သတင်း

ကျောက်ဆည်မြို့က ပိုင်ရှင်မဲ့သစ် အမှု ရဲတပ်ဖွဲ့ဝင်များကို စုံခုံဖွဲ့စစ်ဆေးနေ

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် မြို့နယ်တွင် ပိုင်ရှင်မဲ့သစ် ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ဒေသခံများ၏ တိုင်ကြား ချက် အပေါ် ယနေ့ တိုင်းအဆင့် စုံခုံဖွဲ့၍ တိုင်ကြားသူများနှင့် ရဲတပ်ဖွဲ့ဝင်များအား ကျောက်ဆည်ခရိုင် ရဲ တပ်ဖွဲ့မှူး ရုံး တွင် စစ်ဆေးလျက် ရှိကြောင်း ကာယကံရှင်များက ပြောသည်။

တရားမဝင် ပိတောက်တုံးများအား ဧပြီ ၂၄ ရက် ညပိုင်းက ဖမ်းဆီးမှုတွင် ရဲစခန်း တာဝန်ရှိသူများက ယာဉ်ပေါ်ပါသူ ၂ ဦးကို ပြန်လွှတ်ပေးကာ သစ်များအား ပိုင်ရှင်မဲ့အဖြစ် အမှုဖွင့်ခဲ့သည်။

ယင်းလုပ်ရပ်အပေါ် ကျေနှပ်မှု မရှိသည့်အတွက် အကျင့်ပျက် ရဲဝန်ထမ်းများအား အရေးယူရေးနှင့် တာဝန်သိ ရဲ ဝန်ထမ်း များကို ကာကွယ်ပေးရန်အတွက် ကျောက်ဆည်မြို့နယ် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) အဖွဲ့ တာဝန်ခံ ဦးကိုကိုလွင် နှင့် ဦးစိုးသီဟ ဆိုသူတို့က မေ ၂ ရက်တွင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီးထံ လိပ်မူကာ တိုင်ကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အမှုဖြစ်စဉ်မှာ ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ဇေယျာမောင် ဆိုသူတို့သည် ဧပြီ ၂၄ ရက်နေ့ညက မြို့တွင်းသို့ လက်ဖက်ရည် သောက် သွားရာမှ ကျောက်ဆည်မြို့လယ် ရန်ကုန်-မန္တလေး ကားလမ်းပေါ်တွင် မောင်းနှင်လာသည့် ယာဉ်အား မသင်္ကာသဖြင့် လိုက်လံစစ်ဆေးရာမှ ဖွဲအိတ်များဖြင့် ဖုံးထားသည့် ပိတောက်တုံးများကို ယာဉ်ပေါ်ပါသူ နှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရဲတပ်သားနှစ်ဦး အနေဖြင့် ဖမ်းဆီးရမိမှုအား အရေးယူဆောင်ရွက်ရန် ယာဉ်နှင့်အတူ ဖမ်းမိထားသည့် ယာဉ်ပေါ်ပါသူ နှစ်ဦးအား စခန်းသို့ ခေါ်ဆောင်လာကြောင်း၊ ထို့နောက် ၎င်းတို့ ဖမ်းဆီးလာသူများအား ပြန်လွှတ်ရန် စခန်းမှူး ဆိုသူ က ဖိအားပေးခဲ့ပြီး သစ်များကို ပိုင်ရှင်မဲ့အဖြစ်သာ အမှုဖွင့်ခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

ထို့ပြင် စခန်းမှူးက ဖမ်းဆီးသူ ရဲတပ်သားနှစ်ဦးအား ခေါ်ယူကာ “မင်းတို့ကို ဘယ်သူက ဖမ်းခိုင်းလို့ ဖမ်းတာလဲ။ အခုမြို့နယ်မှူးက လွှတ်ပေးဖို့ ငါ့ကိုကြိမ်းနေပြီ” ဟု ပြောဆိုကာ ၁ နာရီခန့် ဆူပူကြိမ်းမောင်းခဲ့ကြောင်းလည်း တိုင်ကြား စာတွင် ပါရှိသည်။

