သတင်း

“စစ်ပွဲအလိုမရှိ" ပြဇာတ် ဖေ့ဘွတ်လွှင့်သူ ထောင်ဒဏ် ၃ လ ချမှတ်ခံရ

Want create site? Find Free WordPress Themes and plugins.

ပုသိမ်ဟိုတယ်တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သော သဘောထားဆိုင်ရာ ဆွေးနွေးပွဲတွင် ကပြခဲ့သည့် “စစ်ပွဲအလိုမရှိ”ပြဇာတ်အား လူမှုကွန်ရက် ဖေ့ဘွတ် Facebook တွင် တိုက်ရိုက်လွှင့်တင်ခဲ့သူ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ – HRAA ခေါင်းဆောင် ဦးထွန်းထွန်းဦးအား ပုသိမ်မြို့နယ် တရားသူကြီးက ပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ၃ လ ယမန်နေ့က ချမှတ်ခဲ့သည်။

ပုသိမ်မြို့အခြေစိုက် HRAA အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးအား အနောက်တောင်တိုင်း စစ်ဌာနချုပ်ကိုယ်စား ဒုတိယဗိုလ်မှုးကြီး အောင်မျိုးခိုင်(စစ်ဦးစီးပထမတန်း) မှ တရားလိုပြုလုပ်၍ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ပုသိမ်မြို့နယ်တရားရုံးတွင် ၁ နှစ်နီးပါး ကြားနာစစ်ဆေးပြီးနောက် မြို့နယ်တရားသူကြီး ဦးဝင်းအောင်က ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ဥပဒေအရ ပြစ်မှုကျူးလွန်တဲ့အပေါ်မှာ တရားရုံးတွေက သိပ်ပြီးတော့ မျှမျှတတ မစီရင်နိုင်ဘူး။ တရားစီရင်ရေး မဏ္ဍိုင်မှာ ဖိအားတွေရှိနေတယ်။ ပုဒ်မ ၆၆ (ဃ) ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ နိုင်ငံသား အခွင့်အရေး၊ နိုင်ငံသား လွတ်လပ်ခွင့်ကို တိုက်ရိုက်ပိတ်ပင်ထားတဲ့ပုဒ်မကြီး ဖြစ်တယ်။ ဒါကြောင့် လူတယောက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ်မှာ ကန့်သတ်ထားတဲ့ဥပဒေတွေရှိနေသရွေ့ ကျနော်တို့လို တရားခံတွေ ရှိနေဦးမှာပဲ”ဟု ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူ HRAA ခေါင်းဆောင် ဦးထွန်းထွန်းဦးက ဧရာဝတီကို ပြောသည်။

ပုသိမ်ဟိုတယ်တွင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် နေ့ကပြုလုပ်သည့် ငြိမ်းချမ်းရေးဆိုင်ရာ သဘောထား ဆွေးနွေးပွဲတွင် ကျောင်းသားများပြဇာတ်ကပြခဲ့ရာတွင် ဇာတ်ဝင်ခန်းတချို့မှာ တပ်မတော်၏ဂုဏ်သိက္ခာထိခိုက် စေသည်ဟုဆိုကာ ဒု ဗိုလ်မှုးကြီး အောင်မျိုးခိုင်က တရားလိုပြုလုပ်၍ ကျောင်းသား ၉ ဦးကို ပုသိမ်မြို့နယ် တရားရုံးတွင် အသေရဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ပြီး ယင်းပြဇာတ်ကို ဖေ့ဘွတ်တွင် တိုက်ရိုက် ထုတ်လွှင့်ခဲ့သူ HRAA ခေါင်းဆောင် ဦးထွန်းထွန်းဦးကိုလည်း ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။

