ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA ) တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ကျော် အိုးအိမ်စွန့်ခွာ၍ ပုန်းရှောင်နေရကြောင်း သတင်းရရှိသည်။
SSPP နှင့် TNLA တို့အကြား နမ္မတူမြို့နယ် မန်ဆာလုံအုပ်စု မန်ဆာအွမ်ကျေးရွာ အနီးတွင် မေလ ၄ ရက်နေ့မှ စ၍ တိုက်ပွဲ ဖြစ်ပွားခြင်းကြောင့် အနီးရှိ နားပိန်း၊ နန်ဆန်၊ လောက်လုံ၊ မန်ဆာလုံနှင့် မန်ဆာအွမ်ကျေးရွာမှာ ဒေသခံ ၅၀၀ ကျော်မှာ တမြို့နယ်တည်းရှိ မိုင်းရင်နှင့် ဝိတ်နန်ကျေးရွာသို့ လာရောက်ခိုလှုံနေရခြင်းဖြစ်ကြောင်း မိုင်းရင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်း က ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်း က “မနေ့က ၂ ရွာထပ်ရောက်လာတယ်။ နန်ဆန်၊ လောက်လုံ ၂ ရွာထပ်လာတယ်။ ကျနော်တို့ ကြားထဲမှာနမ္မတူ မြစ်ချောင်းကြီး ခြားတယ်။ အဲဒီချောင်းကူးပြီးတော့မှ နီးစပ်ရာကိုသွားကြတာပေါ့။ ကျနော်တို့ စားဖို့ သောက်ဖို့ကတော့ မိုင်းရင်ကနေ လက်ခံပြီးတော့မှ ပြန်ခွဲတမ်းချတာ” ဟု ပြောသည်။
ထိုကျေးရွာများထဲမှ မန်ဆာလုံနှင့် မန်ဆာအွမ်ကျေးရွာများမှ တိုက်ပွဲရှောင် ၂၆၈ ယောက်ကို မိုင်းရင်ကျေးရွာရှိ မိုင်းရင်ဘုန်းကြီးကျောင်း၌ နေရာချထားပေးပြီး နားပိန်းကျေးရွာမှ တိုက်ပွဲရှောင် ၆၀ ဦးအား ဝိတ်နန်ကျေးရွာရှိ ဝိတ်နန်ဘုန်းကြီးကျောင်း၌ နေရာချပေးထားကြောင်း ဦးထွန်းလှိုင်းက ပြောသည်။
အလားတူ နန်ဆန်ကျေးရွာနှင့် လောက်လုံကျေးရွာမှ တိုက်ပွဲရှောင်၂၅၅ ယောက်ကိုလည်း ဝိတ်နန်ကျေးရွာရှိ ပန်ခမ်းဘုန်းကြီးကျောင်းတွင် နေရာချပေးထားကြောင်း သိရသည်။ တိုက်ပွဲရှောင်များမှာ အဝတ်အထည် အပါအဝင် စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ လိုအပ်နေကြောင်းသိရသည်။
ဝိတ်နန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံသိန်းကလည်း ” ကျနော်တို့ဆီမှာတော့ ပန်ခမ်းဘုန်းကြီးကျောင်းမှာ နားပိန်းက တိုက်ပွဲရှောင် ၁၀၉ ယောက်ရှိတယ်။ နောက် လောက်လုံက ၇၀ ယောက်ရှိတယ်။ ဒီမှာတော့ တိုက်ပွဲ မဖြစ်ဘူး ဒါပေမယ့် မန်ဆာအွမ်ဘက်မှာ တိုက်ပွဲဖြစ်တော့ သူတို့လည်း ကြောက်ပြီး ပြေးလာကြတာပါ။ အခု လောလောဆယ်တော့ သူတို့ နေရပ်မပြန်သေးဘူး။ ပန်ခမ်းဘုန်းကြီးကျောင်းမှာပဲ ရှိသေးတယ်” ဟု ပြောသည်။
မေလ ၄ ရက်၌လည်း မန်ဆာကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာတွင် ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ထိမှန်သဖြင့် ဒေသခံ ၂ ဦးဒဏ်ရာ ရရှိကာ လားရှိုးဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ၎င်းကပြောသည်။
SSPP နှင့် TNLA တို့အကြား မေလ ၆ ရက်နေ့ မနက်ပိုင်းကလည်း မန်ဆာအွမ်ကျေးရွာ၌ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်ရှိအခြေအနေမှာ စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း မိုင်းရင်ဒေသခံများက ဆိုသည်။
ဦးထွန်းလှိုင်း က “အခြေအနေတော့ မကောင်းဘူး။ မနေ့က မနက်ပိုင်းတော့ ကြားရသေးတယ်။ ဒီနေ့တော့ အခုထိဘာမှ မကြားသေးဘူး။ TNLA နဲ့ SSA တို့ မန်ဆာအွမ်မှာ ဖြစ်တာ။ ဒါပေမယ့် တရွာနဲ့ တရွာကတော့ ၅ ဖာလုံလောက်ပဲရှိတယ်။ စစ်ရေး အခြေအနေကတော့ တင်းမာနေတုန်းပဲ” ဟု ဆိုသည်။
ထို့ပြင် SSPP နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားသည့် မန်ဆာအွမ်ကျေးရွာနှင့် ၁ မိုင်ခွဲအကွာတွင် ရှိသော တပ်မတော်စခန်းတွင်လည်း နမ္မတူ အခြေစိုက် ၃၂၄ တပ်ရင်းကို အင်အားထပ်ဖြည့်နေသည်ကို တွေ့ရကြောင်း ဒေသခံများကဆိုသည်။
SSPP နှင့် TNLA ကြား ဖြစ်ပွားသော တိုက်ပွဲနှင့် ပတ်သက်ပြီး နှစ်ဖက် တာဝန်ရှိသူများကို ဖုန်းဆက်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိရပေ။
ယင်းတို့ ၂ ဖွဲ့ တိုက်ပွဲ ဖြစ်ပွားသည့် မေ ၄ ရက်နေ့မှာ SSPP နှင့် အစိုးရ ကိုယ်စားလှယ် ငြိမ်းချမ်းရေးကော်မရှင် (PC) တို့ မေ ၁ ရက်မှ ၂ ရက်နေ့အထိ NCA ထိုးနိုင်ရေးတွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
SSPP နှင့် TNLA တို့သည် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များ ဖြစ်ကြသည်။
FPNCC တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(မိုင်းလားအဖွဲ့-NDAA)၊ မြန်မာအမျိုးသားဒိမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်မတော်(AA)၊ (SSPP)၊ (TNLA) တို့ ပါဝင်ကြသည်။