ယင်းသို့ ဆူပူနေစဉ် နယ်ထိန်း ခေါင်းဆောင် ရဲအုပ် သန်းထိုက် ဆိုသူနှင့် ရဲစခန်းသို့ အတူရောက်ရှိလာသည့် ပြည်ပန်း ကျေးရွာနေ မုံလာ(ခ) အောင်စိုးမိုး၏ ကားပေါ်သို့ ဖမ်းဆီးထား သူနှစ်ဦးအား နယ်ထိန်း ဒုတပ်ကြပ် ချစ်စန်းကို ဆိုသူက တင်ပေးကာ လွှတ်ပေးခဲ့ကြောင်းလည်း တိုင်ကြားစာတွင် ရေးသား ဖော်ပြထားသည်။

ယင်းတိုင်ကြားစာကို ကိုယ်တိုင်ဖမ်းဆီးခဲ့သည့် ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ဇေယျာမောင်တို့ အပါအဝင် ရဲတပ်သား ၅ ဦးက အချက်အလက်များ မှန်ကန်ကြောင်း အတည်ပြု လက်မှတ်ရေးထိုးထားသည်ကို တွေ့ရှိရသည်။

ကျောက်ဆည်မြို့နယ် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) အဖွဲ့ တာဝန်ခံ ဦးကိုကိုလွင်က “တာဝန်သိတဲ့ ရဲတပ်ဖွဲ့ဝင် လေးတွေကို ရာထူးချတာ၊ နယ်ရွှေ့တာတွေ လုပ်မှာစိုးလို့ ကျနော်တို့က ရှေ့ကနေ ဝင်ရပ်တည်ပေးတာ။ ဒီအတွက် ကျနော်တို့ အတွက် အန္တရာယ်လည်း များတယ်။ အခုဆို သတိနဲ့ သွားလာနေရတယ်” ဟု ပြောသည်။

တိုင်ကြားစာတွင် မှန်ကန်ကြောင်း လက်မှတ်ရေးထိုးထားသည့် ရဲတပ်သား ၅ ဦးကိုလည်း မေလ ၃ ရက်နေ့က စဉ့်ကိုင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ကြောင်းလည်း ရဲတပ်သားများက ပြောပြသည်။

တရားမဝင် သစ်များ ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ရဲတပ်သား ထွန်းထွန်းဝင်းက “ဥပဒေမဲ့ လုပ်ရပ်တွေကို ပြည်သူတွေ သိအောင် လုပ်ခဲ့တာပါ။ စိုးရိမ်တာတော့ ရှိပေမယ့် အမှန်တရားကိုသိအောင်တော့ ဖော်ထုတ်တိုင်ကြားရမှာပဲ။ အခု အခြေနေက တအားပြောလို့တော့ အဆင်မပြေဘူး။ ရဲစည်းကမ်းနဲ့ အရေးယူခံရမှာလည်း ရှိသေးတယ်”ဟု ပြောသည်။

တိုင်း ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး တင်ဇော်ဝင်း ဦးဆောင်သည့် စုံခုံအဖွဲ့အနေဖြင့် မေလ ၄ ရက်နေ့ နံနက်ပိုင်းက တိုင်ကြားသူ နှစ်ဦးအား စစ်ဆေးပြီးနောက် မြို့နယ် သစ်တောဌာနမှ တာဝန်ရှိသူများကို ဆက်လက် စစ်ဆေးလျက်ရှိပြီး မြို့နယ်မှူး အဆင့်မှ ရဲတပ်သား အဆင့်ထိ စစ်ဆေးမှုတွေ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

