ကချင်ပြည်နယ်၌ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့အကြား ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများ ကြောင့် ဧပြီလ ၁၁ ရက်မှစ၍ ကျေးရွာအတွင်း ပိတ်မိနေသည့် ဒေသခံ ၁၆၀ ကျော်ကို ကယ်ထုတ်ပေးရန် ပြည်နယ် ဝန်ကြီးချုပ်က သဘောတူ လိုက်သည်ဟု သတင်း ရရှိသည်။
ဖားကန့်မြို့နယ် လိုင်နောင်ခူး (မံဝေ)ကျေးရွာ၌ ပိတ်မိနေသော ဒေသခံ ၁၆၀ ကျော်အား ကယ်ထုတ်ရေးအတွက် ယနေ့ မနက်ပိုင်းတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် အပါအဝင် ဘာသာရေးခေါင်းဆောင်များ၊ ကချင်ငြိမ် ချမ်းရေး အကျိုးတော် ဆောင် ကွန်ရက် (PCG) မှ တာဝန်ရှိသူများနှင့် ဆန္ဒပြလူငယ် ခေါင်းဆောင်များက ယင်း ဒေသသို့ သွားရောက်မည်ဟု PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
၎င်းက “ပိတ်မိနေတဲ့ လိုင်နောင်ခူးက လူတွေကို ဒီနေ့ သွားခေါ်မယ်။ သွားခေါ်မယ်ဆိုတဲ့ နေရာမှာ ကချင်ပြည်နယ် အစိုးရ အဖွဲ့နဲ့ ပူးပေါင်းပြီး သွားမယ်။ ဒါပေမယ့်ဟိုမှာ တပ်ရှိတဲ့ အတွက်ကြောင့် တပ်ကိုလည်း ညှိရဦးမှာ ဖြစ်တယ်။ တပ်နဲ့လည်း အခု ညှိနေတယ်ကြားတယ်” ဟု ပြောသည်။
လိုင်နောင်ခူး ကျေးရွာရှိ ဒေသခံ ၁၆၀ ကျော်မှာ တိုက်ပွဲများကြောင့် ထွက်ပြေးရန် ပြင်ဆင်သော်လည်း တပ်မတော်၊ စစ် ကြောင်းများက ထွက်မပြေးရန် ပြောဆိုသဖြင့် ရွာအတွင်း ပိတ်မိနေခြင်း ဖြစ်သည်။
ပိတ်မိနေသူများ လွတ်မြောက်ရေးအတွက် အစိုးရ ကူညီပေးရန် ဧပြီလ ၃၀ ရက်တွင် ကချင်လူငယ် ၃၀၀ ခန့်က ထိုင်သ ပိတ်စခန်း စတင် ဖွင့်လှစ်ခဲ့သည်။ မေလ ၃ ရက်တွင် အင်အား ၁ ထောင်ကျော် တိုးလာပြီး မြို့လယ် လမ်းမပေါ် ထွက်ကာ ထိုင်သပိတ်စခန်းဖွင့်၍ ကချင်ပြည်နယ် ဝန်ကြီးချုပ် ထွက်လာတွေ့ပြီး ညှိနှိုင်းပေးရန် တောင်းဆိုခဲ့ကြသည်။
မေလ ၃ ရက် ညနေ ၆ နာရီဝန်းကျင်၌ ဆန္ဒပြလူငယ်ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ကွန်ရက်မှ ခေါင်းဆောင်များကို ကချင်ပြည်နယ် ဝန်ကြီးချုပ်မှ ရုံးခန်းတွင် ခေါ်ယူတွေ့ဆုံကာ ၄ နာရီ ကျော်ကြာ ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ညပိုင်း ၁၀ နာရီခွဲခန့်တွင် ဝန်ကြီးချုပ် ကိုယ်တိုင် ပါဝင်ကာ လိုင်နောင်ခူးဒေသမှ ပိတ်မိနေသူများကို ကယ်ထုတ်ရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။
ဦးလမိုင်ဂွမ်ဂျာက “ကချင်ပြည်နယ်အစိုးရအဖွ့ဲရဲ့ သဘောထား၊ လုပ်ပိုင်ခွင့်နဲ့ တောမှာ နှစ်ဖက်တိုက်ပွဲဖြစ်တော့ တပ်နဲ့ပဲ ဆိုင်တော့ သူတို့က ပြောလို့မရဘူး။ ဒါ့ကြောင့် တပ်ကိုလည်း ပြန်ညှိရမှာ ဖြစ်တယ်။ ပြည်သူလူထုကို သွားကြိုမယ် သွား ခေါ်မယ်ဆိုပေမယ့်လည်း တပ်ကနေ လုံခြုံရေးအရ သွားလို့ မရဘူးဆိုရင်တော့ ဘယ်လိုမှ မတတ်နိုင်ဘူး” ဟု ပြောသည်။
