သတင်း

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကြွက်နှိမ်နင်းရေး ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အင်းယားကန်ဘောင်တွင် ရာနှင့်ချီ ဖြစ်ပေါ်နေသော ကြွက်တွင်းများ၊ ကြွက်နှိမ်နင်းရေးနှင့် ထိုကန်ဘောင်ပေါ်က အစားအသောက်များ စည်းကမ်းမဲ့ ရောင်းချနေမှုကို ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မတီ အနေဖြင့် တားမြစ်သွားရန် ရှိမရှိ မေးမြန်းသွားသည်။

ဆဋ္ဌမအကြိမ်မြောက် ၂၃ ရက်မြောက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက အဆိုတင်မေးမြန်းသွားခြင်း ဖြစ်သည်။

ဦးရန်ရှင်းက “ရန်ကုန်မြို့ရဲ့ အထင်ကရ ကျက်သေရေဆောင် ဖြစ်တဲ့ မြကန်သာရိုး မြန်မာပလာဇာရှေ့က အင်းလျားကန်ဘောင်ဟာ ယခုအခါ ကြွက်တွင်းများ ရာချီ ဖြစ်နေတာတွေ့ရပါတယ်။ အမှိုက်ပုံးများ ချထားရာနေရာမှာ ကြွက်တွင်းများ ပိုမိုများပြားတာကိုတွေ့ရပါတယ်။ အစား အသောက် ရောင်းချသူများ၏ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် ကြွက်တွင်းများ များပြားလာခြင်း ဖြစ်ပါတယ်။ အဲဒီအတွက် အင်းလျား ကန်ဘောင်တွင် ကြွက်တွင်းများရာချီ ဖြစ်ပေါ်နေခြင်းအားမည်သို့ တားဆီးဆောင်ရွက်သွားမည်ကို သိရှိလိုပါတယ်” ဟု မေးမြန်းခဲ့သည်။

စည်ပင်သာယာရေးကော်မတီ အနေဖြင့် ကြွက်ရှင်းလုပ်သားပေါင်း ၆၀ ခန့် ခန့်ထားပြီး လစဉ် ရှင်းလင်းမှုများ ပြုလုပ်နေသလို ဆက်လက်၍လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ဆိုသည်။

မြန်မာနိုင်ငံတွင် ကြွက်မျိုးကွဲပေါင်း ၁၅၀ ကျော်နှင့် ကြွက်မျိုးစိတ်မျိုး ၇၁၀၀ ကျော်ခန့်ရှိကာ ကြွက်များ၏ သက်တမ်းမှာ နှစ်နှစ်မှ သုံးနှစ်ခွဲခန့်သာရှိပြီး သက်တမ်း တိုသော်လည်း မျိုးပွားနှုန်းများသဖြင့် တနှစ်လျှင် ကြွက်ကောင်ရေ သောင်းဂဏန်း တိုးပွားနေကြောင်း မြန်မာနိုင်ငံအနေဖြင့် ကြွက်ကို နှိမ်နင်းရန်မှာ အခက်အခဲ ရှိကြောင်းရန်ကုန်မြို့တော်ဝန် က ပြောသည်။

ကြွက်များသည် လူ၏ အသုံးအဆောင်ပစ္စည်းများ၊ လယ်ယာစိုက်ခင်းများ၊ လူနှင့် လူက မွေးမြူထားသော တိရစ္ဆာန်များတွင် ကြွက်ကြောင့် ကူးစက်ရောဂါ ဖြစ်မှုများ၊ သေဆုံးမှုဖြစ်ခြင်းများကြောင့် ကြွက်ကို မလိုလားကြခြင်းဖြစ်ကြောင်း ဦးမောင်မောင်စိုးက ရှင်းလင်းသည်။

မြို့တော်ဝန် ဦးမောင်မောင်စိုး က “လူ့ပတ်ဝန်းကျင်မှာ ကြွက်အန္တရာယ် ကင်းရှင်းဖို့ ခေတ်မီတိုးတက်တဲ့ နိုင်ငံမှာ ကြွက်ပြဿနာနဲ့ ပုရွက်ဆိတ် ပြဿနာရှိပါတယ်။ သူတို့ဆီမှာ အခက်အခဲ ကျနော်တို့လောက် မရှိပေမယ့် ကျနော်တို့ဆီမှာ အခက်အခဲရှိပါတယ်” ဟု ဆိုသည်။

ရန်ကုန်မြို့စည်ပင်သာယာရေး ကော်မတီအနေဖြင့် ၂၀၁၅ -၂၀၁၆ ခုနှစ်တွင် အကြိမ်ရေ ၅၉၈ ကြိမ် ရှင်းလင်းခဲ့ကာ ကောင်ရေ ၃၀၇၉၀၀ ကျော် ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ၂၀၁၆ – ၂၀၁၇ ခုနှစ်တွင် စုစုပေါင်း ၅၂၇ ကြိမ်ရှင်းလင်းခဲ့ပြီး ၃၇၂၈၁၃ ကောင်ရရှိခဲ့ကြောင်း၊ ၂၀၁၇ – ၂၀၁၈ ခုနှစ်အတွင်းရှင်းသည့် အကြိမ်ရေမှာ ၄၁၀ ကြိမ်ရှိပြီး ၃၇၆၇၀၉ ကောင် ရှင်းလင်းခဲ့ကြောင်း သိရသည်။

Loading