မနက်ဖြန် မေလ ၅ရက်နေ့သည် ကွန်မြူနစ် အတွေးအခေါ် မာ့က်စ်ဝါဒကို အစပျိုးခဲ့သည့် အတွေးအခေါ် ပညာရှင် ကားလ်မာက်စ်၏ နှစ် ၂၀၀ ပြည့် မွေးနေ့ဖြစ်သည်။
ထို့အတွက် သူ၏ မွေးရပ်မြေ ဂျာမနီနိုင်ငံ ထရိုင်ယာမြို့တွင် အခမ်းအနားပေါင်း ၆၀၀ ကျော်ဖြင့် သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
သို့သော် နှစ် ၂၀၀ ပြည့်ပွဲတော် ကျင်းပရန် ပြင်ဆင်နေချိန်၊ အဆိုပါ ဆရာကြီး မာ့က်စ်၏ အမွေအနှစ်နှင့် ပတ်သက်၍ လွန်ခဲ့သည့် ၂၅နှစ် ဘာလင်တံတိုင်း ဖြိုချချိန်က ကဲ့သို့ပင် ကွဲပြားသော အမြင်များ ဖြစ်နေသည်။
စစ်အေးတိုက်ပွဲ၏ ဒဏ်ရာဟောင်းများ လတ်လတ်ဆတ်ဆတ် ရှိနေကြသေးသည့် အရင်းရှင် အနောက်ဂျာမဏီနှင့် တချိန် က ကွန်မြူနစ်ဖြစ်ခဲ့သော အရှေ့ဂျာမဏီတို့သည် ဂျာမန်အတွေးခေါ် ပညာရှင် ကားလ်မာ့က်စ်နှင့် ပတ်သက်၍ စိတ်ခံစားမှု ၂ ခုကို ကိုယ်စားပြုနေသည်။
အချို့ကမူ မာ့က်စ်သည် ဈေးကွက်စီးပွားရေး ဆိုးကျိုးများကို ကြိုတင်တွက်ဆနိုင်သော အမြင်ကျယ် သည့် ပညာရှင်ဟု ချီးကျူးကြသလို တချို့ကလည်း စတာလင်ပုံစံ အစိုးရများကို ပေါ်ပေါက်စေခြင်း အတွက် မာ့က်စ်ကို ဝေဖန်ကြသည်။
သို့သော် မာ့က်စ်အပေါ် ဝေဖန်နေသူများ အနေဖြင့် ဂျာမနီနိုင်ငံတွင် မာ့က်စ်၏ ဝါဒ သဘောတရားကို မနှစ်သက်၊ ဆန့်ကျင်သည် ဟစ်တလာကဲ့ သို့သော ဖက်ဆစ် အာဏာရှင် အစိုးရ ပေါ်ထွက်ခဲ့သည်ကိုမူ သတိချပ်သင့်သည်။
ကားလ်မာ့က်စ်၏ မွေးရပ်မြေ ထရိုင်ယာတွင် နှစ် ၂၀၀ ပြည့် အထိမ်းအမှတ်ကို အခမ်းအနားပေါင်း ၆၀၀ ကျော်ဖြင့် စီစဉ် ထားသော်လည်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် အရာများအနက် အဓိကမှာ ကွန်မြူနစ် တရုတ်ပြည်မှ လက်ဆောင် အဖြစ် ပေးအပ်ခဲ့သည့် ကြီးမားလှသော ရုပ်ထုကြီးဖြစ်သည်။
မနက်ဖြန် စနေနေ့တွင် ဖွင့်လှစ်မည့် ၁၈ပေ မြင့်သော ကားလ် မာ့က်စ်၏ ရုပ်ထုနှင့် ပတ်သက်၍ အသက် ၇၆နှစ် အရွယ် ဟယ်လင် ရှမစ်က “ကျမသူ့ကို မလိုအပ်ဘူး” ဟု ဆန့်ကျင်ပြောကြားသည်။
ဂျာမန်လူမျိုး အများစု၏ ခံစားချက်များသည် ၎င်းတို့ မည်သည့်အရပ်တွင် နေထိုင်ပြီး မည်သည်အရပ်တွင် လူလား မြောက်သည် ဆိုသော အချက်များအပေါ် မူတည်ပြောင်းလဲနေပုံရသည်။
“ကျမအမေကပြောဖူးတယ်။ ကားလ်မာ့က်စ်က ကွန်မြူနစ်တဲ့။ ကွန်မြူနစ်က ကွန်မြူနစ်ပဲပေါ့။ အခုတော့ သူက ကျမ တို့ရှေ့မှာ လာရပ်နေပြီ” ဟု အသက် ၉၂ နှစ်အရွယ် အန်းလိုက်စ် က စိတ်ရှုပ်ထွေးစွာဖြင့် ပြောသည်။
