ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအကြား ရက်ပေါင်း ၂၀ကျော်အကြာ ပိတ်မိနေသည့် ကာမိုင်းမြို့နယ်ခွဲ လိုင်နောင်ခူး (မံဝေ) ကျေးရွာမှ စစ်ဘေးရှောင် ဒုက္ခသည်များ အားလုံး ယမန်နေ့ ညက လွတ်မြောက်လာပြီဖြစ်သည်။
ယင်း စစ်ဘေးရှောင် ဒုက္ခသည်များကို ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မေလ ၆ ရက်နှင့် ၇ ရက်များ၌ တဖွဲ့စီ ကယ်ထုတ်လာနိုင်ခြင်း ဖြစ်ပြီး စုစုပေါင်း လွတ်မြောက်လာသူ ၁၅၂ ဦး ရှိကြောင်း သတင်းရသည်။
ကချင် ခရစ်ယာန်ကောင်စီ ဥက္ကဌ ဦးလဆိုင်းက “ပထမရက်က ဒေသခံတွေ မဟုတ်ဘဲ ပိတ်မိနေတဲ့ ၂၂ ယောက်ပါ။ သူတို့ ကတော့ ပြန်မယ့်နေရာတွေကို ပြန်သွားပြီ။ အခုက ၁၂၅ ယောက်။ နောက်ပြီး အသက်ကြီးလို့ ကျွဲနွားတွေလည်း ရှိနေလို့ ကယ်ထုတ်တဲ့ အဖွဲ့နဲ့ မလိုက်ဘဲ ရွာမှာပဲ ကျန်ခဲ့တာက မိသားစု ၂ စု၊ လူဦးရေ အရဆို ၅ ဦးပါ” ဟု ပြောသည်။
လိုင်နောင်ခူး ရွာမှ စစ်ဘေးရှောင်ဒုက္ခသည်များသည် မနေ့ည ၁၁နာရီဝန်းကျင်မှာ ကာမိုင်းမြို့သို့ ရောက်ရှိ လာခြင်းဖြစ်ပြီး၊ အဆိုပါ ရွာသည် ကာမိုင်းနှင့် ၇ မိုင်ခန့် ဝေးသည့် ကထန်ယန်ရွာမှ စက်လှေဖြင့် ၃ နာရီကြာ သွားပါက ရောက်နိုင်သော် လည်း တိုက်ပွဲများ ဖြစ်ပွားထားခြင်း မိုင်း အန္တရာယ်များ ရှိခြင်းတို့ကြောင့် လိုင်နောင်ခူး- ချောင်းဝ- ဟိုပင်- ကာမိုင်း လမ်းအတိုင်း ကယ် ထုတ်ခဲ့ရခြင်း ဖြစ်သည်။
လိုင်နောင်ခူးကျေးရွာရှိ ဒေသခံများမှာ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ နှစ်ဖက်ဖြစ် ပွားသည့် တိုက်ပွဲများကြောင့် ဧပြီလ ၁၁ ရက်ကတည်းက ကျေးရွာအတွင်း၌ ပိတ်မိနေခြင်း ဖြစ်သည်။
ဘာသာရေး ဆရာများက ပိတ်မိနေသူများကို ကယ်ထုတ်ရန် အတွက် ကာမိုင်းမြို့နယ်ခွဲမှ မြို့ရွာ အုပ်ချုပ်ရေးမှူး များနှင့် ညှိနှိုင်းခဲ့သော်လည်း ကယ်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။
ဧပြီလ ၃၀ ရက်၌ ကချင်လူငယ် ၃၀၀ ခန့်က ပိတ်မိနေသူများကို အစိုးရမှ ကယ်ထုတ်ပေးရန် ဆန္ဒပြ တောင်း ဆိုခဲ့ပြီး ထိုင်သပိတ်စခန်းများလည်း မြစ်ကြီးနားမြို့ မြို့လယ်လမ်းမတွင် ဖွင့်လှစ်ခဲ့ရာ မေလ ၃ ရက်တွင် ကချင် ပြည်နယ် ဝန်ကြီးချုပ်က ဘာသာရေးခေါင်းဆောင်များ၊ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ကွန်ရက် (PCG) မှ တာဝန်ရှိ သူများနှင့် ဆန္ဒပြလူငယ်ခေါင်းဆောင်များကို တွေ့ဆုံညှိနှိုင်းကာ လိုင်နောင်ခူးတွင် ပိတ်မိနေ သူများကို သွားရောက် ကယ်ထုတ်ရန် သဘော တူညီခဲ့သည်။
