မတ္တရာမြို့နယ်၊ တောင်ကန် အုပ်စု၊ ကင်းရွာရှိ လွင် ဦး ကျောင်းတိုက် အတွင်း အသက် ၁၄နှစ်အရွယ် အဋ္ဌမတန်းဖြေဆိုထားသူ မောင်ဝေဖြိုးနိုင်အား လွင်ဦးကျောင်းတိုက်မှ ဦးသုစရိတသည် မင်းမဲ့စရိုက်ဆန်စွာ အုပ်စုဖွဲ့၍ အနိုင်ကျင့်ရိုက်နှက်ခဲ့မှုကို အမှုဖွင့်လှစ် တိုင်တန်းထားသော်လည်း တရားခံများအား ယနေ့အချိန်အထိ ဖမ်းဆီးထိန်းသိမ်းခြင်း မရှိသေးဟု အဆိုပါ ဒေသခံများထံမှ သိရသည်။
“ဖြစ်စဉ်ဖြစ်တဲ့ ညကတည်းက ဦးဇင်းကိုယ်တိုင်လိုက်သွားပြီး ကလေးရဲ့ ဖခင်ကိုယ်တိုင် အမှုဖွင့်ခဲ့တာဖြစ်တယ်၊ ဖြစ်စဉ်ဖြစ် တဲ့ ညကတည်းက မြို့နယ်စည်းကမ်းထိန်းသိမ်းရေးဆရာတော်က ရဲလုပ်ငန်းအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် လည်း တခါတည်း လုပ်ပေးခဲ့တယ်၊ နောက် ရပ်ကျေး၊မြို့နယ် သံဃနာယကနဲ့ သံဃာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေက လည်း လိုအပ်သလို အရေးယူနိုင်ပါရန်ဆိုပြီး ခွင့်ပြု အကြေင်းပြန်ထားတာတွေ ရှိပါလျက်နဲ့ အခုအချိန်အထိ ဖမ်းဆီးခြင်းမရှိသေးတာတော့ ဦးဇင်းအနေနဲ့စဉ်းစားလို့မရဘူး ဖြစ်နေတယ်”ဟု မောင်ဝေဖြိုးနိုင်၏ ဆရာဖြစ်သူ လွင်ဦးကျောင်းတိုက်မှ ဦးယောဇနက ဧရာဝတီသို့ မိန့်ကြားသည်။
ဖြစ်စဉ်မှာ ကင် းရွာရှိ လွင်ဦး ကျောင်းတိုက် အတွင်း၌ ဧပြီလ၂၁ ရက်က လွင်ဦးကျောင်းတိုက်မှ ဦးသုစရိတသည် မောင်ဝေဖြိုးနိုင်အား မင်းမဲ့စရိုက်ဆန်စွာ အုပ်စုဖွဲ့၍ အနိုင်ကျင့်ရိုက်နှက်ခဲ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“အမှုကို ဖွင့်လှစ်ပေးထားတယ်လို့သာ သိရတာ၊ တရားခံကို ဒီနေ့အထိ ဖမ်းဆီးတာမျိုးမလုပ်သေးပါဘူး၊ ဥပဒေအရပဲ ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်၊ သံဃာလည်း သံဃာ့ကျင့်ဝတ်၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းတွေနဲ့ နေမယ်ဆိုရင်တော့ ဘာမှမဖြစ်ပါဘူး၊ အခုဟာက မင်းမဲ့စရိုက်ပုံစံမျိုးနဲ့အုပ်စုဖွဲ့အနိုင် ကျင့်တာပဲ၊ ဒီတော့ ဥပဒေအရပဲ အရေးယူစေချင်တယ်”ဟု ဖြစ်စဉ်တွင် ရှိနေသည့် မောင်ဝေဖြိုးနိုင်၏ ဆရာဖြစ်သူ လွင်ဦးကျောင်းတိုက်မှ ဦးပညာဝံသက ဧရာဝတီသို့ မိန့်ကြားသည်။
အဆိုပါ လွင်ဦးကျောင်းတွင် ဦးယောဇနကဦးဆောင်၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကိုလည်း ဖွင့်လှစ်ထားပြီး ဦး ပညာဝံသမှ လက်ထောက်တာဝန်ခံအဖြစ် တာဝန်ယူထားကြောင်း သိရသည်။
