ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျေးရွာ ၅၀ ကျော်တွင် သောက်သုံးရေး ပြတ်လပ်မှုများ ဖြစ်ပေါ်နေပြီး အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
ရေပြတ်လပ်မှုဖြစ်ပေါ်နေသည့် ကျေးရွာများမှာ ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများဖြစ်ပြီး နှစ်စဉ်သောက်သုံးရေ ပြတ်လပ်နေကြောင်း သိရသည်။
“အခုက ရေ အရမ်းလိုအပ်နေပါတယ်၊ အဆိုးရွားဆုံးဖြစ်တဲ့ ပင်းတယမြို့နယ်က ရွာတွေကိုတော့ နေ့စဉ် ရေလိုက်ဝေ နေရတယ်၊ ဒါကို သက်ဆိုင်ရာဆီကို တင်ပြ အကူအညီတောင်းခံထားပါတယ်၊ နေ့စဉ်ရေလိုအပ်ချက်ကိုတော့ အတတ်နိုင် ဆုံး ဖြည့်ဆည်းပေးနေပါတယ်”ဟု တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်းမှ လူငယ်အဖွဲ့ခေါင်းဆောင် ကိုအောင်ဆန်းက ပြောသည်။
ယခုအခါ နှစ်စဉ်ဆိုသလို နွေရာသီအချိန်တွင် အယ်နီညိုရာသီဥတုများဖြစ်ပေါ်နေလျက်ရှိပြီး မိုးရွာသွန်းမှုလျော့နည်းလျက်ရှိကြောင်း၊ ယခင်နှစ် နွေရာသီအချိန်က နိုင်ငံတဝှမ်းလုံး၌ ရေရှားပါးမှု၊ ရေပြတ်လပ်မှုကြုံတွေ့ခဲ့ရသည့် ကျေးရွာပေါင်း ၂ ထောင်ကျော်ရှိခဲ့ပြီး သမိုင်းတလျှောက် အများဆုံးဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦစီးဌာန(မန္တလေး)မှ သိရသည်။
“ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဆိုရင် အခုနောက်ပိုင်းမှာ သောက်သုံးရေရှားပါးမှု ပြသနာကို နှစ်တိုင်းလိုလို ရင်ဆိုင်ကြရ တယ်၊ အများဆုံးကတော့ ကျေးလက်ဒေသတွေမှာ အထိခိုက်ဆုံး ကဏ္ဍ တခုကတော့ ရေရှားတာပဲ၊ ရေတွေ ပြတ်လပ် ကုန်တယ်၊ တချို့ဒေသတွေမှာ အဝီစိတွင်း တူးပေမယ့် ရေမထွက်တော့ဘူး၊ ဒါကြောင့် ရေပြဿနာက တော်တော်ကြီး ပါတယ်”ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦစီးဌာန(မန္တလေး)မှ ညွှန် ကြားရေးမှူး ဦးကျော်လွင်ဦးကပြောသည်။
နွေရာသီတွင် ကျေးရွာများ၌ သောက်သုံးရေ ရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် ရေရှားပါး ပြတ်လပ်သည့် ကျေးရွာများ သို့ သောက်သုံးရေများ အချိန်နှင့်တပြေးညီ ပံ့ပိုးဖြည့်ဆည်း ပေးနိုင်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ အထောက်အကူ ပြု ကော်မတီဝင်များပါဝင်သော အစုအဖွဲ့စနစ်ဖြင့် ကျေးရွာများသို့ သောက်သုံးရေ အလျင်အမြန် ပံ့ပိုးဖြည့်ဆည်းပေးမည့် အစီအစဉ်များကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် စီမံ ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း၌ နှစ်စဉ် ရေရှားပါးပြတ်လပ်မှု ကြုံတွေ့နေရခြင်းမှာ နောက်ဆုံး နှစ် ၃၀ အတွင်း အများဆုံးဖြစ်ပေါ်ခြင်း ဖြစ်သလို အယ်နီညိုရာသီဥတုဖြစ်ပွားမှုကြောင့် ရေရှားပါးခြင်းပြသနာကို ရင်ဆိုင်နေရကြောင်း၊ ပူပြင်းခြောက်သွေ့သည့် အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် ရေရှားပါးလာခြင်းသည် နိုင်ငံ၏ အဓိကအသက်သွေးကြော စိုက်ပျိုးရေးကဏ္ဍ အပေါ် ထိခိုက်မှု ရှိလာနိုင်သည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က အင်တာဗျူးတခုတွင် ပြောကြားထားသည်။