သူဆိုလိုသည်မှာ ထိုရုပ်ထုကြီးကို မကြာသေးမီကမှ တပ်ဆင်ထားသော ကားလ်မာ့က်စ်ကို သရုပ်ဖေါ်သည့် မီးပွိုင့်သစ် အနီးတွင် ထားရှိမည်ကို ရည်ညွန်းခြင်းဖြစ်သည်။
သူမသည် အနောက်ဂျာမဏီတွင် မွေးဖွားခဲ့သောကြောင့် မာ့က်စ်အကြောင်းပြောသည်ကို သူကြားဖူးခြင်းမရှိခဲ့ပဲ ယခုနှစ် မှသာ ကြားဖူူးခြင်းဖြစ်သည်ဟု အန်းလိုက်စ် ကပြောသော်လည်း သူမ၏ နောက်ဆုံးအမည်ကို ပြောဆိုရန်ကိုမူ သူငြင်းဆန် သည်။
သို့သော် အသက် ၂၂နှစ်အရွယ်ရှိ တက္ကသိုလ် ကျောင်းသူ ဆန်ဒရာ ကွန်းရက်ကမူ မာ့က်စ်၏ ဖျောက်ဖျက်မရနိုင်သော အရေးပါမှုနှင့်ပတ်သက်ပြီးသံသယဖြစ်ရန်မလိုကြောင်း “မာ့က်စ်ဟာ မဟာကြေညာစာတမ်း တစောင်ကို ထုတ်ပြန်ခဲ့ပြီး ဘယ်သူမှ သူ့ကို တုန့်ပြန်ချေပနိုင်ခဲ့ခြင်းမရှိဘူး။ သူ့ကို မေ့ဖျောက်ထားလို့မရဘူး” ဟု သူမ၏ အယူအဆကို ပြောသည်။
အနောက်ဂျာမဏီမှ အသက်အရွယ်ကြီးရင့်သော မျိုးဆက်များသည် ကွန်မြူနစ်ကြေညာစာတမ်း၊ အရင်းကျမ်း စသည့် မာ့က်စ်၏ စာပေလက်ရာများကို မသိဘဲ လူလားမြောက်ခဲ့ကြသော်လည်း နှစ်နိုင်ငံပြန်လည်ပေါင်းစည်းမှု အပြီးတွင် ထိုအခြေအနေမှာ ပြောင်းလဲသွားသည်။
အထူးသဖြင့် လွန်ခဲ့သော ၁၀ စုနှစ်အတွင်း ဇက်ကြိုးမဲ့ အရင်းရှင် စနစ်နှင့် ၎င်းတို့အပေါ် မကျေနပ်မှုများသည် ဖိနှိပ်ခံ အလုပ်သမားလူတန်းစားနှင့် တန်းတူညီမျှမှုကင်းမဲ့ခြင်း ဆိုင်ရာ မာ့က်စ်၏ စာတမ်းများကို အသစ်တဖန် စိတ်ဝင်စား လာစေသည်။
စက်မှုတော်လှန်ရေးနှင့် အတူ မွေးဖွားလာခဲ့သော မာ့က်စ်၏ သဘောတရားများသည် ၁၉ ရာစုအတွင်း အရှိန်အဟုန်ရ လာခဲ့ပြီး ယနေ့ခေတ် လူ့အဖွဲ့အစည်းသည် လူမှုနှင့် စီးပွားရေးအုံကြွမှုများနှင့် ရင်ဆိုင်လာရသောကြောင့် ထပ်မံ ပဲ့တင် ထပ်လာသည်။
မာ့က်စ်၏ ဘဝ၊ စာပေ အမွေအနှစ်တို့နှင့်ပတ်သက်ပြီး ပြည်ပတွင် ပြပွဲများကို ကြီးကြပ်ရန် ထူထောင်ထားသော ကုမ္ပဏီ တခုမှ ဒါရိုက်တာ ရိန်းနား အော့ထ် “ကားလ်မာ့က်စ်နဲ့ ပတ်သက်ပြီး အချိန်ကာလကန့်သတ်ချက်က ပိုမိုကင်းမဲ့လာပြီ။ ၂၀၀၈ ခုနှစ်ကစတင်ခဲ့တဲ့ အချို့သော စီးပွားရေး၊ ဘာဏ္ဍာရေး အကျပ်အတည်းတွေမှာ ခေတ်ပြိုင်ဘောဂဗေဒ သမားတွေ က မာ့က်စ်ကို သဘောတရားရေးဆရာ အဖြစ်ချီးကျူးကြတယ်” ဟု ကပြောသည်။
