အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်အမှုကို မေလ ၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၌ စတင် စစ်ဆေးခဲ့သည်။
ဒေါက်တာသန်းထွဋ်သည် FDA ဓာတ်ခွဲခန်း ဆောက်လုပ်ရန် တင်ဒါရရှိခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီထံမှ ကျပ်သိန်း ၁၅၀၀ ကျော် အဂတိလိုက်စားခဲ့သည်ဟုဆိုကာ ဧပြီလ၂၀ ရက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စစ်ဆေး ရေးမှူး ဦးသန်းဇော်ဝင်းက တရားလိုပြုလုပ်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ ခြင်း ဖြစ်သည်။
“ဒီနေ့စစ်ဆေးတဲ့ သက်သေကတော့ တဦးပါ၊ တရားလိုဖြစ်တဲ့ ဦးသန်းဇော်ဝင်းကို စစ်ဆေးတာပါ၊ အဲဒီတဦးတောင်မှ စစ်ဆေးလို့ မပြီးသေးပါဘူး၊ သက်သေခံတင်သွင်းမယ့် စာရွက်စာတမ်း မူရင်းတွေနဲ့ ပတ်သက်လို့ တင်ပြဖို့ရှိနေတဲ့အတွက်ကြောင့် ဒီအမှုကို ပြန်ပြီးတော့ ချိန်းဆိုပေးလိုက်တာပါ”ဟု မန္တလေးတိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရုံးသတင်း ပြန်ကြားရေးအရာရှိ ဒေါ်ခင်ခင်ချိုက ပြောသည်။
ဒေါက်တာ သန်းထွဋ်သည် FDA (နေပြည်တော်)အတွက် ဓာတ်ခွဲခန်း အဆောက်အအုံ ၂ လုံးနှင့် ပြည်နယ်နှင့် တိုင်းဒေသ ကြီး ခရိုင်ရုံး ၁၂ ခုတို့ကို တင်ဒါအောင်မြင် ဆောက်လုပ်ခွင့် ရရှိခဲ့သော ရဲတိုက်မြို့တော် ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီများ ထံမှ အဂတိလိုက်စားမှုများ ပြုလုပ်ထားသည်ဟုဆိုကာ နေပြည်တော် ဇမ္ဗူသီရိမြို့မ ရဲစခန်း၌ အမှုဖွင့်၍ စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကလည်း စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးရာတွင် တင်ဒါရရှိခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီထံမှ နေပြည်တော် ရွှေကြာပင်ရပ်ကွက်တွင် တိုက်တလုံး ဆောက်လုပ်ပေးစေခြင်း၊ နေပြည်တော် ရွာသစ် ကျေးရွာတွင် ရေကူးကန်ပါ ၂ ထပ်တိုက် ၁လုံးနှင့် ခြံဝင်းခတ်ပေးစေခြင်းများအပြင် ရွှေကြာပင် ရပ်ကွက်အတွင်း ဆောက်လုပ်နေသည့် RC တထပ်နေအိမ်အတွက် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် နေအိမ်အတွင်း အသုံးအဆောင် ပစ္စည်းများ၊ ရွာသစ်ကျေးရွာတွင် ဆောက်လုပ်နေသည့် နှစ်ထပ်အိမ်၊ ရေကူးကန်နှင့် အခြား ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ကျသင့်တန်ဖိုး ကျပ် သိန်း ၁၅၀၀ ဖိုးခန့်ကို လုပ်ပိုင်ခွင့် အာဏာ အလွဲ သုံးစားပြု၍ အဂတိ လိုက်စားမှုများ ပြုထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
“သူတို့တင်ပြမယ့် သက်သေခံတွေ၊ စာရွက်စာတမ်းတွေက ပြေစာမူရင်းအချို့လို့ မှတ်တမ်းတင်ထားပါတယ်၊ တရားရုံးတွေ အနေနဲ့ သက်သေခံပစ္စည်း လက်ခံတဲ့အခါမှာ ဘယ်စာရွက်စာတမ်းပဲဖြစ်ဖြစ် မူရင်းကိုပဲ လက်ခံတာပါ၊ ဒါကြောင့်မို့လို့ ပြေ စာမူရင်းတွေလိုတဲ့အတွက် မပါလာတဲ့အတွက်ကြောင့်မို့ ရုံးကနေပြန်ချိန်းဆိုပေးလိုက်တာဖြစ်ပါတယ်”ဟု ဒေါ်ခင်ခင်ချိုက ဆက်လက်ပြောသည်။
အဂတိဖြင့် တရားစွဲဆိုခံရသည့် ညွှန်ကြားရေးမှူးချူပ်ဒေါက်တာသန်းထွဋ်သည် အရပ်ဘက်ဆရာဝန်မှ စစ်ဘက်ဆရာဝန် အဖြစ် စစ်ဘက်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူကာ ရန်ကုန်ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်တွင် ဒုတိယ ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် မတ်လမှ စ၍ FDA တွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ယခုကဲ့သို့ တရားစွဲဆိုခံရခြင်း ဖြစ် သည်။
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်ကို ဇမ္ဗူသီရီမြို့မ ရဲစခန်းက (ပ) ၅၇၊၂၀၁၈၊ ၂၀၁၃ ခုနှစ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၌ တရားလွှတ်တော် တရားသူကြီး ဒေါ်တင်နွယ်ဝင်းက ဧပြီ ၂၇ ရက်က လက်ခံစစ်ဆေးပြီး ယနေ့ပထအကြိမ်ရုံးချိန်းတွင် တရားလိုပြ သက်သေအဖြစ် ဦးသန်းဇော်ဝင်းကို စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
“စစ်ဆေးဖို့တင်ထားတဲ့ တရားလိုပြ သက်သေအနေနဲ့ တင်ပြပေးထားတာကတော့ ၃၆ ဦးရှိပါတယ်၊ မေလ ၁၁ရက်နေ့မှာ ရုံးချိန်းပြန်လည်ချိန်းဆိုထားပါတယ်၊ တရားလိုဖြစ်တဲ့ ဦးသန်းဇော်ဝင်းကို ဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်”ဟု ဒေါ်ခင်ခင်ချိုက ဆက်လက်ပြောသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ၌ နိုင်ငံရေး ရာထူး လက်ရှိဖြစ်သူမှအပ အခြား လုပ်ပိုင်ခွင့်အာဏာ ရှိသူ မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။