၂၀၁၅ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုနဲ့ မဲအပြတ်အသတ်နိုင်ပေမယ့် တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ သမ္မတလုပ်ခွင့်မရလို့ အ တိုင်ပင်ခံဆိုတဲ့ ရာထူးကို ဖန်တီးပြီး တိုင်းပြည်ကို ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူယုံကြည်စိတ်ချလို့ရတဲ့ သမ္မတ ဦး ဝင်းမြင့်ကို အစိုးရအဖွဲ့မှာ ထားခဲ့ပြီး ပါတီကို ပြန်ဖို့ စတင် စဉ်းစားနေပြီဆိုတဲ့ သတင်းစကားတွေ ထွက်ပေါ်နေပါပြီ။
ရန်ကုန်မြို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သတင်းရင်းမြစ်တဦးရဲ့ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု အစိုးရအဖွဲ့ မှာ အလွန်ဆုံး ၁ နှစ်လောက်သာ ရှိနေတော့မှာဖြစ်ပြီး ပါတီကိုပြန်ဖို့ ရှိတယ်လို့ ဧပြီလကုန်ပိုင်းမှာ ဧရာဝတီကို ဖွင့်ဟခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၈ ခုနှစ်၊ မတ်လက သြစတြေးလျ ခရီးစဉ်များအပြန် NLD ပါတီ ထိပ်ပိုင်း တာဝန်ရှိသူတွေနဲ့ လူမှုရေးအရ နေပြည်တော်တွင် တွေ့ဆုံစဉ် နိုင်ငံ့တာဝန်များမှ အနားယူလိုကြောင်း ထုတ်ဖော်ပြောဆိုမှုများ ရှိခဲ့ဖူးပါတယ်။ ဒီသတင်းကို ပါတီ ပြောခွင့်ရပုဂ္ဂိုလ်က နောက်ပိုင်းမှာ ငြင်းဆိုခဲ့ပြီး လူမှုရေးအရ ပြောရိုးပြောစဉ်သာ ဖြစ်တယ်လို့ ပြန်လည် ရှင်းလင်းခဲ့ပါတယ်။
ဒါပေမယ့် လာမယ့် ဇွန်လ ၁၉ ရက်မှာ အသက် ၇၃ နှစ်ပြည့်ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဩစတြေးလျခရီးစဉ်အတွင်း ပညာရှင်ဆွေးနွေးပွဲတခုကို ကျန်းမာရေး မကောင်းလို့ ဖျက်သိမ်းခဲ့ရပါတယ်။ လေကြောင်းခရီးရှည် မထွက်ချင်ဘူးလို့ နီးစပ်ရာ အာရှသံတမန်တချို့ကို ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတာလည်း သိရပါတယ်။ ၂၀၁၆ အမေရိကန်ခရီးစဉ်အပြန် ရန်ကုန်လေဆိပ်မှာ ဘီးတပ်ကုလားထိုင်နဲ့ ဆင်းလာတာလည်း လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး သတိရှိပါတယ်။ နေအိမ်အကျယ်ချုပ် ကာလအတွင်းမှာတောင် ပုံမှန် ကျန်းမာရေးစစ်ဆေးတတ်ပါတယ်။ စက်တင်ဘာလတုန်းက ရန်ကုန် ဂရန်းဟံသာဆေးရုံမှာ ကျန်းမာရေးစစ်ဆေးခဲ့ပါတယ်။ နေပြည်တော်မှာလည်း ပုံမှန် ကျန်းမာရေးစစ်ဆေးတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် စားဖိုမှူးဟောင်း ဦးမြင့်စိုးက “ဒေါ်အောင်ဆန်းစုကြည်က အနီရောင်အသားမစားဘူး။ အချိုမှုန့်တို့၊ ဆီများတဲ့အစားအစာတို့ရှောင်တယ်။ အငန်လည်းရှောင်တယ်။ ငါးပုဇွန်နဲ့ဟင်းသီးဟင်းရွက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြိုက်ပဲ။ ကြက်သားနဲ့ဘဲသားလည်းကြိုက်တယ်။ သူက အရမ်းကိုကျန်းမာရေးဂရုစိုက်တယ်။ အချိုမှုန့်အစား သကြားသုံးခိုင်းတယ်။ သူက မဝချင်ဘူး” လို့ ဧရာဝတီကို ပြောခဲ့ဖူးပါတယ်။
ဒါပေမယ့် အသက်အရွယ် ကြီးရင့်ပြီး အလုပ်ဖိစီးလို့ ပင်ပန်းလာပုံပေါ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပါတီကို ပြန်မယ်ဆိုတာ သမ္မတသစ် ဦးဝင်းမြင့် အာဏာရယူတဲ့ အချိန်ကစပြီး နိုင်ငံရေး အသိုင်းအဝိုင်းက စတင် သုံးသပ်လာကြတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပါတီကို မပြန်မီကာလအတွင်း ဥပဒေပြုရေး အတွေ့အကြုံသာ ရှိသေးတဲ့ သမ္မတ ဦးဝင်းမြင့်က တပ်မတော်နဲ့ ဆက်ဆံရေး ကောင်းလာအောင် နိုင်ငံရေးအရ သြဇာထူထောင်နိုင်ခဲ့ရင် ဒီလမ်းကြောင်းဟာ ဖြစ်နိုင်တယ်လို့ သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။
ဦးရဲထွန်းက“ပါတီလိုင်းကို ကိုင်ထားနိုင်ရင် သမ္မတနေရာတို့ တခြား ဘာကိစ္စပဲ ဖြစ်ဖြစ်။ အပြောင်းအလဲလုပ်ဖို့ အတွက် ပါတီကနေပြီးတော့ ညွှန်ကြားနေလို့ ရတယ်။ သမ္မတ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ် မကြိုက်ဘူးဆိုရင် ဥပဒေ လုပ်ထုံး၊ လုပ်နည်း အတိုင်း နုတ်ထွက်ခွင့် တောင်းခိုင်းလို့ရတယ်။ မနုတ်ထွက်ရင် လွှတ်တော်ကနေ စွပ်စွဲပြစ်တင်ပြီး ထုတ်ပစ်လို့ရတယ်။ ပါတီက လွှတ်တော်ထဲမှာ လွှမ်းမိုးနေတဲ့ အခါ အဲဒီလိုကိစ္စတွေ စီမံခန့်ခွဲနိုင်သလို နောင်ရွေးကောက်ပွဲအတွက်လည်း နိုင်ဖို့အတွက် စည်းရုံးလို့ ရသွားနိုင်တယ်”လို့ ပြောပါတယ်။
(၂၀၁၈နဲ့ ၂၀၁၉) ၂ နှစ်သာ အစွမ်းပြဖို့ ကျန်တော့တဲ့ NLD အစိုးရဟာ အစွမ်းမပြနိုင်ခဲ့ရင် ၂၀၁၅ ရွေးကောက်ပွဲထက် ၂၀၂၀ ရွေး ကောက်ပွဲက စိန်ခေါ်မှုတွေ ပိုများနိုင်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပါတီကို ပြန်လည် ဦးဆောင်ဖို့ လိုအပ်နေတယ်လို့ မြင်ကြောင်း နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ဧရာဝတီကို ပြောပါတယ်။
“၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်ကာလတွေမှာ NLD ဟာ နိုင်ငံရေးအရ ခြေစွမ်းခြေစ ပျောက်နေဦးမည်ဆိုရင်၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အလားအလာဟာ စိုးရိမ်ရေမှတ် အထက်ကို ရောက်သွားနိုင်ချေရှိပါတယ်”လို့ သူက ဆိုပါတယ်။
မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပြန်အနိုင်ရဖို့ ဒေါ်အောင် ဆန်းစုကြည် ပါတီကို ပြန်စရာ မလိုကြောင်း ပြောပါတယ်။
“ပါတီမှာ သူ (ဒေါ်အောင်ဆန်းစုကြည်) မရှိလည်း သူ့သြဇာက တော်တော် ကြီးမားနေဆဲပဲလေ။ ရှင်းရှင်းပြောရရင် အကုန်လုံးကို ထိန်း ချုပ်ထားနိုင်တဲ့ အခြေအနေမှာ ရှိတယ်။ ပြန်လာပြီးလုပ်မှ ရွေးကောက်ပွဲနိုင်မယ့် အခြေအနေမျိုး မဟုတ်ဘူး။ ပါတီကို ပြန်လာမယ် မထင်ဘူး။ အစိုးရအဖွဲ့က ပိုအရေးကြီးနေတယ်”လို့ ဦးအောင်လှိုင်ဝင်းက ဆိုပါတယ်။
အစိုးရအဖွဲ့ရဲ့ လုပ်ရပ် ကောင်းကောင်း လုပ်ပြရင် ပါတီလည်း နာမည်ရလာမှာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပါတီ စည်းရုံးရေး ဆိုပြီး သွားနေလို့ မရတဲ့အတွက် ပါတီကို ပြန်မယ်ဆိုတဲ့ သတင်းတွေကို ကြားနေပေမယ့် လက်မခံကြောင်း၊ သူ့အနေနဲ့ အစိုးရအဖွဲ့ထဲမှာပဲ ဆက်ရှိနေမယ်လို့ ယူဆကြောင်း သူက ဆက်ပြောပါတယ်။
“ပါတီကို စည်းရုံးနေမှ မဟုတ်ဘူး။ အစိုးရအလုပ်ကို ကောင်းကောင်းလုပ်ပြနေရင်လည်း ဒါ စည်းရုံးရေးပါပဲ”လို့ ဦးအောင်လှိုင်ဝင်းက မှတ်ချက်ပြုပါတယ်။
NLD ပါတီရဲ့ ဗဟိုကော်မတီ တဦးဖြစ်သူ မုံရွာအောင်ရှင်ကလည်း ပါတီမှာ လိုအပ်ချက်တွေ ရှိနေပေမယ့် အစိုးရအလုပ်တွေ အများကြီး ရှိနေ တာကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပါတီကို မပြန်သင့်သေးဘူးလို့ ထင်ကြောင်း၊ အခုချိန်မှာတော့ အစိုးရအဖွဲ့ထဲမှာ နေတာကသာ အကောင်းဆုံးလို့ သူထင်ကြောင်း ပြောပါတယ်။
“အစိုးရမှာ လုပ်စရာတွေက အများကြီး ကျန်သေးတယ်။ ပါတီမှာလည်း တည်ဆောက်ရေးတို့၊ စည်းရုံးရေးတို့ ပါတီ စည်းကမ်းထိန်း သိမ်းရေးတို့ ဆိုတာလည်း လိုတာပါပဲ။ ဒါပေမယ့် သူပြန်လာဦးမယ်လို့ မထင်ဘူး။ ပါတီက အခုလည်း ရပ်တည်လို့ ရနေတာပဲလေ။ နည်းနည်းတော့ အားနည်းတာပေါ့။ ရပ်တည်လို့တော့ ရသေးတယ်”လို့ မုံရွာအောင်ရှင်က ပြောပါတယ်။
သင့်ဘဝ မဂ္ဂဇင်း အယ်ဒီတာဟောင်း ဦးတင်မောင်သန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ပါတီကို ပြန်မယ်ဆိုတဲ့ သတင်းမျိုးဟာ စော လွန်းနေသေးပြီး ရွေးကောက်ပွဲနီးမှ တကယ်ဟုတ်၊ မဟုတ်ဆိုတာ ပြောနိုင်မှာ ဖြစ်ကြောင်း သုံးသပ်ပါတယ်။
“အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်မယ်လို့ ဆုံးဖြတ်တဲ့ သတင်းတွေဟာ ဟုတ်ပါ့မလားလို့ မေးစရာ ရှိတယ်။ နားမယ်ဆို တာတော့ ဖြစ်ရင် ဖြစ်နိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဘယ်လို နားမလဲဆိုတာ တိတိကျကျ ပြောဖို့ ခက်တယ်။ သတင်းရဖို့လည်း ဒီအချိန်မှာ ခက်လိမ့်ဦးမယ်လို့ ကျနော်ထင်တယ်။ နောက်တနှစ်၊ ၂ နှစ်မှာ ရွေးကောက်ပွဲ နီးလာမှ ပြောလို့ ရမယ် ထင်တယ်။ ဟုတ်၊ မဟုတ်ဆိုတာ ပြောဖို့ စောသေးတယ်”လို့ သူက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူအစိုးရဖြစ်လာရင် တိုင်းပြည်က ကိစ္စတော်တော်များများကို ဦးဆောင်နိုင်လိမ့်မယ်လို့ တွက်ချက်ခဲ့ပုံရပြီး အတိုင်ပင်ခံရာထူးကို ဖန်တီးပြီး NLD ရဲ့ ကြွေးကြော်သံတွေ ဖြစ်တဲ့ တရား ဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွေ ကြိုးစားခဲ့ပေမယ့် ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။
“ဦးဆောင်ကြည့်တဲ့အခါ လက်တွေ့မှာတော့ မလွယ်လှဘူးဆိုတာကို နားလည်လာပုံရတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံကို တည်ဆောက်တဲ့ အခါမှာ စိတ်ဓါတ်ရေးရာအရ ဦးဆောင်မှု ပေးရုံနဲ့တင် မရတော့ဘူး။ အုပ်ချုပ်ရေး အတွေ့အကြုံတွေ ရှိဖို့လိုတယ်။ စီမံ ခန့်ခွဲရေး အတွေ့အကြုံတွေ နောက်တခါ စစ်ရေးကိစ္စတွေ နားလည်ဖို့ လိုတယ်”လို့ အမတ်ဟောင်းတဦးဖြစ်သူ ဦးရဲထွန်းကလည်း ပြောပါတယ်။
အရေးကြီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစိုးရထဲမှာပဲ နေနေ၊ ပါတီထဲမှာပဲ နေနေ အစိုးရနဲ့ လွှတ်တော်ကို ထိန်းကျောင်းတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို တိတိကျကျနဲ့ ပွင့်လင်းမြင်သာမှု ရှိရှိ လုပ်ဖို့ လိုအပ်ပြီး လွှတ်တော်၊ အစိုးရ၊ ပါတီတို့လို အင်စတီကျူးရှင်းတွေဟာ လူပုဂ္ဂိုလ်အပေါ်မှာ အခြေခံတဲ့ပုစံကနေ မူဝါဒအပေါ် အခြေခံတဲ့ လုပ်ငန်းစဉ်တွေအဖြစ် ပြောင်းလဲပစ်ရမယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။
“ပါတီထဲမှာ ဗဟိုချုပ်ကိုင်မှုတွေ မြင့်မားနေတယ်။ ဗဟိုချုပ်ကိုင်မှု မြင့်မားနေတဲ့ပါတီ ကနေ ဘယ်လိုလုပ်ပြီးတော့ ဒီမိုကရေစီ အပြောင်း အလဲကို ဦးဆောင်မှာလဲ။ နောက်တချက်ကကျတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် မြန်မာနိုင်ငံမှာ ရှိတဲ့ နိုင်ငံရေး ပါတီတွေကို စနစ်တကျ တည်ဆောက်ဖို့ လိုအပ်နေသေးတယ်”လို့ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။