ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် တပ်မတော်တို့၏ တိုက်ပွဲများအကြား ပိတ်မိနေသည့် ပြည်သူများ အမြန်ဆုံး လွတ်မြောက်ရေးနှင့် စစ်ပွဲများ ရပ်ရေး အတွက် မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်တွင် လှုပ်ရှားမှုပြုလုပ်ခဲ့သူများကို အမှတ် ၈ နယ်မြေ ရဲစခန်း၌ ငြိမ်း စုစီဥပဒေနှင့် အမှုဖွင့်ထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး မျိုးအောင် က “အောင်မှိုင်းဆန်းအပါ ၃ ဦးကိုအမှု ဖွင့်ထားတာပါ။ ဥပဒေနဲ့ အညီ ဆောင်ရွက်မှု မရှိလို့ပါ။ ရဲလုပ်ငန်းအရ ဆက်လက်ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။
တိုင်းရင်းသား ဒေသများ၌ ထိုးစစ်များ ရပ်ဆိုင်းရေးနှင့် ကချင်ပြည်နယ် အတွင်း ပိတ်မိပြည်သူများ အမြန်ဆုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော ကိုအောင်မှိုင်းဆန်း၊ ကိုစိုးမိုးအောင် (ခ) ဒိန်းဒေါင်၊ ကဗျာဆရာ ကလင့် တို့ ၃ ဦးအားမေလ ၇ ရက်တွင် အမှတ် ၈ နယ်မြေ ရဲစခန်းမှ ငြိမ်း၊ စု၊ စီဥပဒေပုဒ်မ (၁၉) (ပ)၂၄၅/၁၈ ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်ကြောင်းသိရသည်။
မေလ ၆ ရက်၌က ချင်စစ်မက်နယ်မြေ အတွင်း ပိတ်မိပြည်သူများ လွတ်မြောက်ရေး လိုလားသူများက စစ်ရေးအကြမ်းဖက်မှု အလိုမရှိ၊ စစ်မက်ဒေသ ပိတ်မိပြည်သူများ လွှတ်ပေးရေး၊ တိုင်းရင်းသားဒေသ ထိုးစစ်တွေရပ်၊ STOP WAR၊ FREE IDPs စသည့် ပိုစတာများနှင့် ပိတ်မိနေသော စစ်ဘေးသင့် ပြည်သူများ၏ ဓာတ်ပုံများ ကိုင်ဆောင်၍ မော်တော်ဆိုင်ကယ် အစီးရေ ၃၀ ကျော် လူဦးရေ ၄၀ ကျော်က ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်။
စစ်ပွဲများ ရပ်ရေးနှင့် ပိတ်မိပြည်သူများ လွတ်မြောက်ရေး လှုပ်ရှားမှုတွင် ပါဝင်သူ တဦးက “တကယ်ဒုက္ခမျိုးစုံ ခံစားနေကြရတဲ့ ကိုယ့်ရဲ့ညီ အကိုတွေကို ကိုယ်ချင်းစာနာစိတ်နဲ့ ကမ်ပိန်းကို လှုပ်ရှားခဲ့ကြတာပါ။ ဒါကိုဥပဒေနဲ့ မညီလို့ အရေးယူတယ် ဆိုတော့လည်း အရေးယူပေါ့ဗျာ။ ဒီအပေါ်မှာတော့ ဘာမှမပြောလိုပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် မန္တလေးမှ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်ကာ “ငြိမ်းချမ်းပါစေ မြန်မာပြည်” စာတမ်းပါ အပြာရောင် တီရှပ်များ ဝတ်ဆင်၍ “တိုင်းရင်းသားဒေသ ထိုးစစ်တွေရပ်” ၊ “စစ်မဲ့ဒေသ ပိတ်မိပြည်သူများ လွှတ်ပေးရေး ကတ်ပြားများကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။