တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲများကြောင့် ကချင်ပြည် နယ်၊ ကာမိုင်းမြို့နယ်ခွဲ ၊ လိုင်နောင်ခူး (မံဝေ) ကျေးရွာအတွင်း ဧပြီလ ၁၁ ရက်ကတည်းက ပိတ်မိ နေသည့် ဒေသခံ ၁၅၀ ကျော်ကို ပြည်နယ် အစိုးရ အဖွဲ့မှ ယနေ့ ကယ်ထုတ်ပေးမည်ဟု ပြန်လည် နေရာချထားရေးနှင့် လူမှုဝန်ထမ်း ဦးစီးဌာန (ကချင်ပြည်နယ်) ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာက ဧရာဝတီကို ပြောသည်။
“ အခုကယ်ထုတ်နေပါပြီ။ အဲ့မှာ ၁၅၃ ယောက်ပါ။ ကျမတို့ ပြည်နယ်က ဖွဲ့ထားတဲ့ လုပ်ငန်း ကော်မတီနဲ့ စည်ပင် ဒုညွှန်မှူး ခေါင်းဆောင်တဲ့ အဖွဲ့က ကယ်ထုတ်နေတာပါ”ဟု ၎င်းကဆိုသည်။
လိုင်နောင်ခူးကျေးရွာမှ ကယ်ထုတ်လာသူများကို အင်းတော်ကြီးမြို့၊ ရွှေမဉ္စူဓမ္မာရုံတွင် ခေတ္တနေရာ ထိုင်ခင်း စီစဉ်ပေးမည် ဖြစ်ပြီး မေလ ၇ ရက်နောက်ပိုင်းတွင် ၎င်းတို့ ဆွေမျိုးများ ရှိရာ ကာမိုင်းမြို့သို့ ပြန်ရန် စီစဉ်ပေးမည်ဟု ဒေါ်လှကေသီမာက ရှင်းပြသည်။
ဧပြီလအတွင်း တိုက်ပွဲများကြောင့် တနိုင်းမြို့နယ်၊ ကာမိုင်းမြို့နယ် နှင့် အင်ဂျန်းယန်မြို့နယ်တို့ အတွင်း ပိတ်မိနေသူ ၃၀၀၀ ကျော်ကို ကယ်ထုတ်ပေးရန် ကချင်လူငယ် ၁ထောင်ကျော်က ပြည်နယ်ဝန်ကြီးချုပ်ကို ဧပြီလ ၃၀ ရက်ကစပြီး ထိုင်သပိတ် စခန်း ဖွင့်လှစ် တောင်းဆိုနေခြင်း ဖြစ်သည်။
မေလ ၃ရက်က မြစ်ကြီးနားမြို့၊ မြို့လယ်လမ်းမပေါ်တွင် ထိုင်သပိတ်စခန်းဖွင့်ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ဆန္ဒပြ လူငယ်ခေါင်းဆောင်များ၊ ဘာသာရေးဆရာများနှင့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ကွန်ယက် (PCG) မှ တာဝန်ရှိ သူများကို ခေါ်ယူတွေ့ဆုံပြီး ကနဦးအနေဖြင့် လိုင်နော်ခူးဒေသမှ ပိတ်မိနေသူများကို ကယ်ထုတ်ရန် သဘောတူညီပြီး ပြည်နယ်အစိုးရအဖွဲ့ကို ထည့်ပေးမည်ဟုလည်း ပြောဆိုခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပိတ်မိနေသူများကို ကယ်ထုတ်ပေးမည်ဟု သဘောတူညီခဲ့ပြီး မြို့လယ်တွင် ဖွင့်ထားသည့် ဆန္ဒပြလူငယ်များ၏ သပိတ်စခန်းကို ပိတ်ပေးရန် ပြောဆိုထားသည်။
မေလ ၄ရက်တွင် ပြည်နယ်အစိုးရအဖွဲ့၊ ဘာသာရေးဆရာများ၊ PCGမှ တာဝန်ရှိသူများနှင့် ဆန္ဒပြ လူငယ် ခေါင်းဆောင်များ ကာမိုင်းမြို့နယ်သို့ သွားရာ တပ်မတော်မှ တားဆီးပြီး ကယ်ဆယ်ခွင့် မပြုသဖြင့် ပြန်လာခဲ့ရသည်။
လိုင်နောင်ခူး (မံဝေ) ဒေသခံများမှာ ပိတ်မိနေခြင်းမဟုတ်ပဲ ပြန်လည်နေရာချထားရေး လုပ်ဆောင် ပေးထားကြောင်း၊ စားနပ်ရိက္ခာများနှင့် အိမ်သုံးပစ္စည်းများ ထောက်ပံ့ပေးထားကြောင်း မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်က ဧပြီလအတွင်း စစ်ဘေးရှောင် စခန်းများတွင် ဝေငှသည့် စာစောင် များတွင် ရေးသားထားပြီး လိုင်နောင်ခူး ဒေသခံများကမူ တိုက်ပွဲများ အနီး ပိတ်မိနေပြီး ပြေးလိုသော်လည်း တပ်မတော်၊ တပ်ဖွဲ့များမှ တားဆီးထားကြောင်းကို ဘာသာရေး ဆရာများနှင့် ဆန္ဒပြလူငယ်အဖွဲ့ထံ ဆက်သွယ်ပြောဆိုလျက်ရှိသည်။
