ရခိုင် မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ဒုက္ခသည်များထဲမှ မြန်မာနိုင်ငံတွင် အမှန်တကယ် နေထိုင်ခဲ့သည့် လူဦးရေ ၁ ထောင်ကျော်စာရင်းကို ဘင်္ဂလားဒေ့ရှိ နိုင်ငံသို့ ပေးပို့ထားကြောင်း အလုပ်သမား လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့သော ပြည်ထဲရေး ဝန်ကြီး၏ ခရီးစဉ်တွင် ကနဦး ပြန်ပို့ရန်အတွက် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့လိုက်သော လူဦးရေ ၈၀၀၀ စာရင်းအား မြန်မာဘက်မှ စိစစ်ပြီး ပြန်ပို့လိုက်သော ကနဦး စာရင်းဖြစ်ကြောင်းသိရပြီး ကျန်အရေအတွက်ကိုလည်း ထပ်မံ စိစစ်မှု ပြုလုပ်သွားရန်ရှိကြောင်းလည်း သိရသည်။
ဝန်ကြီး ဦးသိန်းဆွေ က “ပြည်ထဲရေး ဝန်ကြီးဘင်္ဂလားဒေ့ရ်ှ နိုင်ငံသွားတုန်းကပို့လိုက်တဲ့ ၈ ထောင်စာရင်းပဲ ရှိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာ နေခဲ့ဖူးတဲ့သူတွေ သေချာအောင်လို့ ဝန်ကြီးဌာန အနေနဲ့ စိစစ်နေပါတယ်။ အခုချိန်ထိလူအင်အား ၁၁၀၀ လောက်စာရင်းရရှိပြီးတော့ နိုင်ငံခြားရေးက တဆင့် တဖက်နိုင်ငံကိုပို့ပြီး ဖြစ်ပါတယ်” ဟု ပြောသည်။
နေပြည်တော်ရှိ Hilton Hotel ၌ မေလ ၇ ရက်က အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှု အဖွဲ့ (IMO) နှင့် အလုပ်သမား လူဝင်မှု ကြီးကြပ်ရေး ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ ပူးပေါင်းရိုက်ကူးသည့် IOM X မြန်မာရွှေ့ပြောင်း သွားလာသူများ ဗီဒီယိုမိတ်ဆက် အခမ်းအနားအပြီး မီဒီယာများကို ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
လက်ရှိ အချိန်ထိ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်လာသူ ၁ ဦးမှ မရှိသေးကြောင်းနှင့် စိစစ်ပြီးသူများ ပြန်လည် ဝင်ရောက်မှုကို နှစ်နိုင်ငံ သဘောတူညီချက်များကို ရယူပြီးပါက အချိန်မရွေး ပြန်လည် ဝင်ရောက်နိုင်မည်ဟု ဦးသိန်းဆွေက ဆိုသည်။
နေရပ်စွန့်ခွာသူများပြန်လည် ဝင်ရောက်လာသည့် အချိန်၌ စနစ်တကျ ထားနိုင်ရန်အတွက် လုံခြုံစိတ်ချရသည့် အခြေခံ အဆောက်အဦများ တည်ဆောက်နေခြင်း မူလက ယင်းတို့နေခဲ့သည့် ကျေးရွာများနှင့် အနီးစပ်ဆုံးနေရာများတွင် နေထိုင်နိုင်ရန် အတွက် အစရှိသည့် ဆောင်ရွက်မှုများကို စီစဉ်လျှက်ရှိကြောင်း၎င်းက ပြောသည်။
၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခသည်များ နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရ်ှသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရ်ှသို့ ထွက်ပြေးတိမ်းရှောင်သူများအားယခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် စတင်ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များကို မြန်မာ- ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံသဘောတူညီခဲ့ကြသည်။
ရခိုင်ဒေသ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရ်ှသို့ ရောက်ရှိသွားသူ ၆ သိန်းကျော်ရှိကြောင်း နိုင်ငံတကာ မီဒီယာများတွင် ရေးသားဖော်ပြမှုများရှိသော်လည်း မြန်မာအစိုးရဘက်က ယင်းအရေအတွက်နှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ မြန်မာနိုင်ငံတွင် အမှန်တကယ် နေထိုင်ဖူးခဲ့ကြောင်းဟုတ်၊ မဟုတ်အထောက် အထားနှင့်ဥပဒေများအရလက်ခံသွားမည်ဟု ပြောဆိုထားသည်။