုနှစ်တွင် ရှမ်းအမျိုးသမီး ရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) နှင့် ရှမ်း လူ့အခွင့်အရေး ဖောင်ဒေးရှင်းတို့က ထုတ်ပြန်ခဲ့သော “မုဒိန်းကျင့်ခွင့်လိုင်စင် (License to Rape)” အမည်ရှိ အစီရင်ခံစာ အပါအဝင် တိုင်းရင်းသား အမျိုးသမီး အဖွဲ့အစည်းများ နှင့် တိုင်းရင်းသား လူ့အခွင့်အရေးဖောင်ဒေးရှင်းများ က မှတ်တမ်းတင် ထုတ်ပြန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာ အများအပြား ရှိခဲ့ပါသည်။
ပဋိပက္ခဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှု နှင့် လိင်အကြမ်းဖက်မှုကို လက်နက် အဖြစ်အသုံးပြုခြင်းက ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေကြောင်း ကချင်၊ ကရင်နှင့် မွန် အမျိုးသမီးများကလည်း ဧရာဝတီသို့ ပြောဆိုသည်။ အမျိုးသမီး အဖွဲ့အစည်းများက မှတ်တမ်းတင်ခဲ့သည့် အစီရင်ခံစာများတွင် အမှု ရာနှင့် ချီ၍ ဖော်ပြပါရှိထားသည်။
“ကျမတိုု့ ကချင်ဒေသ အပါအဝင် စစ်ဖြစ်ပြီ ဆိုုရင် လိင်အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးပြုပြီး အမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံနေရတယ်” ဟု ကချင်အမျိုးသမီးများ အစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) ၏ ပြောရေးဆိုခွင့် ရှိသူ တဦးဖြစ်သော မွန်းနေလီ ကပြောသည်။
KWAT နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုုင်ငံ) တို့က လူ့အခွင့်အရေး ချိုးဖောက်မှု သက်သေ အထောက်အထားများကို မှတ်တမ်း တင်ထားမှုများ ရှိသည်။
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် တပ်မတော်တို့ကြားတွင် အပစ်အခတ် ရပ်စဲထားသည့် ကာလဖြစ်သည့် ၁၉၉၄ မှ ၂၀၁၁ ခုနှစ် အတွင်းမှာပင် အထက်တန်းကျောင်းသူ မိန်းကလေးများ ဖြားယောင်း သွေးဆောင်ခံရခြင်း အပါအဝင် ကချင်အမျိုးသမီးများ အုပ်စုလိုက် မုဒိန်းကျင့်ခြင်းများ ခံခဲ့ရသည်ဟု မွန်းနေလီက ပြောသည်။
ထိုအလေ့အထက ရပ်တန့်သွားခြင်း မရှိဘဲ ဒေသခံတို့၏ ကျေးရွာများ အတွင်းသို့ တပ်မတော်မှ တပ်ဖွဲ့များဝင်လာသည့် အခါတိုင်း ဆက်ဖြစ်နေသည်ဟု ၎င်းက ဆိုသည်။ ၂၀၁၁ ခုနှစ် ဇွန်လတွင် အစိုးရနှင့် KIA တို့ကြားမှ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ကျိုးပျက်ခဲ့သည့် အချိန်မှစ၍ ကချင်ပြည်နယ် အတွင်းတွင် တပ်ဖွဲ့များ ပိုမိုချထားလာသည်။
