ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် ပြုလုပ်မည့် ရန်ကုန်မြို့သစ် စီမံကိန်းအား ကန့်ကွက်ကြောင်း မေလ ၇ ရက်ကပြုလုပ်ခဲ့သည့် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တာမွေမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းမြင့်က ဆွေးနွေးသွားသည်။
ဦးသိန်းမြင့်က “ရန်ကုန်မြို့တော်ကြီးမှာလုံခြုံရေး၊ စည်ပင်သာယာရေးလုပ်ငန်း၊ တရားစီရင်ရေး၊ အလုပ်အကိုင်ရရှိရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ သွားလာမှု အဆင်ပြေရေးအများကြီး အကောင်အထည်ဖော်ဖို့ လိုနေပါတယ်။ ဒါတွေကိုရန်ကုန်မြို့မှာတောင် မပြေလည် သေးဘဲ တခြားနေရာမှာ သွားလုပ်မယ်ဆိုတော့ ရန်ကုန်မြို့ကြီးကို ဒီတိုင်းပစ်ထားမှာလား” ဟု လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးသွားသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တိုင်းအစိုးရက တင်သွင်းလာသည့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်း အစီရင်ခံစာတွင် မြို့သစ်ချဲ့ထွင်ရေး အပါအဝင် စီမံကိန်း အများအပြား ပါဝင်လာပြီး ယင်းအစီရင်ခံစာပါ စီမံကိန်းများနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရခြင်း လူမှုဝန်းကျင် အကျိုးသက်ရောက်မှုများကို ဆန်းစစ်ဝေဖန်ထားမှု မရှိခြင်း၊ ပြည်သူ့ သဘောထား မပါရှိခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကြောင့် ဟုဆိုကာ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးမှု၊ ကန့်ကွက်မှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုအထဲတွင် ရန်ကုန်မြို့သစ် စီမံကိန်းအား ကန့်ကွက်ကြောင်း အပြင် မင်္ဂလာဒုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုး ကလည်း အစီရင်ခံစာပါ စမ်းကြီးဝ ပို့ဆောင်ရေး ဗဟိုစီမံကိန်းကို အချက်အလက်များ လိုအပ်နေသဖြင့် အတည်ပြုမပေးနိုင် ကြောင်း ထောက်ပြ ဆွေးနွေးသွားသည်ကို တွေ့ရသည်။
“မင်္ဂလာဒုံမြို့နယ် စမ်းကြီးဝကွင်းအား စမ်းကြီးဝ ပို့ဆောင်ရေးဗဟို (Transpotation Hug) စီမံကိန်း အဖြစ်ပါဝင်ပါတယ်။ အဆိုပါကွင်းရှိ လယ်သမားများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးပြီလား ပြေလည်မှု ရရှိပြီးပြီလားဟု ကျမအနေနဲ့ သိရှိလိုပါတယ်။ အဆိုပါစမ်းကြီးဝ ကွင်းအား မြေပြင်ကွင်းဆင်း၍ အများပြည်သူပွင့်လင်းမြင်သာမှု ရှိစေရန် စီမံကိန်းကိုတိုင်းဒေသကြီးအစိုးရအနေဖြင့် လာရောက် ဖြေရှင်းပေးစေလိုပါတယ်” ဟု ၎င်းက ပြောသည်။
ဒေါ်သန္တာမိုးက ဆက်လက်၍ “လာရောက်ရှင်းလင်းပေးခြင်း မရှိလျှင် သော်လည်းကောင်း အများပြည်သူ တောင်သူလယ်သမားများက သဘောမတူလျှင်သော်လည်းကောင်း အဆိုပါစီမံကိန်းအား အတည်မပြုပေးနိုင်ပါ” ဟု လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးသွားသည်။
လသာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်၊ ဦးဇော်ဝင်းနိုင်နှင့် မရမ်းကုန်းမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်း တို့ကလည်း စီမံကိန်းအသီးသီးတွင် ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများ အသေးစိတ် မပါဝင်ခြင်း တို့ကြောင့် စီမံကိန်းများကို အသေးစိတ်အချက်အလက်များ ထည့်သွင်းပြီး အဆိုပြုလွှာအဖြစ် ပြန်လည်တင်ပြရန် ပြောကြားခဲ့ကြသည်။
မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များစွာ ပြန့်ကျဲနေပြီး စက်မှုဇုန်အများစုမှာ လိုအပ်ချက်များစွာ ရှိနေကာ ယင်းတို့ကို ဖြည့်တင်းခြင်း မပြုနိုင်ဘဲ စက်မှုဇုန်သစ်များ ဖော်ထုတ်ခြင်းကို ကန့်ကွက်ကြောင်း တင်ပြသွားသည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရဥပဒေပုဒ်မ ၃၃ တွင် “တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စု အစိုးရ ချမှတ်ထားသည့် မူဝါဒများနှင့် သော်လည်းကောင်း၊ ပြည်ထောင်စု ဥပဒေများနှင့်သော်လည်းကောင်း မဆန့်ကျင်ဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းနှင့် စီမံကိန်းများကို လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်” ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ အစီရင်ခံစာပါ ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် ဥပဒေနှင့် အညီသာဆောင်ရွက်ရန်နှင့် လွှတ်တော်၏ သဘောတူညီချက်နှင့်သာဆောင်ရွက်ရန် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောသည်။
ဦးကျော်ဇေယျက“ပြည်သူတွေက စီမံကိန်းတွေကိုကန့်ကွက်နေတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့ လိုပါတယ်။ လွှတ်တော်ကိုအလေးထားဖို့ လိုပါတယ်။ ငါ့မြင်း၊ ငါစိုင်း၊ စစ်ကိုင်းရောက်ရောက် လုပ်တာမျိုးမဖြစ်သင့်ပါဘူး။ ငါ့မြင်းမဟုတ်ပါဘူး။ ပြည်သူတွေရဲ့ မြင်းပါ။ ပြည်သူတွေရဲ့ သဘောအတိုင်းသွားနိုင်မှ ဖြစ်ပါမယ်”ဟုဆိုသည်။
အဆိုပါ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း စီမံကိန်း အစီရင်ခံစာတွင် ပြည်သူ့ဘဝမြှင့်တင်ရေး မြို့သစ်စီမံကိန်းဟုဆိုကာတွံတေးမြို့နယ်ရှိမြေဧက ၂၄၀၀ ပေါ်တွင် မြို့သစ်ချဲ့ထွင်ရန် တန်ဖိုးနည်းနှင့် တန်ဖိုးလတ် အိမ်ရာစီမံကိန်းများ ဆောက်လုပ်ရန်အပါအဝင် အခြား စီမံကိန်းများစွာ ပါဝင်လာခဲ့ပြီး မေလ ၃ ရက်ကလွှတ်တော်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က လာရောက် ရှင်းလင်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစီမံကိန်းအစီရင်ခံစာ (၂ဝ၁၈-၂ဝ၂၁) တွင် မြို့ပြသယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံဖွံ့ဖြိုးမှု စီမံကိန်းများ၊ အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းများ၊ စက်မှုကဏ္ဍဖွံ့ဖြိုးရေးစီမံကိန်းများ၊ စီးပွားရေးအဆောက်အအုံဖွံ့ဖြိုးမှု စီမံကိန်းများ၊ ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းများစသည့် စီမံကိန်းများပါဝင်သည်။
ယမန်နေ့က ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် မြို့သစ်ချဲ့ထွင်ရေးစီမံကိန်းများပါဝင်သည့် အစီရင်ခံစာအား လွှတ်တော် ကိုယ်စားလှယ် ၆ ဦးမှ ဆွေးနွေးသွားပြီးလာမယ့် မေလ ၁၄ ရက်တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေး၌ ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ် ၆ ဦးမှ ထပ်မံဆွေးနွေးသွားမည် ဖြစ်သည်။