ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စခန်းများကို ကျေးရွာများအနီး မဆောက်လုပ်စေပဲ ၁၅ မိုင် ခန့်အကွာ၌သာ ရှိဖို့ ဒေသခံများက ဝိုင်းဝန်းတိုက်တွန်းရန် နမ္မတီးမြို့ရှိ စစ်ဘေးရှောင် ဒုက္ခသည် များကို မနေ့က လာရောက်တွေ့ဆုံသည့် အမှတ် (၃) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးကြီး ကျော်ခိုင်ထွန်းက တိုက်တွန်းလိုက်သည်။
အမှတ် (၃) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်ခိုင်ထွန်း သည် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် အပါအဝင် အစိုးရအဖွဲ့များ၊ မိုးကောင်းမြို့ လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ နမ္မတီးမြို့ရှိ ဘာသာရေးကျောင်း ၃ခုတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည်များထံ မေလ ၄ရက်နေ့က သွားရောက် စားနပ်ရိက္ခာ ထောက်ပံပေးစဉ် ထိုသို့ ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။
နမ္မတီးမြို့ရှိ ဘာသာရေးဘုရားကျောင်းတခုတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည် မအဂျာ့က “ ကျမတို့ ကဆုန့်ရွာ၊ ဇွပ်မိုင်ရွာရဲ့ ၁၅မိုင်ပတ်လည်ကို တပ်မတော်က နယ်မြေရှင်းပေးမယ်တဲ့။ ရှင်းတဲ့ အခါ တောဘက် (KIA)နဲ့ ပစ်ခတ်တာ ဖြစ်လာရင် နှစ်ဖက်လုံးအထိနာတယ်ပေါ့။ ဒါ့ကြောင့် KIAတွေ ကို ရွာရဲ့ ၁၅မိုင် အကွာကနေ ထပ်မတိုးလာဖို့ ကျမတို့ ရွာသားတွေက မေတ္တာရပ်ခံပေးပါ ပြောပေးပါ လို့ ပြောသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးကြီး ကျော်ခိုင်ထွန်း၏ ပြောကြားချက်တွင် ကဆု့န်၊ ဆွတ်မိုင်ယန်နှင့် တခြားသော ရွာငယ် များမှာ အစိုးရ အုပ်ချုပ်မှု အောက်တွင်ရှိပြီး၊ မည်သည့် KIA လက်နက်ကိုင်အဖွဲ့၏ အောက်တွင် ရှိ မနေ၍ အစိုးရအုပ်ချုပ်သည့် ကျေးရွာများကဲ့သို့ နေထိုင်ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် အဆိုပါ ရွာများ၏ ဝန်းကျင် ၁၅မိုင်ပတ်လည်ကို နယ်မြေ ရှင်းလင်းမည်ဖြစ်ရာ၊ ယင်းဧရိယာသို့ KIA များ ဝင် လာလှုပ်ရှားပါက တိုက်ပွဲများ ဖြစ်ပွားလျှင် သေနတ်သံ၊ ဗုံးသံအကြား မည်သူမှ နေလိုမည် မထင် ကြောင်း၊ ဤသို့ မဖြစ်ဖို့ KIA အား ကျေးရွာများ၏ ၁၅မိုင် ပတ်လည်အတွင်း ဝင်မလာပဲ သတ်မှတ် ဧရိယာ၏ အပြင်တွင်သာ စခန်းဆောက်ရန် လှုပ်ရှားရန် ဒေသခံများအနေဖြင့် တိုက်တွန်းဖို့ လိုကြောင်းပါရှိသည်။
KIAက ကျေးရွာများ၏ ၁၅မိုင်ပတ်လည်တွင် စခန်းဆောက် လှုပ်ရှားပါကမူ တပ်မတော်အနေဖြင့် နယ်မြေရှင်းလင်းလျှင် သေနတ်သံ ဗုံးသံများနှင့် ထိခိုက်ဒဏ်ရာရမှုများလည်း ရှိလာမည်ဟု ၎င်းက ထည့်သွင်းပြောကြားသည်။