မောင် ဝေဖြိုးနိုင် ၏ မိသားစုသည် ဆင် းရဲနွမ်းပါးပြီး နွေရာသီကျောင်းပိတ်ထားစဉ် လွင်ဦးကျောင်း၌ သီတင်းသုံးနေထိုင်သည့် ဦးယောဇနနှင့် ဦးပညာဝံသအား ဝေယျာဝစ္စလုပ်ကိုင်ပေးရန်အတွက် ကျောင်းအိပ်ကျောင်းစားနေထိုင်သူဖြစ်သည်။
ဖြစ် စဉ် မှာ လွင်ဦးကျောင်း၌ ကျောင်းအိပ်ကျောင်းစားနေထိုင်သူ မောင်ဝေဖြိုးနိုင်မှ ကျောင်းသားအချင်းချင်းစကား ပြောကြ ရာတွင် “ခွေးပါးစပ် က နတ် စကားထွက် “ဟူ သောအသုံးအနှုန်းကို သုံးနှုန်းမိရာ ဦးသုစရိတက သူ့ကို ပြောသည် ယူဆပြီး စတင် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဖြစ်စဉ်ဖြစ်ပွားသည့်နေ့က ဦးသုစရိတသည် ကျောင်းတိုက်အတွင်း အတူသီတင်းသုံးနေထိုင်သည့် ဦးပညာဝံသအား အသိပေးအကြောင်းကြားခြင်းမရှိဘဲ ကျောင်းအတွင်းရှိ လှဲဝါသီး၊ သရက်သီးများကို ပြသနာရှာ ရန်စသောအနေဖြင့် လာရောက်ပုတ်ချခဲ့ကြောင်း၊ ကျောင်းသားအချင်းချင်း စကားပြောနေမှုအား ဦးသုစရိတဦးဆောင်၍ မောင်ဝေဖြိုးနိုင်၏ ဆံပင် အား ဆောင့်ဆွဲ၍ မျက်နှာအား အချက်ပေါင် းများစွာ ရိုက်နှက် ထိုးကြိတ်ခြင်း၊ အချက် ပေါင်းများစွာ ကန် ကျောက် ခြင်း ဝါးလုံးဖြင့် အချက် ပေါင် းများစွာ ရိုက် နှက် ခြင်းများကို ပြုလုပ်ခဲ့သည်။
အဆိုပါကဲ့သို့ မင်းမဲ့စရိုက်ဆန်စွာ အုပ်စုဖွဲ့၍ အနိုင်ကျင့်ရိုက်နှက်ခံရမှုကြောင့် မောင်ဝေဖြိုးနိုင်မှာ မတ္တရာပြည်သူ့ဆေးရုံကြီး တွင် ဧပြီလ ၂၁ရက်နေ့က အတွင်းလူနာအဖြစ် တက်ရောက် ကုသမှုခံယူခဲ့ရပြီး ဧပြီ၃၀ ရက်နေ့က မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
“၂၉ရက်နေ့ ညနေပိုင်းမှာ ကလေးက ဗိုက်အောင့်တယ်ပြောလို့ ဆရာဝန်ကြီးက ဓာတ်မှန်သွားရိုက်ဆိုလို့ ဓာတ်မှန်သွား ရိုက်တာ၊ ကလေးဗိုက်ထဲမှာ အရည်နည်းနည်းတွေ့တယ်လို့ပြောပြီး မန္တလေးက ကုသရာမှာ ပိုပြီးထိရောက်တယ်ဆိုပြီး နောက်နေ့မနက်ကျတော့ လွှဲစာ ရေးပေးလိုက်တယ်၊ မန္တလေးရောက်တော့ ဆေးရုံမတက်ရဘဲ ဗုဒ္ဓဟူးနေ့ကို ပြန်ချိန်းတယ်၊ မန္တလေးဆေးရုံက ပြင်ပလူနာအနေနဲ့ပဲ လက်ခံကုသပေးတယ်၊ ဗုဒ္ဓဟူးနေ့ကျတော့ ကလေးအတွက်လိုအပ်တာတွေ အကုန်လုပ်ပေးပြီးတော့ တပတ်ရက်ချိန်းပြန်ပေးပြီး ပြန်လွှတ်လို့ ပြန်လာခဲ့ရပါတယ်”ဟု မောင်ဝေဖြိုးနိုင်၏ဖခင် ဦးသူရနိုင် က ဧရာဝတီသို့ ပြောသည်။
