သတင်း

တိုက်ပွဲအကြားပိတ်မိနေသည့်ဒေသခံ၁၅၂ဦးကိုကယ်ထုတ်ခွင့် တားမြစ်ခံရ

ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ သဘောတူညီချက်ဖြင့် တိုက်ပွဲဖြစ်ဧရိယာအနီး ပိတ်မိနေသည့် ကာမိုင်းမြို့နယ်ခွဲ ၊ လိုင်နောင်ခူး (မံဝေ)ဒေသခံ ၁၅၂ ဦး ထံသို့ ကယ်ဆယ်ရေးအဖွဲ့ သွားခဲ့ကြသော်လည်း တပ်မတော်က ကယ်ဆယ်ခွင့် တားမြစ်ထားသည်ဟု သတင်းရရှိသည် ။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က “အစိုးရရဲ့ကတိစကားအတိုင်း ကျနော်တို့ သွားခဲ့ပါတယ်။ အစိုးရရဲ့ ဆန္ဒကတော့ ပိတ်မိနေတဲ့ လူထုကို ခေါ်ဖို့ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ကလည်း ဒီလိုပဲ ပြောပါတယ်။ ကျနော်တို့ ကာမိုင်းရောက်တော့ စစ်တပ်က ခွင့်မပြုဘူးဆိုတဲ့ စကားတွေ ပါလာပါတယ်”ဟု ပြောသည် ။

ပိတ်မိနေသူများကို ကယ်ထုတ်ရေးအတွက် အဓိက ဖြစ်နေသူက တပ်မတော် ဖြစ်နေကြောင်း၊ ကချင်လူမျိုးများက မြန်မာ့လွတ်လပ်ရေးတွင်လည်း ပါဝင်ခဲ့ကြပြီး အသက်များစွာ ပေးထားပြီး ကချင်များ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့သည်ကို မမေ့သင့်ကြောင်း ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။

“ယနေ့ ကျနော်တို့ ကချင်လူထုကို ကယ်ဆယ်ရေးမှာ ဘာ့ကြောင့်နှောင့်နှေးနေတာလဲ ။ ဘာ့ကြောင့် သဘောမတူနိုင်ရတာလဲ စဉ်းစားစရာဖြစ်ပါတယ်”ဟု ပြောသည်။

ဒေသအာဏာပိုင်များဘက်မှ မြို့ဂုဏ်သိက္ခာကျဆင်းစေမည့် စစ်ဘေးရှောင်စခန်းများကို မြို့များတွင် မဖွင့်စေလိုသဖြင့် ပိတ်မိနေသူများ ကယ်ထုတ်ပြီးပါက စခန်းသစ် မဖွင့်ပဲ ဆွေမျိုးများ အိမ်တွင် နေထိုင်ကြစေရန်လည်း ချိတ်ဆက်ထားပြီးသား ဖြစ်ကြောင်း သိရသည် ။

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဆွေးနွေးစဉ်က အတူရှိနေသည့် ကချင်ပြည်နယ် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး၊ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးတို့က ပိတ်မိနေသူများ ကယ်ထုတ်ရန် သဘောထားရှိကြောင်း၊သွားရောက် ကယ်ဆယ်ကြရန် ကတိပေးခဲ့သည်ဟုလည်း ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည် ။

လိုင်နောင်ခူးဒေသမှ ၁၅၂ ဦးမှာ လာရောက်ကယ်ဆယ်နေပြီဟူသည့် သတင်းကို ဖုန်းအဆက်သွယ်များဖြင့်သိရပြီး အထုပ်အပိုးများ ပြင်ဆင် စောင့်ဆိုင်းနေခဲ့ကြသည် ။

“ပိတ်မိနေတဲ့ ဘာသာရေး ခေါင်းဆောင်နဲ့ ဖုန်းပြောတော့ ကျနော်တို့လာမယ်ဆိုတာ သိလို့ ပြင်ဆင်ပြီး စောင့်နေတယ်လို့ ကြားရပါတယ်။ သူတို့လည်းဝမ်းသာတယ်။ ဒါပေမယ့် ကျနော်တို့ လာလို့မရတော့ဘူး ပြန်ရတော့မယ် ဆိုတော့ ရွာသူရွာသားတွေ တော်တော်ဝမ်းနည်းပြီး ကျန်နေခဲ့ပါတယ်” ဟုလည်း ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည် ။