မာ့က်စ်ကို အမြတ်ထုတ်ခြင်း
သို့သော် ယခင်က အရှေ့ဂျာမဏီတွင် လှိုင်းထနေသော ဆံကေသာ၊ မုတ်ဆိပ်များနှင့် ထိုလူသန်ကြီး၏ စာပေများကို တခါက ကျောင်းတိုင်းလိုလိုတွင် ထောက်ခံသည်။
အချို့သောသူများကမူ မာ့က်စ်၏ အတွေးအခေါ်က ဖြစ်စေသော အပျက်အစီးများကြောင့် မာ့က်စ်ကို ချီးကျူးခြင်းကို လက်မခံလိုကြပေ။
“ကားလ်မာ့က်စ်ဟာ ဒီနေ့အထိ နောက်ပိုင်း ကွန်မြူနစ် အာဏာရှင်တွေအတွက် အုတ်မြစ်ကို ချမှတ်ပေးခဲ့တယ်”ဟု ကွန်မြူနစ်အာဏာရှင်စနစ်၏ သားကောင်များ အုပ်စုများအဖွဲ့ချုပ်မှ ဥက္ကဌ ဒိုင်ယက်တာ ဒွန်ဘရော့စကီးကပြောသည်။
“သူ ဒီစာပေတွေကို ရေးသားခဲ့တယ်။ သ ူကိုယ်တိုင် ဒီစာတွေကို အကောင်အထည်မဖေါ်ပေမယ့် ကွန်မြူနစ် အာဏာရှင် စနစ်က သူရေးသမျှ အကုန်လုံး အကောင်အထည်ဖေါ်တယ်” ဟုလည်းသူပြောသည်။
“ကျနော်တို့ရဲ့ ရာဇဝတ်မှု စနစ်အရ တစုံတဦးက အခြားသူတဦး ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်အောင်လှုံ့ဆော်ပြီး အဲဒီလူက တကယ်သတ်သေသွားရင် လှုံဆော်တဲ့သူကိုပါ ပြစ်ဒဏ်ချမှတ်တယ်။ ဒါမှဘဲမှန်တယ်” ဒွန်ဘရော့စကီး ကပြောသည်။ သူသည် အရှေ့ဂျာမဏီ အာဏာရှင်အောက်တွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရဖူးသည်။
ဟစ်တလာ လက်အောက်မှာထက် ကွန်မြူနစ်စနစ်အောက်တွင် လူပိုမိုများပြားစွာအသတ်ခံရသည်ဟု သူပြောသည်။
ထိုကြီးမားလှသော ရုပ်ထုကြီးကို တရုတ်နိုင်ငံက လက်ဆောင်ပေးခဲ့ခြင်းသည်လည်း ဝေဖန်စရာဖြစ်နေသည်။
“ဂျာမဏီမှာ ရုပ်ထုတခု တည်ဆောက်တယ်ဆိုတာဟာ ဒီလူကို ချီးကျူးတာပဲ။ ဒါကြောင့် ထရိုင်ယာဟာ ကားလ်မာ့က်စ်နဲ့ သူ့ရဲ့စာပေတွေကို ဂုဏ်ပြုလိုက်တာပဲ” ဟုပြောကြားပြီး တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်ရန် မာ့က်စ်ကို အမြတ်ထုတ်သည်ဟု လည်း စွပ်စွဲသည်။
မြို့တော်ဂုဏ်ဆောင် သားကောင်းရတနာ
ထိုကဲ့သို့သော စွပ်စွဲချက်များးကို ထရိုင်ယာရှိ အာဏာပိုင်များက ငြင်းဆိုပြီး ၎င်းတို့ ရည်မှန်းချက်များအတွက် မာ့က်စ်၏ သဘောတရားများကို သရုပ်ဖျက်ခဲ့ကြ အာဏာရှင် အစိုးရများအတွက် မာ့က်စ်ကို အပြစ်မတင်သင့်ကြောင်းလည်း ပြောသည်။
“အရှေ့ဂျာမဏီ အစိုးရက မာ့က်စ်ကို ကိုးကွယ်ပြီး သူ့ရဲ့စကားတွေကို သမ္မာကျမ်းလို့ သတ်မှတ်တယ်။ဒါကြောင့် သူ့ရဲ့ အတွေးအခေါ်၊ အဘိဓမ္မာတွေကို အယုံအကြည်ကင်းမဲ့စေတယ်။ ပြန်လည်ပေါင်းစည်းရေးပြီးမှသာ အမြင်သစ်တခုပေါ် ပေါက်လာခဲ့တယ်”ဟု ဒါရိုက်တာ ရိန်းနား အော့ထ် ကပြောသည်။