ကလေးကို မတရားသဖြင့် နှိပ်စက်တဲ့အတွက်တော့ မခံမရပ်နိုင်ဖြစ်ရပါတယ်၊ ကျနော်တို့က ကလေးဇောနဲ့မို့ ဘာမှကို မသိရပါဘူး၊ ကလေးရိုက်ခံရတာနဲ့ပတ်သက်ပြီးတော့ မတ္တရာမြို့မရဲစခန်းမှာ တိုင်ချက်လည်းဖွင့် ပြီးပြီဆိုတော့ အေးအေး ဆေးဆေးပဲ နေနေတာပါ၊ ဘာကြောင့်မဖမ်းသေးတာလဲတော့ မသိပါဘူး၊ ကျနော်တို့က ဘာမှကို မသိနားမလည်တာပါ၊ အမှုဖွင့်ပြီးပြီဆိုတော့ ပြီးပြီမှတ်နေတာပေါ့၊ တရားဥပဒေအရတော့ အရေးယူပေးစေချင်ပါတယ်၊ တရားဥပဒေအတိုင်း မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးတာကိုပဲ လိုချင်ပါတယ်”ဟု ဦးသူရနိုင်က ဆက်လက်ပြောသည်။
အဆိုပါရိုက်နှက်မှုဖြစ်စဉ်ကို ဦးသုစရိတအပါအဝင် ၄ဦးအား မတ္တရာမြို့နယ် မြို့မရဲစခန်းတွင် (ပ)၃၂၇/၂၀၁၈ ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၂၅ဖြင့် အမှုဖွင့် လှစ်ထားကြောင်း သိရသည်။
မတ္တရာမြို့နယ် မြို့မရဲစခန်းတွင် စုံစမ်းမေးမြန်း၍မရသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်လက်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိပါ။
“ဒီကိစ္စက တနိုင်လုံးသိတဲ့အုတ်အော်သောင်းနင်းကစ္စတခုဖြစ်သလို နိုင်ငံတော်အဆင့် မဟနဆရာတော်ကြီးတွေအဆင့်ထိ ရောက်နေပြီလည်းဖြစ်တယ်၊ အခုဖြစ်စဉ်ကြောင့် သာသနာအပေါ်မှာလည်း အကြည်ညိုပျက်စရာမျိုးဖြစ်လာတယ်၊ ဦးဇင်း တို့မှာက ပဏ္ဍိတ ဝစ္စနဲ့ လောက ဝစ္စ ဆိုပြီးရှိတယ်၊ အခုဖြစ်စဉ်က လောကဝစ္စနဲ့ကျ အကြီးကြီးဖြစ်သွားတယ်”ဟု ဦးယောဇ နက ဆက်လက်မိန့်ကြားသည်။
အဆိုပါဖြစ်စဉ်ကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် မတ္တရာမြို့ သံဃာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ မောင် ဝေဖြိုးနိုင်အား ရိုက်နှက်ခဲ့သည့် ဦးသုစိရတအား လိုအပ်သလို ဥပဒေအရအရေးယူနိုင်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
“ဖြစ်စဉ်က ရဟန်းနှစ်ပါးဖြစ်နေတဲ့အတွက် ရဲတပ်ဖွဲ့က ဆောင်ရွက်ဖို့ရာ ခက်နေတယ်၊ အခုအမှုက သင်္ကန်းဆွဲချွတ်ရမယ့် အမှုမဟုတ်တာကြောင့် ဘုန်းကြီးတို့က အမှုရင်ဆိုင်ဖို့ ရဲလုပ်ပိုင်ခွင့်ကိုတွေ လုပ်လို့ရအောင် အဆင်ပြေအောင် တရားဥပဒေ အတိုင်း ဆက်လက်ဆောင်ရွက်ခွင့်ပေးလိုက်တာပါ”ဟု မတ္တရာမြို့နယ် မြို့နယ်သံဃာစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ ဥက္ကဌ ဘဒ္ဒန္တသောမာစာရက မိန့်ကြားသည်။