နမ္မတီးမြို့ရှိ ဘာသာရေးကျောင်း ၃ခုတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည် ၁၀၀၀ ကျော်ရှိပြီး ၎င်းတို့သည် ဧပြီလ ၂၁ ရက်က တပ်မတော်နှင့် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၁) တို့အကြား တိုက်ပွဲများကြောင့် ကဆုန့်ကျေးရွာနှင့် ဇွပ်မိုင်ကျေးရွာတို့မှ ပြေးလာကြသူများ ဖြစ်သည်။
ယခုခရီးစဉ်မှာ ကချင်ပြည်နယ်ဝန်ကြီးချုပ်က စစ်ဘေးရှောင် ဒုက္ခသည်များကို ထောက်ပံ့ရန်နှင့် အမှတ် (၃) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးက စစ်ဘေးရှောင် ဒုက္ခ သည်များ ပြန်လည် နေရာချထားရေးအတွက် လာရောက် ဆွေးနွေးခြင်းဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောသည်။
“အရင်တခေါက်လည်း နေရာပြန်ပို့တော့ KIA တပ်တွေနဲ့ ရွာတွေ နီးနေတော့ တိုက်ကြခိုက်ကြဆို ရွာကလည်း မလုံခြုံဘူးပေါ့။ အခု သူ့အနေနဲ့ကတော့ နယ်မြေ အကုန်ရှင်းလင်းထားပြီပေါ့ ။ ဒီတခေါက် ပြန်ပြီး နေရာချထားမယ်ဆိုရင် ရွာအနီး အနားမှာ စခန်းတွေ လာမစိုက်ဖို့ ညှိနှိုင်းကြပါ ဆိုတဲ့ သဘောပါ။ ကျနော်တို့က အဲ့ဒီလိုပဲ နားလည်လိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက တိုက်ပွဲများကြောင့် ကဆုန့်နှင့် ဇွပ်မိုင်ကျေးရွာမှ ဒေသခံ ၁ထောင်ကျော်သည် နမ္မတီး မြို့သို့ ထွက်ပြေးရပြီး ၁၀ရက်ကျော်ခန့် စစ်ဘေးရှောင်အဖြစ် နေထိုင်ခဲ့ ကြရာ၊ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ကွန်ရက်နှင့် ဘာသာရေးဆရာများက နှစ်ဖက် တပ်များကို ညှိနှိုင်းပေး၍ ကချင်စစ်ပွဲ ၆နှစ်တာ ကာလအတွင်း ပထမဆုံး နေရပ်ပြန်နိုင်ခဲ့သူများ ဖြစ်သည်။
ကဆုန့်ရွာမှ နမ္မတီးသို့ စစ်ဘေးရှောင်နေရသူ သင်းအုပ်ဆရာ ဦးလဂျောင်က “ဒီလိုပြောတဲ့အပေါ် ကျနော်တို့ ဘယ်လိုမှ သဘောထားမရှိဘူး။ ကျနော်တို့ ပြည်သူတွေက လက်နက်ကိုင်တွေကိုလည်း ပြောခွင့်မရှိဘူးလေ၊ကျနော်တို့ ပြောရင် ရော ဘယ်သူက နားထောင်မှာလဲ၊ လက်နက်ကိုင်နဲ့ ကျနော် တို့နဲ့က မဆိုင်ဘူး၊ ပြောလို့ရမယ့် လမ်းကြောင်းလည်း မရှိဘူး”ဟု ပြောသည်။
နေရပ်စွန့်ခွာပြီး ဘာသာရေးဘုရားကျောင်းတွင် ခိုလှုံနေရသည်မှာ အဆင်မပြေကြောင်း၊ ယာယီတဲအိမ် များလည်း မဆောက်လုပ်သေးပဲ ဘုရားကျောင်း ဟောခန်း သံမံတလင်းတွင် ပလတ်စတစ်ခင်းပြီး စစ်ဘေးရှောင်များ စုပြုံနေရသဖြင့် နေရာထိုင်ခင်း ကျဉ်းကျပ်ကြောင်း ၎င်းကဆက်ပြောသည်။
ဒါ့အပြင် “ဝန်ကြီးချုပ်က မင်းတို့ပြည်သူတွေအပေါ် အမြဲစိတ်ရှိတယ်ဆိုတာ ပြောတယ်။ သူပြောတာ အားရပါတယ်။ အခု လောလောဆယ်က တပ်က ပြန်ပါလို့ ပြောပေမယ့် ကျနော်တို့က မပြန်ရဲဘူး။ သေနတ်သံတွေက ကြားနေရသေးတယ်။ အကုန်ကြောက်နေကြတယ်” ဟု ပြောသည်။
နမ္မတီးမြို့လန်ဘရော့ယန်ဘုရားကျောင်းမှ သင်းအုပ်ဆရာ ဦးလရိန်က ခရီးစဉ်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်က စစ်ဘေးရှောင်မိသားစုဝင်များကို တမိသားစုလျှင် ကျပ်ငွေ သုံးသောင်း ထောက်ပံ့ ပေးပြီး စစ်ဘေးရှောင်ဒုက္ခသည်များအတွက် စိတ်မကောင်းကြောင်း ပြောဆိုသည်ဟု ဆိုသည်။
“ဒေါက်တာ ခက်အောင်ကတော့ စိတ်မကောင်းတဲ့ အကြောင်းပြောပြီး ဗိုလ်မှူးကြီးကတော့ လုံခြုံရေး အကြောင်း ၁၅မိုင်ပတ်လည်မှာ လက်နက်ကိုင်တွေ မရှိရင် ပိုကောင်းမယ်။ ရွာသူရွာသားတွေ လည်း ပြောပေးကြဖို့ ပြောတာပါ”ဟု ၎င်းကပြောသည်။
ရွာသူရွာသားများမှာ အရပ်သားများသာ ဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့များမှာ ၎င်းတို့ အဖွဲ့အစည်း မူဝါဒဖြင့် သွားနေသဖြင့် ဒေသခံအရပ်သားများ ပြောဆိုခြင်းကို မည်သည့် လက်နက်ကိုင် အဖွဲ့ အစည်းမှ နားထောင်မည်မထင်ကြောင်း ဦးလရိန်က ပြောသည်။
ထို့ပြင် တပ်မတော်ဘက်မှ နေရပ်ပြန်ရေးအတွက် ပြန်လိုသူများ ပြန်နိုင်သည်ဟု ပြောဆိုနေကြသော် လည်း ကဆုန့်ကျေးရွာနှင့် ဇွပ်မိုင် ကျေးရွာတို့ဘက်တွင် တိုက်ပွဲများ ဖြစ်ပွားနေသေးသည်ဟု ကြားရကြောင်း ဦးလရိန်က ပြောသည်။
“ကျနော့်အသင်းတော်မှာ အသက်ဘေးလုံခြုံရာရောက်ဖို့ ခိုလှုံနေသူတွေကို ကျနော်ကတော့ ပြန်ပါလို့ လည်း ပြောခွင့် မရှိဘူး။ နေပါလို့လည်း ပြောခွင့်မရှိဘူး။ အရေးကြီးဆုံးက ကဆုန့်၊ဇွပ်မိုင်ဒေသခံ တွေရဲ့ ဆုံးဖြတ်ချက်ပါ။ ပြောမယ်ဆို စစ်မြေပြင်ဖြစ်နေလို့ ဒေသခံတွေကတော့ပြန်ဖို့ မဆုံးဖြတ်ရဲကြပါ ဘူး” ဟုလည်း ဦးလရိန်က ပြောသည်။
နမ္မတီးမြို့သို့ လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်များ မိမိနေရပ်သို့ ပြန်လည်နေုထိုင်နိုင်ရေး အစိုးရအဖွဲ့၊ ဘာသာရေးအဖွဲ့နဲ့ တပ်မတော်တို့ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အမှတ် (၃) စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်ခိုင်ထွန်း ၏ ပြောဆိုချက်တွင် ပါရှိသည်။
ဧပြီလအတွင်း တပ်မတော်နှင့် KIAတိုက်ပွဲများကြောင့် တနိုင်းမြို့နယ်၊ မိုးကောင်းမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် အင်ဂျန်းယန်မြို့နယ်တို့တွင် စစ်ဘေးရှောင်ဒုက္ခသည် ၆၀၀၀ ခန့် တိုးလာပြီး ရွာနှင့် တောတွင်း ပိတ်မိနေသူ ၃၀၀၀ ကျော်ရှိနေသည်။