မေလ ၅ရက်တွင် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး မြစ်ကြီးနားမြို့သို့ ရောက်လာပြီး ညှိနှိုင်းပေးရာ တပ်မတော်မှလည်း ခွင့်ပြု သဖြင့် လိုင်နောင်ခူးဒေသတွင် ပိတ်မိနေသူများကို ကယ်ထုတ်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။
ဒေါ်လှကေသီမာက “ အခုက ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုဝန်ကြီး ပေါင်းစပ်ညှိနှိုင်းပြီး အဆင်ပြေ သွားတာ နေမယ်။ ကျမတို့ကတော့ လိုအပ်တဲ့ ထောက်ပံ့မှုတွေ လုပ်သွားမှာပါ။ စစ်ဘေးရှောင် စခန်း တွေမှာဆိုရင်လည်း ကျမတို့ ဒီနေ့ စားနပ်ရိက္ခာတလစာ၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေ ကိုလည်း ဝန်ကြီးအဖွဲ့က ငွေကြေး ဒီနေ့ ထောက်ပံ့ပါတယ်” ဟု ပြောသည်။
ဒေါက်တာဝင်းမြတ်အေးက နမ္မတီးမြို့နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည် တထောင်ကျော် ခိုလှုံနေသည့် စခန်း ၃ခု၊ မြစ်ကြီးနားမြို့ရှိ ထရီနတီစစ်ဘေးရှောင်စခန်းတို့ကို သွားပြီး စားနပ်ရိက္ခာဆန် တလစာ ထောက်ပံ့ကာ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်မိခင်၊ ၅နှစ်အောက် ကလေးများကို တဦးလျှင် တသိန်း ကျပ်စီ ထောက်ပံ့ပြီး အမျိုးသားမရှိတော့သည့် အိမ်ထောင်ဦးစီးအမျိုးသမီးများကို တဦးလျှင် ငါးသောင်းကျပ်စီလည်း ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။
ဒေါက်တာဝင်းမြတ်အေး မြစ်ကြီးနားမြို့သို့ ရောက်စဉ် မေလ ၅ရက် ညနေပိုင်းက ဆန္ဒပြကချင်လူငယ် ခေါင်းဆောင်များ နှင့် တွေ့ဆုံပြီး ပိတ်မိနေသူများကို ကယ်ဆယ်ရေးအတွက် ဆောင်ရွက်မည် ကိုလည်း ပြောဆိုထားသည်ဟု သိရသည်။
လိုင်နောင်ခူးကျေးရွာတွင် ပိတ်မိနေသူများကို ကယ်ထုတ်နေပြီဟူသည့် သတင်းနှင့် ပတ်သက်၍ ဆန္ဒပြလူငယ် ခေါင်းဆောင်တဦးဖြစ်သည့် ဦးဇော်ဂျက်က လိုင်နောင်ခူးဒေသခံများကို အမှန်တကယ် ကယ်ထုတ် နေခြင်း ဟုတ်မဟုတ် သတင်းကို အတိအကျ မပြောဆိုနိုင်သေးပါဟု ပြောသည်။
ဦးဇော်ဂျက်က “ အထဲက လူတွေနဲ့ ဆက်သွယ်တော့ သူတို့က စောင့်နေပြီလို့ ပြောတယ်။ ရွှေ့ပြောင်း အလုပ်သမား နဲ့ဒေသခံ မဟုတ်တဲ့ ၁၉ ယောက်တော့ လွတ်လာဖို့ ရှိတယ်လို့ သိရတယ်။ ကျနော်တို့ လိုချင်တာ ရွှေ့ပြောင်းလုပ်သမား တွေ မဟုတ်ဘူး။အဲ့မှာ နေနေတဲ့ တကယ့်နယ်ခံတွေ စားသောက် စိတ်ဒုက္ခဆင်းရဲနေတဲ့ ဒေသခံရွာသားတွေကို ဒီဘက် လုံလုံခြုံခြုံနဲ့ နေခိုင်းစေချင်တဲ့ ဆန္ဒပါ” ဟု ပြောသည်။
ဆန္ဒပြလူငယ်များ တောင်းဆိုထားသည်မှာ လိုင်နောင်ခူးဒေသခံများ ကိစ္စတခုတည်း မဟုတ်ပဲ တနိုင်းမြို့နယ် နှင့် အင်ဂျန်းယန်မြို့နယ်တို့တွင် ပိတ်မိနေသူများကို ကယ်ထုတ်ရန်အတွက်လည်း တောင်းဆိုထားခြင်း ဖြစ်သဖြင့် ဆက်လက်စောင့်ကြည့်သွားမည်ဟုလည်း ဦးဇော်ဂျက်ကပြောသည်။
ဧပြီလ ၂၀ ရက်ကလည်း မြစ်ကြီးနားမြို့ အခြေစိုက် ကြက်ခြေနီအဖွဲ့က တနိုင်းမြို့နယ် တောတွင်း ပိတ်မိနေသူများကို သွားရောက် ကယ်ဆယ်ရာ အောင်လော့ဒ်ဒေသခံရွာသူရွာသား ၂၀၀၀ ကျော် ပါမလာပဲ တနိုင်းမြို့နယ်တွင်း ပယင်းနှင့် ရွှေလာတူးကြသည့် ရွှေ့ပြောင်းအလုပ်သမား ၂၀၀ ကျော်ကိုသာ ကယ်ထုတ်ထားသည်ဟု သိရသည်။