အိန္ဒိယ-မြန်မာ နယ်စပ် ပလက်ဝမြို့နယ်အတွင်းရှိ ကုလားတန်မြစ်ကြောင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ က ဧရာဝတီသို့ ပြောသည်။
စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ – ၉) လက်အောက်ခံ မင်းပြားအခြေစိုက် ခလရ ၅၄၁ တပ်ရင်း နှင့် AA တပ်ဖွဲ့ဝင်များ အကြား မေလ ၃ ရက်နေ့ မနက်ပိုင်းက ပလက်ဝမြို့နယ် ကုန်ပြင်ကျေးရွာ မြောက်ဘက် ၂ ကီလိုမီတာ အကွာ အဝေးရှိ ကုလားတန်မြစ်ကြောင်း အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ခိုင်သုခ က “ကုလားတန်မြစ်ထဲမှာပဲဖြစ်တာ။ သူတို့က ကုလားတန်မြစ် အထက်ပိုင်းကို စက်လှေနဲ့ တက်ကြတာ။ မြေပြင် ကလည်း တက်တယ်။ စက်လှေနဲ့လည်း လာတယ်။ အဲဒီလိုတက်လာတဲ့ အချိန်မှာ ကျနော်တို့ တပ်ဖွဲ့တွေနဲ့ ဆုံပြီး ဖြစ်ကြတာ။ ဖြစ်ပြီး ၂ နာရီလောက်ထိ သူတို့ဘက်က အနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ရမ်းပစ်တာပေါ့ဗျာ” ဟု ပြောသည်။
နှစ်ဘက်တပ်များအကြား တကြော့ပြန်ဖြစ်ပွားခဲ့သောတိုက်ပွဲသည် မေလ ၃ ရက်နေ့ မနက် ၉ နာရီကျော်မှ ၁၀ နာရီခန့် ထိ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲတွင် တပ်မတော်စစ်ကြောင်းမှ ၄ ဦးကျဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရရှိသည်ကို မြေပြင်သတင်းများ အရ သိရကြောင်း ခိုင်သုခက ပြောသည်။
သို့သော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
ခိုင်သုခ က “မနေ့ကတော့ ညနေပိုင်းအထိ ကျဆုံးတဲ့သူတွေကို အလောင်းပြန်မကောက်နိုင်သေးဘူး။ အဲဒီမှာ သူတို့ အင်အားတွေ ထပ်ပြီးဖြည့်လာတာလဲရှိတယ်။ သူတို့ဘက်က ထပ်တိုးလာမယ်ဆိုရင်တော့ တိုက်ပွဲတွေက ဖြစ်လာနိုင်မယ့် အနေအထား အများကြီးရှိတယ်” ဟုဆိုသည်။
အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ တာဝန်ရှိသူများကို ဧရာဝတီက ဆက်သွယ်ခဲ့သောလည်း တာဝန် ဖြေကြားပေးခြင်း မရှိပေ။
ပလက်ဝမြို့နယ် အတွင်း တပ်မတော်နှင့် AA တို့အကား ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာလ အထိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ပြီး ၄ လ အကြာရပ်တန့်နေခဲ့ရာမှ နယ်မြေစိုးမိုးရေး လှုပ်ရှားနေသည့် တပ်မတော် စစ်ကြောင်းများနှင့် ယခုကဲ့သို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
AA သည် ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်ပြီး လက်ရှိအချိန်တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FCNCC) တွင် တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် အတူ ရပ်တည်နေလျှက်ရှိပြီး ရခိုင်ပြည်နယ်တွင်လည်း စစ်ရေး လှုပ်ရှားမှုများရှိနေသည်။
အစိုးရဘက်ကတော့ တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရန် မူဝါဒ ထားရှိထားကြောင်း၊ သို့သော်လည်း လက်တလော တွေ့ဆုံ ဆွေးနွေးနိုင်မည့် အခြေအနေကို ပြောရန် ခက်နေသေးကြောင်း ငြိမ်းချမ်းရေးကော်မရှင် (PC) ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်စိုး က ဧရာဝတီသို့ ပြောသည်။
တပ်မတော်နှင့် AA တို့အကြား ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ရာနှင့်ချီသော ဒေသခံများသည် ကုလားတန်မြစ်အနီးက ရှင်းလက်ဝ ကျေးရွာတွင် သွားရောက်ခိုလှုံခဲ့ကြရသလို ရခိုင်ပြည်နယ်မှ နယ်စပ်ကိုဖြတ်ကျော်ပြီး အိန္ဒိယ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်တွင်လည်း ဒုက္ခသည် ၁ ထောင်ကျော် သွားရောက် ခိုလှုံခဲ့ကြရသည်။