အရှုပ်တော်ပုံ စွန်းထင်းနေသော ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ဆက်လက် အာဏာရမည် သို့မဟုတ် တချိန်က နာဂျစ်၏ လက်ဦးဆရာ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က နာဂျစ်ကို ရာထူးမှ ဖယ်ရှားပစ်မည်ကို ဗုဒ္ဓဟူးနေ့တွင် မလေးရှားမဲဆန္ဒရှင်များက ဆုံးဖြတ်တော့မည်။
လက်ရှိ အာဏာရထားသူများ အနိုင်ရသော်လည်း ယခင် ၂၀၁၃ ခုနှစ်ရွေးကောက်ပွဲထက် လျှော့နည်းသော အသာမဲဖြင့်သာ နိုင်မည်ဟု သုတေသီ အများအပြားက ဆိုသည်။ ဧပြီလ ၂၈ ရက်နေ့တွင် တရားဝင် မဲဆွယ်ပွဲ စတင်ချိန်မှ မဟာသီယာခေါင်းဆောင်သော အတိုက်အခံတို့အတွက် အရှိန်အဟုန်မြင့်မားလာနေသည်။ သို့သော် အတိုက်အခံတို့သည် ရွေးကောက်ပွဲအတွက် ယန္တရားမရှိဘဲ မြင့်မားသော အခက်အခဲများအကြားမှ ရွေးကောက်ပွဲဝင်လာခဲ့ခြင်း ဖြစ်သည်။
ထိုအခက်အခဲများတွင် အသက် ၉၂ နှစ်အရွယ်ရှိပြီဖြစ်သော မဟာသီယာ၏ ဓာတ်ပုံများကို ရွေးကောက်ပွဲ ပိုစတာအဖြစ် သုံးခွင့်မရခြင်းနှင့် သူ၏ပါတီသည် အာဏာပိုင်များ ချမှတ်သည့် ယာယီဖျက်သိမ်းခြင်းကို ရင်ဆိုင်နေရခြင်းတို့ပါဝင်သည်။ ထို ပါတီ ယာယီ ဖျက်သိမ်းခြင်းကြောင်း သူ၏ပါတီသည် ရွေးကောက်ပွဲမှ ထုတ်ပယ်ခံရနိုင်သည်။
မဟာသီယာသည် ကျယ်ပြန့်သောထောက်ခံမှုကို ရရှိနေဆဲဖြစ်ပြီး အထူးသဖြင့် အစဉ်အလာအားဖြင့် အစိုးရလိုလားသော အင်အားအကြီးမားဆုံး မလေးလူမျိုးစု၏ထောက်ခံမှုကို ရရှိကာ မလေးရှားနိုင်ငံ၏ ၁၄ကြိမ်မြောက်ရွေးကောက်ပွဲအတွက်သော့ချက်ဖြစ်နေသည်။
ရွေးကောက်ပွဲမတိုင်မီ အဓိကကျသောပြဿနာအချို့ကို အောက်တွင်ဖေါ်ပြပေးလိုက်သည်။
ဘယ်သူက ဘယ်သူ့ကို ပြိုင်နေလဲ
နာဂျစ်၏ အာဏာရ ညွန့်ပေါင်းအဖွဲ့ ဖြစ်သော Barisan Nasional ခေါ် အမျိုးသားတပ်ဦးသည် ပါတီ ၁၄ ခု ပါဝင်ပြီး ပါတီ ၄ ခုပါဝင်သော မဟာသီယာ၏ Pakatan Harapan ခေါ် မျှော်လင့်ခြင်း မဟာမိတ်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ မလေးရှားနိုင်ငံရေးပါတီများသည် လူမျိုးစုအရ အခြေခံလေ့ရှိသောကြောင့် ရွေးကောက်ပွဲဆိုင်ရာပြဿနာများနှင့် အစိုးရမူဝါဒများသည် လူမျိုးရေးရာများကို အာရုံစိုက်လေ့ရှိသည်။
နာဂျစ်၏ ပါတီဖြစ်သည့် ညီညွတ်သော မလေးအမျိုးသားအဖွဲ့ချုပ် – UMNO သည် အကြီးမားဆုံးနိုင်ငံရေးပါတီဖြစ်ပြီး လွှတ်တော်နေရာ ၃ ပုံ ၁ ပုံကျော် ရယူထားသည်။ မဟာသီယာ၏ မဟာမိတ်အဖွဲ့တွင် တရုတ်လူမျိုးစုလွှမ်းမိုးသော တရုတ်ဒီမိုကရက်တစ် အရေးတော်ပုံပါတီ – Chinese Democratic Action Party သည် အင်အားအကြီးဆုံးဖြစ်ပြီး ဒုတိယ အင်အားအကြီးမားဆုံးမှာ ပြည်သူ့တရားမျှတမှု ပါတီ – Parti Keadilan Rakyat ဖြစ်သည်။ Parti Keadilan Rakyat ပါတီကို ထောင်ချခံခဲ့ရေသော ဒုဝန်ကြီးချုပ်ဟောင်း အန်ဝါအီဘရာဟင်က ထိန်းချုပ်ထားသည်။
Parti Islam Se-Malaysia- PAS ဟုခေါ်သော အစ္စလမ်မစ်ပါတီသည် ယခင်က အတိုက်အခံများဘက်တွင် ပါဝင်ခဲ့သော်လည်း လစ်ဘရယ်စိတ်ဓါတ်ရှိသော လွှတ်တော်အမတ်များ မဟာသီယာ၏ မဟာမိတ်ပါတီသို့ ကူးပြောင်းသွားခဲ့ပြီးနောက် အာဏာရ ပါတီဘက်သို့ယိမ်းလာသည်။ PAS သည်ရွေးကောက်ပွဲတွင် သီးခြားပါတီအနေဖြင့် ယှဉ်ပြိုင်သည်။ သုံးပွင့်ဆိုင် ယှဉ်ပြိုင်နေရသောကြောင့် အတိုက်အခံများအတွက် အလားအလာကို ပိုမိုအားကောင်းစေသည်။
ဘာကြောင့် ရွေးကောက်ပွဲ အရေးပါလဲ
နာဂျစ်သည် သူ့ကို လူထုထောက်ခံမှု ရှိနေသေးကြောင်း ပြရန် ယခုရွေးကောက်ပွဲကို အသုံးချမည်ဖြစ်သည်။ တချိန်က သူထိန်းချုပ်ထားသော နိုင်ငံပိုင်ရန်ပုံငွေ 1Malaysia Development Berhad တွင် ငွေကြေးအရှုပ်တော်ပုံကြောင့် သူ၏ ဂုဏ်သတင်းမှာ ထိခိုက်နေသောကြောင့် ရွေးကောက်ပွဲအောင်နိုင်ရေးက နာဂျစ်အတွက် သေရေးရှင်ရေး ဖြစ်သည်။ သူ၏ လုပ်ဖေါ်ကိုင်ဖက်များသည် ပြည်ပတွင် လိမ်လည်မှု စွပ်စွဲချက်များ ရင်ဆိုင်နေရသော်လည်း နာဂျစ်က 1MDB ရန်ပုံငွေ အလွဲသုံးစားမှုတွင် သူ မပါဝင်ကြောင်းပြောသည်။
၂၀၁၅ ခုနှစ် ဇူလိုင်လတွင် လူသိရှင်ကြားဖြစ်လာသော ထို အရှုပ်တော်ပုံကြောင့် မဟာသီယာနှင့် အတိုက်အခံ မဟာမိတ်များက နိုင်ငံရေးအရ တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြသည်။ မဟာသီယာသည် သူ၏ ၆ ကြိမ်မြောက် ရွေးကောက်ပွဲကို လန်ကာဝီမှ ယှဉ်ပြိုင်ရန် အငြိမ်းစားဘဝကို အဆုံးသတ်ခဲ့သည်။ လန်ကာဝီ အပန်းဖြေကျွန်းသည် သူ အာဏာရသည့် ၂၂ နှစ်တာကာလအတွင်း တည်ဆောက်ခဲ့သည့် နေရာသည်။ သူသည် အတိုက်အခံများဖက်မှ ဝန်ကြီးချုပ်လောင်းလည်းဖြစ်သည်။
မလေးရှားနိုင်ငံကို ၁၉၅၇ ခုနှစ်တွင် လွတ်လပ်ရေးရချိန်မှ စတင်ပြီး Barisan Nasional က အုပ်ချုပ်ကာ အပြောင်းအလဲမရှိခဲ့ပေ။ အတိုက်အခံတို့အောင်ပွဲရပါက သမိုင်းတွင်မည်ဖြစ်သည်။
ဘာတွေက အဓိကပြဿနာလဲ