ပုသိမ်ဟိုတယ်တွင် ကျောင်းသားများ ကပြခဲ့သည့် ပြဇာတ်မှာ စစ်ပွဲထောက်ခံသူများအား အောက်ဆီဂျင် အမည်ရှိ သတင်းဌာနမှ အင်တာဗျူးမေးမြန်းသည့်ပုံစံဖြင့် တင်ဆက်ကပြခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပြဇာတ်တွင် စစ်သားဇနီးအဖြစ် သရုပ်ဆောင်ထားသူ လူငယ်တဦးအား သတင်းဌာနမှ အင်တာဗျူးမေးမြန်းချိန်တွင် စစ်ပွဲများရှိနေသည့်အတွက် စစ်သားများ ရှေ့တန်းထွက်နေချိန်တွင် နောက်တန်းတွင် လွတ်လပ်စွာ အိမ်ထောင်ရေး ဖောက်ပြန်နိုင်သဖြင့် စစ်ပွဲများကို ထောက်ခံကြောင်း ထည့်သွင်းပြောဆို ကပြခဲ့သည့်အပေါ် တပ်မတော် အသိုင်းအဝိုင်းက မကျေနပ်သည့်အတွက် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြဇာတ်ကခဲ့သည့် ကျောင်းသား ၉ ဦးအနက် ၈ ဦးကို ပုသိမ်မြို့နယ် တရားသူကြီး ဦးဝင်းအောင်က ယခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ဒဏ်ငွေများချမှတ်ခဲ့ပြီးနောက် ပြဇာတ်ကို Facebook တွင် တိုက်ရိုက်ထုတ်လွှင့်သည့် ဦးထွန်းထွန်းဦးကို ယမန်နေ့တွင် ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ပြဇာတ်ထဲမှာ သုံးတဲ့စကားလုံးတွေက တပ်မတော်မိသားစုဝင်တွေဖြစ်တဲ့ စစ်သားတွေနဲ့ စစ်သားတွေရဲ့ ဇနီးမယားတွေကို အသရေပျက်စေတဲ့ စကားလုံးတွေ ပါတယ်ဆိုပြီး စွပ်စွဲတာပေါ့။ တကယ်စစ်ကြည့်တဲ့ အခါမှာလည်း အဲဒီ ပြောဆိုချက်တွေ ပြောဆိုခဲ့တယ်။ ဦးထွန်းထွန်းဦးကလည်း ဒါကို သူ့ရဲ့ Facebook ကနေ တိုက်ရိုက် လွှင့်တင်ခဲ့တဲ့အတွက် သူ့မှာလည်း တာဝန်ရှိတယ်လို့သုံးသပ်ပြီးတော့ ဒီအမိန့်ချမှတ်ခဲ့တာဖြစ်တယ်။ ဒီလို ချမှတ်တဲ့အမိန့်အပေါ်မှာ ဘာဖိအားမှ မရှိပါဘူး။ ကိုယ်ကောင်းတာလုပ်တာပဲဆိုပြီး သူများကို ထိခိုက်တာ မဖြစ်အောင် ဆင်ခြင်သင့်တယ်လို့ သုံးသပ်ပြီး ဒီအမိန့်ကို ချမှတ်တာ ဖြစ်ပါတယ်”ဟု ပုသိမ်မြို့နယ် တရားသူကြီး ဦးဝင်းအောင်က ပြောသည်။

ပြဇာတ်ကသူများမှာ ကျောင်းသားလူငယ်များဖြစ်သည့်အတွက် ပြုပြင်စေလိုသည့်သဘောဖြင့် ငွေဒဏ်သာ ချမှတ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားများပြဇာတ်ကခြင်းမှာ ခန်းမအတွင်းရှိ ပရိတ်သတ်များသာ သိရှိစေကြောင်း၊ ဦးထွန်းထွန်းဦးမှာ Facebook တွင် တိုက်ရိုက်လွှင့်ခဲ့သည့်အတွက် မြန်မာပြည်နှင့် တကမ္ဘာလုံးက သိရှိစေပြီး ဦးထွန်းထွန်းဦးမှာလည်း အရွယ်ရောက်ပြီးသူတဦးဖြစ်သည့် အတွက် ဆင်ခြင်စေလိုသည့်သဘောဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းအောင်က ပြောသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) မှာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သောပုဒ်မဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် တပ်မတော်အနေဖြင့် အဆိုပါ ဥပဒေပုဒ်မကိုအသုံးပြု၍ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် သတင်းမီဒီယာများအပေါ် အမှုဖွင့်ဆောင်ရွက်မှုများ ပိုမိုများပြား လာသည်ဟု မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ပြပြောဆိုကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading