ဧရာဝတီတိုင်းဒေသကြီးအတွင်း မေလ ၂ ရက်နှင့် ၃ ရက်နေ့များတွင် လယ်ကွင်းနှင့် ရွာအပြင်ဘက်တို့တွင် သွားလာရင်း မိုးကြိုးပစ်ခံရသဖြင့် လပွတ္တာ၊ ဝါးခယ်မနှင့် မအူပင်မြို့နယ်တို့မှ အမျိုးသား ၃ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
မေလ ၂ ရက်နေ့ ညနေ ၅ နာရီခန့်က မအူပင်မြို့နယ်၊ အင်းတေးအပြင်ကျေးရွာထိပ်တွင် သံတိုသံစနှင့် ဆံပင်များ လိုက်လံဝယ်ယူနေသည့် အသက် ၂၉ နှစ်အရွယ်ရှိ ဦးလှချစ်အား မိုးကြိုးပစ်ခဲ့သည့်အတွက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ယင်းနေ့မှာပင် ဝါးခယ်မမြို့၊ အုန်းပင်စုကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ဦးမိုးဝင်းမှာလယ်ကွင်းမှ အိမ်သို့ပြန်နေစဉ် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က မိုးကြိုးပစ်ခံရ၍ ဦးခေါင်းအလယ်ပေါက်ပြဲ၊ လည်ပင်း၊ ရင်ဘတ်ညိုမဲ ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရုံး ထံမှ သိရသည်။
ထို့ပြင် မေလ ၃ ရက်နေ့ ညနေ ၃ နာရီအခန့်တွင် လပွတ္တာမြို့နယ်၊ ကန်သာယာကျေးရွာနေ အသက် ၁၉ နှစ်အရွယ် မောင်ဝင်းကိုမှာ လယ်ကွင်းထဲ၌ ဂဏန်းထောင်နေစဉ် မိုးကြိုးပစ်ခံရသည့်အတွက် ယာဘက်နားထင် သွေးထွက်၊ ဆံပင်မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြောသည်။
“ဒီရက်အတွင်း မိုးကြိုးပစ်ခံရပြီး သေဆုံးတာ ၃ ယောက်ရှိပါတယ်။ မေလ ၂ ရက်နေ့က မအူပင်နဲ့ ဝါးခယ်မမှာ ပစ်လို့ ၂ ဦးသေတယ်။ မေလ ၃ ရက်ကျတော့ လပွတ္တာမှာ မိုးကြိုးပစ်လို့ တယောက် ထပ်သေတယ်။ အဆိုးဆုံးဖြစ်ရပ်ကတော့ မအူပင်မြို့နယ် အင်းတေးအပြင်ကျေးရွာမှာ ပစ်တာပါ။ အဲဒီလူကစတီလ်းတွေ၊ သံတိုသံစတွေ၊ ဆံပင်တွေ ရွာလယ်လမ်းမတလျှောက် လိုက်ဝယ်ပြီး ရွာအပြင်ကိုအရောက် အပစ်ခံရတာ။ ရွာထိပ်မှာ လူတယောက် လဲနေတာတွေ့လို့ ရွာသားတွေသွားကြည့်တော့မှ မိုးကြိုးပစ်ခံရမှန်း သိတာ”ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရုံးမှ ဒုရဲမှုးကြီးခင်မောင်လတ်က ဧရာဝတီကို ပြောသည်။
မေလ ၂ ရက်နေ့က မိုးကြိုးပစ်ခံရမှုကြောင့် မအူပင်မြို့နယ် အင်းတေးအပြင်ကျေးရွာထိပ်တွင် သေဆုံးခဲ့သည့် ဦးလှချစ် (၂၉)နှစ် သေဆုံးခဲ့မှုကို ကျွဲဒုံးနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၈ ဖြင့် ရေးဖွင့် ဆောင်ရွက်နေပြီး ဝါးခယ်မမြို့နယ်၊ အုန်းပင်စုကျေးရွာနေသူ မိုးဝင်း(၃၅)နှစ် သေဆုံးမှုကို ငှက်ပျောချောင်း နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၈) ရေးဖွင့် စစ်ဆေးလျက်ရှိကာ မေလ ၃ ရက်နေ့ညနေက မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့သည့် လပွတ္တာမြို့နယ်၊ ကန်သာယာကျေးရွာနေ မောင်ဝင်းကို(၁၉)နှစ် သေဆုံးမှုကို ကန်ဘက်နယ်မြေ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၇/၂၀၁၈) နဲ့ ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မိုးကြိုးပစ်ခြင်းမှာ ကြီးမားသည့်မိုးတိမ်တောင်ကြီးများကြောင့် ဖြစ်ပြီး အများအားဖြင့် မွန်းလွဲနှင့် ညနေပိုင်း အချိန်များတွင် မိုးကြိုးပစ်လေ့ရှိကြောင်း၊ မိုးကြိုးမပစ်မီ ရှေ့ပြေးလက္ခဏာအဖြစ် လျှပ်စီးလက်ခြင်း၊ မိုးချိန်းခြင်း၊ လေပြင်းတိုက်ခြင်းများ ဖြစ်လေ့ရှိပြီး အဆိုပါဖြစ်စဉ်များပြီးသည့်နောက် မိုးရွာသွန်း၍ မိုးကြိုးပစ်လေ့ရှိကြောင်း၊ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။
“သတိထား ဖို့ရာက မွန်းလွဲနဲ့ ညနေပိုင်း တွေမှာ ကိုယ်အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်မှာ မိုးခြိမ်းသံကြားရင် မိုးကြိုးပစ်မယ့် မိုးတိမ်တောင်က ကိုယ်နဲ့အနီးနားမှာ ရှိနေတဲ့သဘောပဲ။ သိပ္ပံသဘောအရဆို ကိုယ့်ပတ်ဝန်းကျင် ၄ မိုင်အတွင်း ရှိတယ်။ အဲဒါဆို ကိုယ့်ပတ်ဝန်းကျင်မှာ အန္တရာယ်ရှိနေပြီ။ အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်တော့မှ ထီးထီးကြီး မနေနဲ့။ လယ်ကွင်းထဲမှာ တယောက်ထဲ မတ်တပ်ရပ်နေတာ မျိုးက အလွန် အန္တရာယ်ကြီးတယ်။ မိုးကြိုးလွတ်အောင်ဆိုပြီး သစ်ပင်အောက်လည်း သွားမခိုနဲ့။ မလွတ်နိုင်ဘူး။
ကိုယ့်အနားပတ်ဝန်းကျင်မှာ မိုးခြိမ်းသံကြားရင် အနီနားကတဲတို့အိမ်တို့မှာ ခဏနားနေလိုက်တာ အန္တရာယ် ပိုကင်းတယ်”ဟု သူက ပြောသည်။
မြန်မာနိုင်ငံတွင် အနောက်တောင်မုတ်သုံလေမဝင်ရောက်မီ မိုးကြိုကာလတွင်ဖြစ်ပေါ်လေ့ရှိသည့် မိုးတိမ်တောင်များကြောင့် မိုးကြိုးပစ်ခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိပြီး တနှစ်လျှင် မိုးကြိုးပစ်ခြင်းကြောင့် လူ ၁၀၀ ကျော် သေဆုံးနေကြောင်း ဒေါက်တာထွန်းလွင်ဦးဆောင်သည့် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုစောင့်ကြည့်ရေးအဖွဲ့ – MCCW ၏ စာရင်းများအရ သိရသည်။