အမှုများကို တိုင်ကြားသည့် အခါတွင် အရေးယူ ဆောင်ရွက်မှုမရှိဘဲ အပြစ်ကျူးလွန်သူများက လွတ်ငြိမ်းခွင့် ရနေသည် ဟု ၎င်းက ထပ်ဖြည့် ပြောဆိုသည်။ “ဖြစ်ပျက်နေတဲ့ကိစ္စတွေကို တာဝန်ခံမှု၊ တာဝန်ယူမှုမရှိဘဲ ဗြောင်ငြင်းတဲ့ ကိစ္စတွေလည်း ရှိ တယ်။ အထူးသဖြင့် ကျမတို့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ဘဝလုံခြုံရေးကလည်း တော်တော်ကို ဆိုးဆိုးဝါးဝါး ဖြစ်တယ်ဆိုတာ အားလုံးကိုု သိစေချင်ပါတယ်” ဟု မွန်းနေလီက ဆိုသည်။
ထင်ရှားသော အမှုများထဲတွင် တပ်မတော်မှ လိင်အကြမ်းဖက်မှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် အမှုများမှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလက ကချင်ပြည်နယ် လွယ်ဂျယ် မြို့အနီးတွင် တပ်မတော် ခြေမြန်တပ်ရင်း ၃၂၁ က ဆွန်လွတ်ရွယ်ဂျာ အမည်ရှိ ကချင်အမျိုးသမီးတဦးကို ဖမ်းဆီး၍ မတရားပြုကျင့်ခဲ့ခြင်းနှင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ အတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးရွာတွင် ကချင်တိုင်းရင်း သူ ဆရာမ ၂ ဦး မတရားပြုကျင့်၍ သတ်ဖြတ်ခံခဲ့ရခြင်းတွင် တပ်မတော်တပ်သားများ ပါဝင်သည်ဟု စွပ်စွဲ ပြောဆိုထားချက်များ ပါဝင်သည်။
အဆိုပါ ၂ မှုလုံးအတွက် တရားမျှတမှု ကိုမရရှိသေးပါ။ တပ်မတော်က ဆက်လက် ငြင်းဆန်နေခဲ့ပြီး အမှုဖွင့်တိုင်ကြားခဲ့ကြသော သားကောင်းဖြစ်ခဲ့ရသူများ၏ မိသားစုများမှာ ဥပဒေကြောင်းအရ ပြန်၍ တရားစွဲဆိုခြင်းများကိုပင် ကြုံတွေ့ရသည်ဟု Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
“သာမန်လိင်ပိုင်းဆိုင်ရာ ချိုးဖောက်တာတင်မကတော့ဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မပေါ်ပေါက်အောင် ဖုံးကွယ်နေ တာတွေ။ သွားတိုင်ကြားတဲ့လူက ထပ်ပြီး အရေးယူခံရတာတွေက တကယ်ကို မဖြစ်သင့်တဲ့အရာတွေဖြစ်တယ်။ ဒါမျိုးဖြစ် ခြင်းကြောင့် ကျူးလွန်ခံရသူက နောက်တခါ တိုင်ကြားဖို့ မရဲတော့တဲ့ ဘဝနဲ့ မျိုသိပ်လိုုက်ရသလို ကျူးလွန်သူကလည်း ငါတို့ကို တိုင်လည်း အထက်အရာရှိက အရေးမယူပါဘူးဆိုပြီး ပုံစံမျိုးနဲ့ တကယ့်ကို လက်ရဲဇက်ရဲ ဖြစ်လာတာက တကယ် ကို ဆိုးဝါးတဲ့အခြေအနေ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
တပ်မတော် ခေါင်းဆောင်များက အဆိုပါ အမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံကို စစ်အစိုးရ အုပ်ချုပ်သည့် အချိန်ကတည်း ကပင် ငြင်းဆန်ခဲ့ကြပြီး ဆက်လက်၍လည်း ငြင်းဆန်နေသည်ဟု ဦးအောင်မျိုးမင်းက ဆိုသည်။ “ဒါကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ နာမည်ဆိုး တွင်ခဲ့တာ ဖြစ်ပါတယ်။”