ဆန္ဒပြ လူငယ်ခေါင်းဆောင် တဦးဖြစ်သည့် မဆွတ်ဆိုင်းထွယ်က လိုင်နောင်ခူးတွင် ပိတ်မိနေသူများကို ကယ်ထုတ်ရန် တခုတည်း သဘောတူညီမှုဖြင့် မလုံလောက်ကြောင်း အခြားပိတ်မိနေသူများကိုလည်း အမြန်ဆုံး ကယ်ထုတ်ပေးရန်လည်း ဆက်လက်ညှိနှိုင်း သွားမည်ဟု ပြောသည်။
“မနေ့က အစည်းအဝေးခန်းထဲမှာ ညှိနှိုင်းတာ အဆင်ပြေတယ်။ အပြင်ရောက်တော့ ကျမတို့ကို အာမခံချက် တစုံတရာ ပေးဖို့ စာရွက်စာတမ်း ပေးတာက ရိုးရိုး အစိုးရဘာလုပ်တယ်ဆိုတဲ့ Statement Letter ဖြစ်နေတယ်။ ကျမတို့ လူငယ်တွေ က လက်မခံနိုင်လို့ မနေ့ညက သပိတ်စခန်းကို မရုတ်ပဲ ဒီတိုင်းဆက်နေတော့ ဝန်ကြီးချုပ် ဘက်က ပြန်ညှိတော့ ဒီနေ့ လိုင် နောင်ခူးကို သူကိုယ်တိုင်သွားမယ်။ လူငယ်တွေလည်းပါမယ်။ ဘာသာရေး ခေါင်းဆောင်တွေလည်း ပါမယ်” ဟုလည်း မဆွတ်ဆိုင်းထွယ်က ပြောသည်။
ဆန္ဒပြလူငယ် ၁ ထောင်ကျော်မှာ ထိုင်သပိတ်စခန်း ဖွင့်ထားသည့် မြို့လယ်လမ်းမတွင် ညအိပ်ခဲ့ကာ မေလ ၄ ရက် မနက် ပိုင်းတွင် စီတာပူရပ်ကွက်ရှိ ကချင်ရိုးရာ မနောကွင်းသို့ ပြန်သွားကြပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်ပါ ဝင်ပြီး သွားကယ် ထုတ်မည့် လိုင်နောင်ခူးခရီးစဉ်ကို စောင့်ကြည့်မည်ဟု ၎င်းက ဆိုသည်။
လိုင်နောင်ခူးမှ ပိတ်မိနေသူများ လွတ်မြောက်လာပါက ထိုင်သပိတ်စခန်းကို ခေတ္တရပ်ဆိုင်းမည် ဖြစ်ပြီး အခြား မြို့နယ်များ မှ ပိတ်မိနေသူများ လွတ်မြောက်ရေးအတွက် ထပ်မံဆွေးနွေးသွားမည်ဟု သိရသည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုက်ပွဲဖြစ်ပွားစဉ် တပ်မတော်မှ KIA အကြမ်းဖက် သောင်းကျန်းသူများကိုသာ တိုက်ခိုက် နေခြင်းဖြစ်သဖြင့် ဒေသခံများ ထွက်မပြေးကြရန် လက်ကမ်း စာစောင်များ ဝေငှ ထားသည်။
သို့သော် ဒေသခံများက ကချင်ပြည်နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၆ နှစ်ကျော် ကာလအတွင်း ကချင်အရပ်သားများကို တပ်မတော်မှ ဖမ်းဆီးရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် KIA ဟုစွပ်စွဲခြင်းများ ရှိသဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် ဝေး သည့် နေရာကို ထွက်ပြေးလိုကြသည်ဟု ဒေသခံများထံမှ ကြားသိရသည်။
တိုက်ပွဲများကြောင့် တနိုင်းမြို့နယ်၊ အောင်လော့ဒ်ကျေးရွာ၌ ဒေသခံ ၂ ထောင်ဝန်းကျင်မှာလည်း ဧပြီလ ၁၁ ရက်မှ ယနေ့ ချိန်အထိ တောတွင်း ပိတ်မိနေပြီး အင်ဂျန်းယန်မြို့နယ်မှ ဒေသခံ ၅ ရာခန့်မှာလည်း ထွက်ပြေးနိုင်ခြင်းမရှိဘဲ ပိတ်မိနေ သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ၏ စာရင်းများအရ သိရသည်။
တိုက်ပွဲများကြောင့် ဒေသခံများ စတင်ပိတ်မိစဉ် ဧပြီလ ဒုတိယပတ်ကတည်းက ဘာသာရေးခေါင်းဆောင်များနှင့် ကချင် အရပ်ဘက်အဖွ့ဲအစည်းများက ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို ကူညီရန်စာများပို့ကာ တောင်းဆိုခဲ့သော်လည်း နှုတ်ဆိတ် နေပြီး မေလ ၃ ရက်မှသာ ဆန္ဒပြလူငယ်များကို ညှိနှိုင်းပေးခဲ့ ခြင်းဖြစ်သည်။