တိုင်ကြားစာတွင် ဖမ်းဆီးထားသူများအား လာရောက် ခေါ်ဆောင်သွားသူဟု ဖော်ပြထားသည့် မုံလာ(ခ) အောင်စိုးမိုး ဆိုသူနှင့် ပတ်သက်၍ တစုံတရာ ပြောကြားပေးရန် ကျောက်ဆည်မြို့ခံ တချို့နှင့် ဌာနဆိုင်ရာတချို့မှ တာဝန်ရှိသူများ အား ဧရာဝတီက မေးမြန်းခဲ့သော်လည်း အန္တရာယ်ရှိသည့်အတွက် ဟုဆိုကာ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြသည်။

အဆိုပါ အမှုဖြစ်စဉ်တွင် လာဘ်ပေးလာဘ်ယူမှုများ ရှိမရှိနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံသို့လည်း မေလ ၄ ရက်၌ တိုင်ကြားစာ ထပ်မံပို့ထားပြီ ဖြစ်ကြောင်း ဦးစိုးသီဟ က ပြောသည်။

တိုင်ကြားစာနှင့်ပတ်သက်ပြီး အမှုဖြစ်ပွားသည့် ညပိုင်းက တာဝန်းမှူးအဖြစ် တာဝန်ကျသူ ဒုရဲအုပ် ကိုကိုလင်းကလည်း ယခုဖြစ်စဉ်မှာ မှန်ကန်ကြောင်း၊ အပြင်သို့ ဆေးစာသွားပို့ပြီး စခန်းသို့ပြန်ရောက်စဉ်တွင် ဖမ်းဆီးထားသူ နှစ်ဦးမှာ စခန်း တွင် ရှိနေသည်ကို တွေ့ရကြောင်း၊ ယင်းနောက် အမှုဖွင့်မည့် အချိန်တွင် ဖမ်းထားသူနှစ်ဦး မရှိတော့ကြောင်း ဧရာဝတီ ကို ပြောပြသည်။

အမှုဖြစ်စဉ်ရက်ပိုင်းက ကျောက်ဆည်မြို့နယ် စခန်းမှူးအဖြစ် တာဝန် ထမ်းဆောင်နေသူ ဒုရဲမှူး မြင့်ဦး သည် မေလ ၃ ရက်၌ မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာဇံ မြို့နယ်သို့ ပြောင်းရွှေ့သွားပြီ ဖြစ်ကြောင်း ကျောက်ဆည် ရဲစခန်းမှ သိရ သည်။

အမှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကျောက်ဆည် စခန်းမှူးဟောင်းဖြစ်သူ ဒုရဲမှူး မြင့်ဦး ကို မေးမြန်းရန် ဆက်သွယ် ခဲ့သော်လည်း ဖြေကြားခြင်း မပြုခဲ့ပါ။

လက်ရှိတွင် ကျောက်ဆည် ရဲစခန်းမှူး အဖြစ် ဒုရဲမှူး ဝင်းနိုင်က တာဝန် ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။

အမှုဖြစ်စဉ်အပေါ် ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းဇော်က “ကျနော့်ကို ခေါ်စစ်မယ်လို့တော့ ပြောထားတဲ့ အတွက် စောင့်နေတာပါ။ စစ်ပြီးရင်တော့ ဖြစ်စဉ် အမှန်အတိုင်း ပေါ်လာပါလိမ့်မယ်။ တခြားတော့ ဘာမှပြောစရာ မရှိ သေးပါဘူး”ဟု ပြောသည်။

ကျောက်ဆည် မြို့နယ် မဲဆန္ဒနယ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းကမူ အမှုဖြစ်စဉ်အား တရားမျှတမှုနှင့် အမှန်တရား ပေါ်ပေါက်ရေး အတွက် မျက်ခြည်မပြတ် စောင့်ကြည့်နေကြောင်းနှင့် ပြည်ထဲရေး ဝန်ကြီး ဌာန အနေနှင့်လည်း ကိုင်တွယ် ဖော်ထုတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading