ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP)နှင့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ နမ္မတူ မြို့နယ် မန်ဆာကျေးရွာ အနီး တိုက်ပွဲဖြစ်ပွားရာ ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက် ထိမှန်၍ ဒေသခံ၂ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် မန်ဆာလုံအုပ်စု မန်ဆာကျေးရွာ၌ SSPP နှင့် TNLA တို့ ၂၀၁၈ ခုနှစ် မေ ၄ ရက်နေ့ နံနက် ၉ နာရီက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုမှ မိုင်းရင်ကျေး ရွာ အုပ်ချုပ် ရေးမှူး ဦးထွန်းလှိုင်းက ဧရာဝတီသို့ ပြောသည်။
“မနက် ၉ နာရီက စဖြစ်တာ SSPP နဲ့ TNLA တိုက်ပွဲက ၁၂ နာရီခွဲမှာ ပြီးသွားတယ်။ အုပ်စုကို ပြောရင် မန်ဆာ လုံ အုပ်စု၊ ကျေးရွာဆိုရင် မန်ဆာ ကျေးရွာပေ့ါ။ ရွာသား ၂ ဦးတော့ ဒဏ်ရာရရှိသွားတယ်။ လက်နက်ကြီး ကျလို့ လေ။ ပစ်တာတော့ ပလောင်က ပစ်တာဖြစ်မယ်။ ဘာလို့ဆို SSPP က ရွာထဲမှာ နေတာ” ဟု ၎င်းက ပြောပြသည်။
SSPP နှင့် TNLA တို့ တိုက်ပွဲကြောင့် မန်ဆာကျေးရွာမှ ဦးအိုက်စိုင်း၏ နေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက် ခဲ့ရာ အိမ်ပိုင်ရှင် ဦးအိုက်စိုင်းမှာ ဝမ်းဗိုက်တွင် လက်နက်ကြီး ကျည်စ ထိမှန်ခဲ့ခြင်းကြောင့် လားရှိုး ဆေးရုံသို့ ပို့ဆောင် ထားရကြောင်း ဦးထွန်းလှိုင်းက ပြောသည်။
ဒေါ်အေးစံ ခေါ် ဒေါ်အေးဟန် မှာလည်း ပခုံး၌ ဒဏ်ရာ ရရှိသွားခြင်းကြောင့် နမ္မတူ ဆေးရုံသို့ ပို့ဆောင်ထားရ ကြောင်း ၎င်းက ဆက်လက်၍ ပြောပြသည်။
TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “ကျနော်တို့ အောက်ခြေက သတင်းတော့ မတက် သေးဘူး။ တိုက်ပွဲဖြစ်တယ် ဆိုတာတော့ ရေးနေတာတော့ တွေ့ရတယ်။ အတည်တော့ မပြုနိုင်သေးဘူး” ဟု ပြောသည်။
အဆိုပါ တိုက်ပွဲ ဖြစ်စဉ်နှင့် ပတ်သက်ပြီး SSPP မှ တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းရာတွင် ဖုန်းဖြေကြား ခြင်း မရှိသည့်အတွက် တစုံတရာ မသိရပေ။
မန်ဆာကျေးရွာတွင် ဖြစ်ပွားသော တိုက်ပွဲကြောင့် ဒေသခံ ၁ ရာကျော် မိုင်းရင်ကျေးရွာ ဘက်သို့ တိုက်ပွဲရှောင် နေကြ ရပြီး လက်ရှိတွင် ၎င်းတို့အား ဘုန်းတော်ကြီး ကျောင်းများမှာ နေရာချထားပေးကြောင်း ဦးထွန်းလှိုင်းက ပြောသည်။
SSPP နှင့် TNLA သည် တရုတ်-မြန်မာ နယ်စပ် တလျှောက် လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များ ဖြစ်ပြီး မိုင်းရင် ကျေးရွာ အုပ်စုနှင့် မန်ဆာလုံ ကျေးရွာအုပ်စုများ အတွင်း စစ်ရေး လှုပ်ရှားလျက် ရှိကြကြောင်း သိရသည်။
FPNCC သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် မထိုးရန်၊ စာချုပ် အသစ် ဖော်ပေးရန်၊ တဖွဲ့ချင်း မဆွေးနွေးဘဲ ၇ ဖွဲ့ဖြင့် ဖွဲ့ထားသော FPNCC အနေဖြင့်သာ ဆွေးနွေးရန် မူဝါဒများ ချမှတ်ထားသော ကော်မတီ ဖြစ်သည်။
မေ ၁ ရက်မှ ၂ ရက်ထိ SSPP ခေါင်းဆောင်များနှင့် အစိုးရ ကိုယ်စားလှယ် ငြိမ်းချမ်းရေး ကော်မရှင်(PC)မှ တာ ဝန်ရှိသူ များ SSPP ဌာနချုပ် ဝမ်ဟိုင်း၌ တွေ့ဆုံကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မေ ၄ ရက်၌ မန်ဆာ ကျေးရွာဘက်တွင် SSPP နှင့် TNLA တို့ ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားလာခဲ့ကြပြီး မေလ ၂ ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွယ်ရင်တောင်ပေါ်တွင် SSPP နှင့် တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွား ကြသည်။
SSPP နှင့် TNLA အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခြင်း မရှိသော်လည်း ထိပ်တိုက် တိုက်ပွဲများ အနေ နှင့် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များ အတွင်းက ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။