ထိုအထိမ်းအမှတ်ပြပွဲများသည် မာ့က်စ်ကို သူကောင်းပြုခြင်းမရှိသကဲ့သို့ လူကြမ်းအဖြစ်လည်း သရုပ်ဖေါ်ခြင်းမရှိကြောင်း လည်း သူကဆက်လက်ရှင်းပြသည်။
ထရိုင်ယာ မြို့တော်ဝန် ဝိုဖရမ် လိုင်ဘီ အတွက်မူ ယခုနှစ်သည် ကားလ်မာ့က်စ်နှင့် သူ၏စာပေများ ပြန်လည် အကဲဖြတ်ရန် အခွင့်အလမ်းဖြစ်သည်ဟု ဆိုသည်။
“အခုကျနော်တို့ပြန်လည် ပေါင်းစည်းခဲ့တာ နှစ် ၃၀ ရှိပြီ။ ဒါကြောင့် မာ့က်စ်ရဲ့စာပေးတွေကို အာဃတ မပါဘဲ ဝေဖန် ဆန်းစစ်ဖို့အခွင့်အလမ်းကို ဖြစ်စေတယ်” ဟုပြောရင်း ကားလ်မာ့က်စ်သည် မြို့တော်၏ အကြီးမြတ်ဆုံး သားကောင်း များအနက်တဦးဖြစ်သည်ဟု သူပြောသည်။
တရုတ်ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်ရန် ကြိုးစားသည်ဟူ သောအချက်ကိုလည်း သူငြင်းဆိုသည်။ သို့သော် တရုတ်လူမျိုးအများအပြားသည် မာ့က်စ်၏ ဇာတိမြေသို့ ဘုရားဖူးသဖွယ်လာရောက်ကြသည်။
ထရိုင်ယာသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသည်များ၏ ၁ ရာခိုင်နှုန်းသည်သာ တရုတ်လူမျိုးများဖြစ်ပြီး မြိုတော်အနေဖြင့် နိုင်ငံခြားခရီးသည်များကို ထပ်မံလက်ခံလိုလျှင်ပင် လက်ခံနိုင်ခြင်းမရှိတော့ကြောင်း သူရှင်းပြသည်။
“ကားလ်မာ့က်စ်ဟာ အရေးပါတဲ့ အတွေးအခေါ်တွေကို ဖေါ်ထုတ်ခဲ့တယ်။ ဒီအတွေးအခေါ်တွေကို လေ့လာဖို့သင့်တယ်။ အခုပြသနေတဲ့ ပြပွဲတွေကို ကြည့်ပြီးတဲ့အခါ တစုံတယောက် ကားလ်မာ့က်စ်ရဲ့ စာပေတွေရဲ့ အကျိုးပြုမှုတွေကို ရှုထောင့် သစ်ကနေလေ့လာဖို့ စာအုပ်တအုပ်လာဝယ်တယ်ဆိုရင် ကျနော်တို့ လုပ်ဆောင်ရတာ အောင်မြင်မှု အများကြီးရတယ်လို့ ကျနော်ထင်တယ်” ဟု မြို့တော်ဝန် လိုင်ဘီ ကပြောသည်။
မာ့က်စ်ဝါဒကို စတင်ခဲ့သည့် အတွေးအခေါ်ပညာရှင် ကားလ်မာ့က်စ်ကို ပရပ်ရှားနိုင်ငံ ထရိုင်ယာမြို့မှာ ၁၈၁၈ခုနှစ် မေလ ၅ရက်တွင် မွေးဖွားခဲ့ပြီး၊ နိုင်ငံမဲ့ဘဝဖြင့် ၁၈၈၃ ခုနှစ် မတ်လ ၁၄ရက်နေ့ အသက် ၆၄အရွယ်မှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ကွယ်လွန်ခဲ့သည်။
AFP သတင်းတွင် ရေးသားထားသည့် Marx at 200: Germany torn over revolutionary’s legacy ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။