မေလ ၄ ရက်၌ ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ ဘာသာရေး ဆရာများ၊ PCG မှ တာဝန်ရှိသူများနှင့် ဆန္ဒပြ လူငယ်တို့ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် သွားရောက်ရာ၌ မိုးကောင်းမြို့နယ် မရန်ကထောင်ရှိ တပ်မတော်ဂိတ်တွင် တကြိမ် ပိတ်ဆို့ခံရပြီး ကယ်ဆယ်ရန် ခွင့်မပြုသဖြင့် မြစ်ကြီးနားမြို့သို့ လှည့်ပြန်ခဲ့ရသည်။
ဘာသာရေး ဆရာများနှင့် ဆန္ဒပြလူငယ်များက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုး သား ပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုလည်း ကူညီပေးရန် ဆက်သွယ်ပြောဆိုမှုများ ရှိခဲ့ပြီး မေလ ၆ ရက်တွင် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မြစ်ကြီးနားမြို့သို့ သွားရောက်ကာ ညှိနှိုင်းပေးခဲ့ပြီးနောက် ပိတ်မိနေသူများကို ကယ်ထုတ်ရန် တပ်မတော် က ခွင့်ပြုခဲ့ရာ မေလ ၆ ရက်တွင် ၂၂ ဦး တဖွဲ့၊ မေလ ၇ ရက်တွင် ၁၂၅ ဦးတဖွဲ့ အသီးသီး ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကယ်ဆယ်ရေး ခရီးစဉ်တွင် ပြည်နယ်အစိုးရအဖွဲ့မှ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်သာ သွားကယ်ခဲ့ပြီး စစ်ဘေး ရှောင် ဒုက္ခသည်များ အရေး ဆောင်ရွက်နေသည့် ကာမိုင်းမြို့မှ ဘာသာရေးဆရာများကို ခေါ်ဆောင်သွား ခြင်း မရှိဟု သိရသည်။
ကာမိုင်းမြို့မှ ဘာသာရေး ဆရာများက လိုင်နောင်ခူး ကျေးရွာမှ စစ်ဘေးရှောင်ဒုက္ခသည်များ လွတ်မြောက်လာပါက နေထိုင်ရန် လိုင်နောင် စစ်ဘေးရှောင်စခန်းတွင် အဆောင် ၁ ဆောင်အား ဧပြီလ ၁၆ ရက်ကတည်းက ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ဦးလဆိုင်းက ပြောသည်။
ကာမိုင်းမြို့အခြေစိုက် ကချင် ခရစ်ယာန်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဦးနော်မိုင်က “ကျနော်တို့မှာ လိုင်နောင် စစ်ဘေး ရှောင်စခန်း တခုရှိတယ်။ အဲဒီမှာ အဆောင် ၁ ခုလည်း ပိုနေလို့ သူတို့အတွက် စီစဉ်ထားတယ်။ အုပ်ချုပ်ရေးပိုင်းကလည်း မီးတပ်ဆင်တာတွေ အဆောင်ကို ပြင်တာတွေ လာလုပ်ပေးသွားတယ်” ဟု ပြော သည်။
သို့သော် စစ်ဘေးရှောင်ပြည်သူများကို ပြည်နယ်အစိုးရအဖွဲ့က ဘာသာရေးဆရာများ စီစဉ်ထားသည့် လိုင်နောင် စစ်ဘေးရှောင်စခန်းသို့ မပို့ဘဲ နီးစပ်ရာ ဆွေးမျိုးသားချင်းများ၏ အိမ်လိပ်စာများကို စာရင်းကောက်၍ ညတွင်းချင်း လိုက်လံပို့ဆောင်ခဲ့ကြောင်း သိရသည်။
အစိုးရအစီအစဉ်ဖြင့် လိုက်ပါလာသည့် လိုင်နောင်ခူးကျေးရွာမှ စစ်ဘေးရှောင်ဒုက္ခသည် တဦးက ၎င်းတို့ကို စစ်ဘေး ရှောင်စခန်းများတွင် ခိုလှုံခွင့်မပြုဘဲ ဆွေမျိုးများအိမ်တွင်သာ ခိုလှုံခွင့်ပေးမည်ဟု လာရောက် ကယ် ဆယ်သူများက ပြောဆိုခဲ့ကြောင်း ပြောသည်။
ဧပြီလအတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာမှ ဒေသခံ ၂ ထောင်ဝန်းကျင်မှာလည်း ဧပြီလ ၁၁ ရက်မှ စ၍ ယနေ့ထိ တော တောင်များထဲ ပိတ်မိနေဆဲ ဖြစ်သည်။