တပ်မတော်ခေါင်းဆောင်များက အမှန်တရားကို လက်ခံ၍ နောက်ထပ် ငြင်းဆန်မှုများ ပြုလုပ်ခြင်းမှ ရှောင်ရှားသင့်သည် ဟု ဦးအောင်မျိုးမင်းက ပြောသည်။ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်သူများကို ဥပဒေအရ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မှသာလျှင် မြန်မာနိုင်ငံ၏ ပုံရိပ် ကောင်းမွန်လာလိမ့်မည်ဟု သူကပြောသည်။
“အမှန်တော့ သူတိုု့အနေနဲ့ တဦးတယောက် ကျူးလွန်မယ်ဆိုရင် တဦးတယောက်ကို အရေးယူဖို့ လိုအပ်သလို စနစ်ကြောင့် ဖြစ်တယ်ဆိုရင် စနစ်ကို ပြင်ဖို့ လိုအပ်တယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
“တပ်မတော်က လိင်အကြမ်းဖက်မှုကို လက်နက်အဖြစ် အသုံးပြုနေခြင်းတခုတည်းကိုမှ မဟုတ်ပါဘူး စွပ်စွဲမှု အားလုံးကို အမြဲတမ်း ငြင်းဆန်ခဲ့ပါတယ်” ဟု ကရင်အမျိုးသမီးအစည်းအရုံး (KWO) ၏ အထွေထွေ အတွင်းရေးမှူး နော်ကညောဖော က ပြောသည်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ နှင့် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက် အတွင်းက တပ်မတော်မှ တပ်သားများက ကရင်အမျိုးသမီးများ အပေါ် ကျူးလွန်ခဲ့သည့် မုဒိန်းမှုများကို KWO က မှတ်တမ်းပြုစုခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် “Shattering Silence” အမည်ရှိ အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ယနေ့အချိန်အထိ “မြန်မာ့တပ်မတော်ရော တိုင်းရင်းသားလက်နက်ကိုင်တပ်များပါ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လိင် အကြမ်းဖက်မှုတွေ ရှိခဲ့တာတောင်မှ ဘယ်လို တရားမျှတမှုကိုမှ ကျမတို့ မရခဲ့ပါဘူး။ အမျိုးသမီးတွေ မုဒိန်းကျင့်ခံရပေမယ့် သူတို့ မတိုင်ရဲကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေကို စိုးရိမ်လို့ ဖြစ်ပါတယ်။ မရှိပါဘူး။ တရားမျှတမှု လုံးဝ မရှိပါဘူး” ဟု နော်ကညောဖောက ပြောသည်။
“ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်က တခြားတိုင်းရင်းသား တွေမှာ ဖြစ်ခဲ့သလိုမျိုး မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် က ရိုဟင်ဂျာ အမျိုးသမီးတွေ အပေါ် လိင်အကြမ်းဖက်မှုတွေ ဖြစ်နေတာ သေချာပါတယ်” ဟု နော်ကညောဖောက မေလ ၂ ရက်နေ့တွင် ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတောင်ပိုင်း အထူးသဖြင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင် မုဒိန်းမှု နှင့် လိင်အကြမ်းဖက်မှုများ ကျဆင်း သွားခဲ့သည့် အသွင် ရှိပြီး၊ ထိုဒေသများတွင် ၂၀၁၂ ခုနှစ်မှ စတင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ကြောင့် ဖြစ်သလို ဒေသခံ အသိုင်းအဝိုင်းများက လူ့အခွင့်အရေးချိုးဖောက်မှုများမှ နေ၍ သူတို့ကိုယ်သူတို့ မည်သို့ ကာကွယ်ရမည်ကို ပိုမို နားလည်လာကြခြင်းကြောင့်လည်း ဖြစ်ပါသည်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် နောက်ဆုံးပေါ်ပေါက်ခဲ့သည့် စစ်ရေး တင်းမာမှု နှင့် တပ်မတော်ကတပ်စခန်းများ တိုးချဲ့ချထားမှုကို ရည်ညွှန်း၍ နော်ကညောဖောက “ကျမတို့ ကရင် အသိုင်းအဝိုင်းတွေက အကြောင်း အမျိုးမျိုးကြောင့် တပ်မတော်နဲ့ ရင်ဆိုင်မတွေ့ ရဲဘူး။ သူတို့က အသတ်ခံရမှာ ကြောက်ကြတယ်။ အမျိုးသမီးတွေက နှိပ်စက်ခံရမှာ မုဒိန်းကျင့်ခံရမှာကို ကြောက်ကြတယ်။ ဒါကြောင့် သူတို့က တပ်မတော်ရဲ့ စစ်ကြောင်းတွေ လာပီကြားတာနဲ့ သူတို့ ဒေသကို ရောက်မလာခင် ကြိုပြီး ထွက်ပြေးကြတယ်။ နောက် ပြီးတော့ သူတို့ နေရာကို ပြန်မသွားရဲကြဘူး” ဟု ပြောသည်။
မွန်ပြည်နယ်တွင် မြန်မာ့တပ်မတော်၏ လိင်အကြမ်းဖက်မှု သားကောင်ဖြစ်ရသော အမျိုးသမီးများမှာ အရပ်ဘက်တရား ရုံး များတွင် တရားမျှတမှု ရှာဖွေခွင့် မရရှိခဲ့ကြဟု မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်း(HURFOM)မှ အမျိုးသမီးနှင့် ကလေးအခွင့်အရေးဆိုင်ရာ အစီအစဉ် ညှိနှိုင်းရေးမှူး မိထောချမ်းက ပြောသည်။
“သူတို့က တပ်မတော်က စစ်သားတွေ ဖြစ်နေတဲ့ အတွက် ပြုကျင့်ခံရသူတွေရဲ့ မိသားစုတွေက ပြစ်မှုကျူးလွန်သူတွေနဲ့ ထိပ်တိုက် ရင်မဆိုင်ရဲကြဘူး။ ဒါကြောင့် သူတို့က ထုတ်မပြောဘဲ နေကြတယ်” ဟု မိထောချမ်းက ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ် များအတွင်း ဖြစ်ပွားခဲ့သည့် အမှုများကို ရည်ညွှန်း၍ ပြောသည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ရေးမြို့နယ်တွင် အမှတ် ၃၁ တပ်ရင်းမှ တပ်သားတဦး၏ မုဒိန်းကျင့်ခြင်းကို ခံခဲ့ရသော ၁၃ နှစ် အရွယ် မိန်းကလေး၏ မိသားစုများသည် တပ်မတော်က သူတို့ကို လျော်ကြေးအဖြစ် ငွေ ၅၀၀၀၀၀ ကျပ် ပေးပြီးနောက် အမှုကို ကျေအေးခဲ့ရသည်။ နောက်ပိုင်းတွင် တပ်မတော်မှ တပ်သားများ၏ နောက်ထပ် နှိပ်စက်မှုများ ရှိလာမည်ကို ကြောက်ရွံ့ သည့် အတွက် ထိုင်းနယ်စပ်သို့ မိသားစုလိုက် ရွှေ့ပြောင်းသွားကြသည်ဟု သူက ပြောသည်။
၂၀၁၃ ခုနှစ် နှောင်းပိုင်းက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် အသက် ၁၃ နှစ်အရွယ်ပင်ဖြစ်သော နောက်ထပ် မိန်း ကလေးတဦးကို တပ်မတော် တပ်ရင်း ၃၁၅ မှ တပ်သားတဦးက မုဒိန်းကျင့်ခဲ့သည်။ တပ်မတော်က ပြစ်မှုကျူးလွန်သူ ကို စစ်ခုံရုံးတင်၍ ပြစ်ဒဏ်ပေးခဲ့ပြီး ဖြစ်သည်ဟု သတင်းပေးခြင်းက လွဲ၍ တရားမျှတမှုကို ကာယကံရှင် မိသားစုက မရရှိခဲ့ ကြောင်း မိထောချမ်းက ပြောဆိုသည်။