ပြောင်းလဲ သတ်မှတ်လိုက်သည့် အနည်းဆုံး လုပ်ခ လစာ ၄၈၀၀ ကျပ်နှုန်းထား အသစ်ကို ပြည်ထောင်စု အစိုးရအဖွဲ့ ယခုလ (မေလ)အတွင်း အတည်ပြု ကြေညာချက် ထုတ်ပြန်သွားမည်ဟု သတင်းရရှိသည်။
အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ် ဦးဝင်းရှိန်က “လုပ်ခလစာနှုန်းကို ထုတ်ပြန်ဖို့ မေလအတွင်းမှာ ဖြစ်နိုင်ပါတယ်” ဟု မေလ ၄ ရက်နေ့က နေပြည်တော်ရှိ Max Hotel တွင် ပြုလုပ်သည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်များ ရေးဆွဲရာတွင် လုပ်သားများ ရွှေ့ပြောင်းခြင်းအား ကဏ္ဍအလိုက် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေး ခေတ္တရပ်နားချိန်တွင် မီဒီယာများကိုပြောသည်။
ယခင်က ၁ ရက်လုပ်ခ ၃၆၀၀ နှုန်းကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ဦး သဘောတူ ဆုံးဖြတ်ခဲ့သည့် အတွက် ယခု ပြောင်းလဲ သတ်မှတ်လိုက်သည့် ၄၈၀၀ ကျပ် နှုန်းထားမှာ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်တွင် ပြေလည်နိုင်ကြောင်း ဦးဝင်းရှိန်က သုံးသပ်ပြောကြားသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီက ပြောင်းလဲ သတ်မှတ်လိုက်သည့် အလုပ်သမားတဦး တရက်လျှင် လုပ်ခ အနည်းဆုံး ၄၈၀၀ သတ်မှတ်သင့်ကြောင်း မတ်လ ၅ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။
အထက်ပါ ဆုံးဖြတ်ချက် ကို ပြည်ထောင်စုအစိုးရ အဖွဲ့က အတည်ပြုမှ သာလျှင် စတင်ကျင့်သုံးနိုင် မည်ဖြစ်သည်။
မြန်မာနိုင်ငံ စက်မှု လက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂအဖွ့ဲချူပ် ဒုတိယ ဥက္ကဌ ဦးနော်အောင်က “၅ လပိုင်းမှာ ထုတ်ပြန်မယ်ပြောတယ်။ ဘယ်အချိန်ထုတ်မလဲဆိုတာ မသေချာဘူး၊ ကျနော်တို့ အလုပ်သမားတွေက ဒါကိုမျှော်လင့်နေတာလေ၊ ဒါကလည်း အလုပ်သမားတွေရဲ့ အသက်သွေးကြော လို ဖြစ်နေတာလေ”ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံ့ဝန်ထမ်းများ၏ တိုးမြှင့် လစာကို ဧပြီလမှ စ၍ ခံစားခွင့်ပြုကြောင်း၊ ဧပြီ ၂၅ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး၌ အတည်ပြုခဲ့သည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဌာနက ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်သည့် အမိန့်ကြေညာချက်၌ ဖော်ပြထားသည်။
ဦးနော်အောင်က “နိုင်ငံ့ ဝန်ထမ်းတွေ အကျိုးခံစားခွင့်က ၄ လပိုင်းထဲက အကျိုး ခံစာခွင့် ရှိပြီဖြစ်တဲ့ အတွက် ပုဂ္ဂလိက အလုပ်သမားတွေ အနေနဲ့ အခု ၅ လပိုင်းမှာ ပေးဖို့ လိုအပ်ပါတယ်။ ကြေညာချက် ထုတ်တဲ့အခါမှာလည်း ၅ လပိုင်း လစာပါပေးရမယ်ဆိုတဲ့ အကြောင်းကို ထည့်ကြေညာပေးဖို့ လိုပါတယ်” ဟုပြောသည်။
အနည်းဆုံး လုပ်ခ လစာ အခကြေးငွေကို ပြည်ထောင်စု အစိုးရအဖွ့ဲ အနေဖြင့် နှုန်းထား အသစ်အား ယနေ့အထိ ထုတ်ပြန်ကြေညာခြင်းမပြုနိုင်သေးခြင်းမှာ ဝန်ကြီးဌာန အနေဖြင့် ယခုကိစ္စအပေါ်တွင် တွန်းတွန်းတိုက်တိုက် မလုပ်၍ ကြာမြင့်နေခြင်းဟု ထင်မြင်ကြောင်း ဦးနော်အောင်က ဆိုသည်။
မြန်မာနိုင်ငံတွင် အနည်းဆုံးအခကြေးငွေ နှုန်းထားကို ဒုတိယအကြိမ်ပြင်ဆင်ရန် ၂၀၁၇ နှစ်လယ်မှစ ပြီး ၂၀၁၈ ခုနှစ် ဧပြီအထိ အတည်ပြု နိုင်ခြင်းမရှိသေးသဖြင့် အလုပ်သမားများဖက်မှာ ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။