လိုင်နောင်ခူး ဒေသခံများမှာ ဧပြီလ ၁၁ ရက်ကတည်းက ပိတ်မိနေခြင်း ဖြစ်ပြီး တိုက်ပွဲများကြောင့် မလုံခြုံသဖြင့် ပြေးရန် ကြိုးစားသော်လည်း တပ်မတော်က တားမြစ်ထားခြင်း ဖြစ်သည်။

ထို့ပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဧပြီလ ၂၈ရက်တွင် စစ်ဘေးရှောင်ဒုက္ခသည်များထံ ဝေငှသည့် လက်ကမ်းစာစောင်ထဲတွင် တိုက်ပွဲများမှာ KIAအကြမ်းဖက်သောင်းကျန်းသူများကိုသာ တိုက်ခိုက်ခြင်း ဖြစ်သဖြင့် အရပ်သားများ ရွာသို့ ပြန်လာကြရန် ထွက်မပြေးရန် ရေးသားထားပြီး လိုင်နောင်ခူးမှ ဒေသခံများကို တပ်မတော်က နေရာချထားရေး လုပ်ပေးထားကြောင်း၊ စားနပ်ရိက္ခာ များနှင့် အိမ်သုံးပစ္စည်းများ လှူဒါန်းထားကြောင်း၊ အခြားဒေသမှ အရပ်သားများ နေရပ်ပြန်မည်ဆိုပါကလည်း ထောက်ပံ့မည် ဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွရေးသားဖော်ပြထားသည်။

လိုင်နောင်ခူးဒေသမှ ဒေသခံများမှာ ၎င်းတို့ ဆက်လက် မနေထိုင်လိုကြောင်း ၊ ဘေးကင်းရာသို့ ပြေးလိုကြောင်းကိုလည်း ဖုန်းအဆက်အသွယ်ဖြင့် ဧရာဝတီကို ပြောဆိုထားသည်။

လိုင်နောင်ခူး ဒေသခံများကို သွားရောက်ကယ်ဆယ်ကြသည့် အဖွဲ့တွင် ဘာသာရေးအဖွဲ့မှ ခေါင်းဆောင်များ ၊ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ကွန်ယက် (PCG) မှ တာဝန် ရှိသူများနှင့် ပိတ်မိနေသူများ လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုနေကြသည့် လူငယ်များ ပါဝင်သည် ။

ဧပြီလအတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဖားကန့်မြို့နယ်၊ တနိုင်းမြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် အင်ဂျန်းယန် မြို့နယ်တို့တွင် စစ်ဘေးရှောင် ဒုက္ခသည် ၆၀၀၀ ကျော်တိုးလာပြီး ရွာနှင့်တောများအတွင်း ထွက်ပြေးမရဘဲ ပိတ်မိနေသူ ၃၀၀၀ ကျော် ရှိနေသည်။

ပိတ်မိနေသူများ လွတ်မြောက်ရေးအတွက် ဘာသာရေးခေါင်းဆောင်များနှင့် ကချင်အရပ်ဘက်အဖွဲ့စည်းများက အကူအညီပေးရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ စာပို့တောင်းဆို သော်လည်း နှုတ်ဆိတ်နေသဖြင့် ဧပြီလ ၃၀ ရက်တွင် ကချင်လူငယ် ၃၀၀ ကျော်က မြစ်ကြီးနားမြို့တွင် ထိုင်သပိတ်စခန်း ဖွင့်လှစ်ခဲ့သည် ။

ထိုင်သပိတ်စခန်းစတင်ဖွင့်လှစ်စဉ်က ရဲတပ်ဖွဲ့မှ တားမြစ်ခဲ့ပြီး မေလ ၃ရက်တွင် လူငယ်အင်အားတထောင်ကျော်ထိ တိုးလာကာ မြစ်ကြီးနားမြို့ မြို့လယ်လမ်းမဘေးတွင် ထိုင်သပိတ်စခန်း ဖွင့်သဖြင့် ကချင်ပြည်နယ် ဝန်ကြီး ချုပ်က ခေါ်ယူဆွေးနွေးကာ ပိတ်မိနေသူများအနက် လိုင်နောင်ခူးဒေသမှ ၁၅၂ ဦး ကနဦး ကယ်ဆယ်ခွင့်ပြုကြောင်း ၊ အစိုးရအဖွဲ့များကိုလည်း ကယ်ဆယ်ရေးအဖွဲ့တွင် ထည့်ပေးခဲ့သည် ။

