ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လော့ဒ်ဒေသသို့ စစ်ရှောင် မိသားစုများအား အိမ်ထောင်စုစာရင်း ကောက်ယူရန်နှင့် ကူညီထောက်ပံ့ရန် သွားရောက်သည့် အစိုးရဝန်ထမ်း၊ လူမှုရေးအဖွဲ့များပါဝင်သည့် ယာဉ်တန်းအားမေလ ၅ ရက်က လက်နက်ငယ်များနှင့် အပစ်ခံခဲ့ရကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။
ကချင်ပြည်နယ် လဝကမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကိုကိုနှင့် အဖွဲ့ဝင် ၂ ဦး၊ တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များမှ စုစုပေါင်း ၂၇ ဦးတို့သည် တနိုင်းမြို့မှ မော်တော်ယာဉ် ၅ စီးဖြင့် ထွက်ခွာလာရာ တနိုင်းမြို့မ ရဲစခန်း၏ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ၌ ပစ်ခတ်ခံရခြင်း ဖြစ်သည်။
တနိုင်းပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦးက “အသွားမှာနောက်ဆုံးကားကို အပစ်ခံရတယ်လို့ပြောတယ်။ အပြန်မှာတော့ ဘာမှမဖြစ်ဘူး။ ထိခိုက်မှုကတော့ မကြီးဘူး။ ဘယ်အဖွဲ့ကပစ်လဲဆိုတော့ ကျနော်လည်း မပါသွားတော့ မပြောနိုင်ဘူး။ ဟိုဘက်လားဒီဘက်လားဆိုတာတော့ သေချာ မသိဘူး။ တနိုင်းနဲ့ အောင်လောဒ့်ကိုမိုင် ၂၀ လောက် ဝေးတယ်”ဟုဧရာဝတီသို့ ပြောသည်။
ယင်းသို့လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ယာဉ်တန်း၏ နောက်ဆုံးတွင် လိုက်ပါလာသည့် မေတ္တာရှင် နာရေးကူညီမှုယာဉ်မှာ တာယာပွင့်သွားခဲ့ကြောင်း ပြည်နယ် အစိုးရထံမှ ရရှိသည့် အချက်အလက်များအရသိရသည်။
ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ကတော့ တိုက်ပွဲဖြစ်ပွားနေဆဲဒေသအတွင်းသို့ လူသားချင်းစာနာမှု အကူအညီပေးရန် သွားရောက်မည့် အဖွဲ့ အစည်း၊ အစုအဖွဲ့များ အနေဖြင့် မိမိတို့၏ အဖွဲ့အစည်း အမှတ်အသားများကို ထင်ရှားစွာ ဖော်ပြတပ်ဆင်၍ သွားလာကူညီမှုပြုကြရန် မေတ္တာရပ်ခံကြောင်း မေလ ၇ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်တွင် KIO အနေဖြင့် စစ်ပြေးဒုက္ခသည်များနှင့် ပိတ်ဆို့ခံ အရပ်သားများအား လူသားချင်း စာနာသော အကူအညီပေးနေသည့် အဖွဲ့အစည်းများနှင့် ပြည်သူများကို ပိတ်ပင်တားဆီး ဟန့်တားနှောင့်ယှက်ခြင်း ပြုမည်မဟုတ်ကြောင်းနှင့် KIO ဘက်ကလည်း လိုအပ်သည့် ကိစ္စများကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု ဆိုသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ကမူ ယင်းပစ်ခတ်မှုသည် KIA ၏ လက်ချက်ဟုပြောဆိုထားပြီး တိုက်ခိုက်ခံရပြီးနောက် အနီးရှိလုံခြုံရေးတာဝန်ယူထားသော ခမရ ၅၂၁ မှ ဗိုလ်ရဲထက် ဦးဆောင်သော တပ်စိတ်က ပြန်လည် ပစ်ခတ်ရှင်းလင်းခဲ့ရသည်ဟုဆိုသည်။
ယင်းယာဉ်တန်း တိုက်ခိုက်ခံရသော်လည်း ဒဏ်ရာရရှိသူမရှိဘဲ ကားဘီးလဲလှယ်၍ ဆက်လက် ထွက်ခွာနိုင်ခဲ့ကြောင်းသိရသည်။
အောင်လော့ဒ် ဒေသသို့ ရောက်ရှိစဉ် ကျေးရွာအတွင်း နေအိမ်များမှာ ပကတိအတိုင်း ကောင်းမွန်စွာတည်ရှိပြီးပျက်စီးဆုံးရှုံးမှု မရှိကြောင်း ရွာသားများလည်း တဦးမျှ မရှိဘဲ နွားအကောင် ၅၀ ခန့်၊ အိမ်မွေး ကြက်၊ ဝက်များကိုသာ သွားရောက်ခဲ့သည့် အဖွဲ့များကတွေ့မြင်ခဲ့ရသည်ဟုသိရသည်။
“လက်ရှိနယ်မြေ အခြေအနေက အရင်တုန်းကလို လက်နက်ကြီး ပစ်တာတွေတော့ မကြားရတော့ဘူး။ လေယာဉ်တွေနဲ့ လာပစ်တာမျိုးလည်း မရှိတော့ဘူး။ စစ်ရှောင်တွေကတော့ ရှိသေးတယ်။ ၂၀၁၆ ဇွန်လပိုင်းတိုက်ပွဲတွေ နောက်ပိုင်းမှာရောက်လာတဲ့ စစ်ရှောင်တွေ၊ ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းက ထွက်ပြေးလာတဲ့ ၂ ရာဝန်းကျင်လည်း တနိုင်းမှာရှိသေးတယ်”ဟု တနိုင်းကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလကလည်း တနိုင်းမြို့နယ်၌ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ကြားတိုက်ပွဲများကြောင့် အရပ်သားတချို့ သေဆုံးပြီးတရားမဝင် ရွှေ/ပယင်းမှော်များ အတွင်း အလုပ်လုပ်ကိုင်နေသူ ထောင်နှင့်ချီ၍ ပိတ်မိနေမှုများ ဖြစ်ပွားခဲ့သည်။
ယင်းဒေသသည် KIA တပ်မဟာ ၂ ထိန်းချုပ်ဒေသ တပ်ရင်း ၁၄ ၏လှုပ်ရှားမှုအောက်တွင် ရှိနေပြီး ၎င်းတို့အဖွဲ့အား သတ်မှတ်နယ်မြေကို ကျော်လွန်၍ လက်နက် ကိုင်ဆောင်သွားလာခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်အောင် မလုပ်ရန်အကြောင်း ကြားထားသော်လည်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ပြုလုပ်လာကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီလက သတင်းထုတ်ပြန်ထားသည်။