ကလောမြို့နယ်တွင် သောက်သုံးရေရှားပါးနေသော ကျေးရွာများမှာ ခမ်းပါမူရွာ၊ ရွာသစ်၊ နောင်လွယ်၊ သစ်ယားပင်၊ မိုး ကောင်းတောင်၊ ဖောင်းတော၊ တောင်မြေခြား၊ မြောက်မြေခြား၊ တောင်ပတ်၊ ရေဗုတ်၊ ကျောက်ထပ်၊ လေးကျောင်းတိုက်ရွာ၊ သဲကုန်း၊ ကျောက်တံခါး၊ ဆူးပန်းအင်း၊ ဝါးကြီးမြောင်၊ ချောင်းနီပေါက်(တောင်/မြောက်)၊ မိုးမခ၊ မြင်းက၊ သမိုင်းပေါက်၊ ညောင်ပင်ကုန်း၊ မြေခြား၊ မြင်းတောင်၊ ကျောက်ဆုပ်ကျေးရွာများဖြစ်ပြီး ညောင်ရွှေမြို့နယ်တွင် ကျောက်ပုတ်၊ ရေချမ်းကုန်း၊ ရှမ်းရွာ၊ ကြားတွန်ကျေးရွာများဟု သိရသည်။
ပင်လောင်းမြို့နယ်တွင် သောက်သုံးရေရှားပါးနေသော ကျေးရွာများမှာ မွန်းပင်၊ လွင်ရွာ၊ ပင်စိမ်းစု၊ ကံ့ကော်ပင်၊ ပင်ဆုံကျေးရွာတို့ဖြစ်ပြီး ပင်းတယမြို့နယ်တွင် ကူးကော်အုပ်စု ကြိမ်တော၊ ကျောက်ကြား၊ ကုန်းသာ၊ ချုပ်ချက်၊ ကျားကုန်း အုပ်စု ကျားကုန်း၊ တည်ပင်(အပေါ်ရွာ/အောက်ရွာ)၊ ဝါးတစ်ရာ၊ ရှောက်ပင်၊ ဆားပြား၊ မြေခြားတောင်၊ ရှမ်းရွာ၊ မြေခြား၊ အင်းပလက်၊ နန်းပလန်၊ သရက်ပြား ကျေးရွာတို့ဖြစ်သည်။
“နှစ်တိုင်းဖြစ်နေတာဆိုတော့ ရေသွယ်စရာလည်းမရှိဘူး၊ စက်ရေတွင်းလည်း မဖြစ်ဘူး၊ မိုးရေလှောင်ကန်ကြီးတွေ ဆောက်မှ အဆင်ပြေမယ်၊ အခုလက်ရှိ ကလောမြို့နယ်က အိမ်ခြေတစ်ရာကျော် လူဦးရေ ငါးရာကျော်ရှိတဲ့ရွာမှာ ဂါလံ တစ်သန်းဆံ့ ရေကန်တစ်ခုကို ကိုယ့်အားကိုယ်ကိုးပြီး တည်ဆောက်နေပါတယ်၊ ရေရှားတဲ့ နွေရာသီလေးလအတွက် လုံလောက်နိုင် တယ်လို့ တွက်ချက်ပြီး ဆောက်နေတာပါ”ဟု ကိုအောင်ဆန်းက ဆက်လက်ပြောသည်။
အဆိုပါဒေသများတွင် နွေရာသီရောက်တိုင်း နှစ်စဉ် သောက်သုံးများ ပြတ်လပ်နေသောကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ စာဖြင့် တင်ပြထားသည်မှာ တစ်နှစ်ကျော်ကြာပြီ ဖြစ်သော် လည်း ယနေ့အချိန်ထိ သောက်သုံးရေများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
ကျေးရွာများအတွင်း ရေရှားပါးပြတ်လပ်မှု ဖြစ်ပေါ်ပါက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) အပါအဝင် သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးများသို့ ဖုန်းဆက်သွယ်မှုအပြင် အခြားသော ဆက်သွယ်ရေးနည်းလမ်းမျိုးစုံဖြင့် အချိန် အခါမရွေး ဆက်သွယ်အကူအညီ တောင်းခံနိုင်ပြီး အကူအညီ တောင်းခံလာပါက ချက်ချင်းဖြည့်ဆည်း ဆောင်ရွက်ပေးနိုင် ရန် ဆောင်ရွက်ပေးထားကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။