ကချင်ပြည်နယ်ဝန်ကြီးချုပ်က သပိတ်စခန်းဖွင့်သည့် ကချင်လူငယ်ခေါင်းဆောင်များနှင့် ညှိနှိုင်းစဉ် ၎င်းအနေဖြင့် က်ဆယ်ရန် ခွင့်ပြုသော်လည်း တပ်မတော်ခွင့်ပြုချက်ရရန် ထပ်မံညှိနှိုင်းရမည် ဖြစ်ကြောင်း ပြောဆိုထားသည် ။

ဝန်ကြီးချုပ်၏ သဘောတူညီချက်ကြောင့် ဆန္ဒပြလူငယ်များက သပိတ်စခန်းကို မြို့လည်လမ်းမမှ ရုတ်သိမ်းပြီး စီတာပူရပ်ကွက်ရှိ ကချင်ရိုးရာမနောကွင်းသို့ ရွေ့ပြောင်း ပေးခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များက မေလ၄ရက်ကUnicode လေးပြောင်းပေးပ့လို့ မြစ်ကြီးနားမှ ကာမိုင်းသို့ သွားရာ လမ်းတနေရာ ဖြစ်သည့် မိုးကောင်းမြို့နယ်၊ မရန်ကထောင် ရှိ တပ်မတော်ဂိတ်တွင် တကြိမ်ပိတ်ဆို့ခံခဲ့ရပြီး လိုင်နောင်ခူးတွင် ပိတ်မိနေသူများကို ကယ်ရန် တပ်မတော်မှ ခွင့်မပြုသဖြင့် မေလ ၅ရက် မနက်ပိုင်းတွင် မြစ်ကြီးနားမြို့သို့ ပြန်လှည့်လာခဲ့ကြရသည် ။

ကချင်လူငယ်များ၏ ထိုင်သပိတ်စခန်း

ခေါင်းဆောင် တဦးဖြစ်သည့် ကိုလွမ်းဇောင်းက ” ကချင်ပြည်နယ်အစိုးရက သွားကယ်ဖို့အတွက် ကျနော်တို့ခေါင်းဆောင်တွေကို ကတိကဝတ်တွေပေးပြီးမှ ကျနော်တို့ကချင်လူထုတွေကို ကတိကဝတ်တွေပေးပြီးမှ ယုံကြည်အားကိုးပြီး သွားကြိုခဲ့ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစွာနဲ့ မြန်မာ့တပ်မတော်ဘက်ကနေ သွားကယ်ထုတ်တဲ့ ကျနော်တို့ခေါင်းဆောင်တွေကို မကယ်ထုတ်ရဘူးလို့ ကြားလိုက်ရလို့ အင်မတန်မှ စိတ်ပျက်ဝမ်းနည်းမိပါတယ်”ဟု ပြောသည် ။

ပြည်သူနှင့်အတူဟု ကြွေးကြော်ထားသည့် အစိုးရ၊ ရွေးကောက်ခံလွှတ်တော်အမတ်များနှင့် တိုင်းရင်းသားလူငယ်များ အနေဖြင့် ပိတ်မိနေသူများ လွတ်မြောက်ရေးအတွက် ကူညီပေးကြရန်လည်း ကိုလွမ်းဇောင်းက တောင်းဆိုသည် ။

ထိုင်သပိတ်စခန်းကို ရုတ်သိမ်းသွားမည် မဟုတ်ပဲ စီတာပူရပ်ကွက်ရှိ ကချင်ရိုးရာမနောကွင်းတွင် လူငယ်များ စုစည်းကာ ဆက်ရှိသွားမည်ဟုလည်း သိရသည် ။

ပိတ်မိနေသူများ လွတ်မြောက်ရေးအတွက် ကူညီပေးရန် ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်မှုဆောင် များက ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို စာပို့တောင်းဆိုထားပြီး ကယာ၊ချင်း၊ကရင်နှင့် အခြားဒေသအသီးသီးမှ လူငယ်များက ဆန္ဒပြကချင်လူငယ်များနှင့်အတူ ရပ်တည်ကြောင်း သဘောထားထုတ်ပြန်ချက်များ ထုတ်ထားသည်။

Loading