အားနည်းသော ကုန်စည်ဈေးနှုန်းများကြောင့်ဖြစ်ပေါ်သည် ၂၀၁၃ ခုနှစ် စီးပွားရေးနှေးကွေးမှုနောက်ပိုင်းတွင် စီးပွားရေး တောင့်တင်းလာသော်လည်း လူနေမှုစရိတ် မြင့်မားခြင်းကြောင့် မလေးရှားနိုင်ငံသား အများအပြား စိတ်မချမ်မြေ့ဖြစ်နေသည်။ အစိုးရက အထောက်အပံ့ဖြတ်တောက်ခြင်းနှင့် ဝင်ငွေကျဆင်းခြင်းကို ကျားကန်ရန် ရည်ရွယ်သော ကုန်စည်နှင့် ဝန်ဆောင်မှု အခွန်စနစ် စတင်ကျင့်သုံးခြင်းတို့ကြောင့် ကုန်ဈေးနှုန်းများ တက်နေသည်။ မဲဆန္ဒရှင်များ၏ စိတ်ခံစားမှုများသည် ရွေးကောက်ပွဲရလဒ်ကို ဆုံးဖြတ်မည်ဖြစ်သည်။
အစိုးရကို ထောက်ခံသူ များပြားလှသည့် ကျေးလက်မှ ပြည်သူများသည် 1MDB ကဲ့သို့သော နိုင်ငံပိုုင်လုပ်ငန်းများမှ ငွေကြေးအရှုပ်တော်ပုံနှင့် ပတ်သက်ပြီး အကောင်းမြင်မှု ကျဆင်းနေသည်။
ဘယ်နေရာတွေက အဓိက စစ်မျက်နှာလဲ
အတိုက်အခံတို့သည် မြို့ကြီးများနှင့် ဆီလန်ဂေါ်၊ ပီနန်ကဲ့သို့သော စက်မှုထွန်းကားသည့် ပြည်နယ်များတွင် ထောက်ခံမှု ရနေသည်။ ရွေးကောက်ပွဲဆိုင်ရာ မြေပုံကို ပြန်လည်ရေးဆွဲခဲ့သောကြောင့် ထိုပြည်နယ်များနှင့် မြို့ပြ ပါလီမန်နေရာများကို အပြင်းအထန် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ ထိုသို့ပြန်လည်ရေးဆွဲခြင်းသည် မလေးကျွန်းဆွယ် ပါလီမန်နေရာ ၆၀ ရာခိုင်နှုန်းအပေါ် သက်ရောက်မှုရှိခဲ့ပြီး အာဏာရပါတီ အသာရရန် မဲဆန္ဒနယ်များကို ပြန်လည်ရေးဆွဲခြင်း ဖြစ်သည်။
စင်္ကာပူနှင့်နယ်စပ် တောင်ပိုင်း ဂျိုဟော်ပြည်နယ်သည် UMNO ၏ အမာခံဒေသဖြစ်ပြီး မဟာသီယာ၏ ညီညွတ်သော မလေးရှားဌာနေ တိုင်းရင်းသားများပါတီ – Parti Pribumi Bersatu က ပစ်မှတ်ထား ယှဉ်ပြိုင်မည့်နေရာဖြစ်သည်။ Parti Pribumi Bersatu ပါတီသည် UMNO မှ မဟာသီယာကို သစ္စာခံသူများ ခွဲထွက် ထူထောင်ထားသောပါတီဖြစ်သည်။ မလေးလူမျိုး အများစုပြည်နယ်အပေါ် ထိန်းချုပ်မှုကို UMNO ထံမှ ရယူခဲ့ခြင်းကြောင့် အတိုက်အခံတို့အတွက် လွန်စွာလိုအပ်နေသော ရွေးကောက်ပွဲ ခြေကုပ်စခန်းကို ရရှိစေနိုင်ခဲ့သည်။
အာဏာရပါတီများနှင့် အတိုက်အခံများသည် အမျိုးသားပါလီမန်အမတ်နေရာ ၂၂၂ နေရာနှင့် ပြည်နယ်လွှတ်တော်နေရာ ၅၀၅ နေရာတို့အတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ညွန့်ပေါင်းအစိုးရတရပ်သည် အများစု အနိုင်ရယုံဖြင့် နောင် ၅ နှစ်အတွက် အစိုးရကို ဖွဲ့စည်းနိုင်မည်ဖြစ်သော်လည်း အမတ်နေရာ ၃ ပုံ ၂ ပုံ ရပါက ကြီမားသော ဆုလာဘ်ဖြစ်နိုင်သည်။ အမတ်နေရာ ၃ ပုံ ၂ ပုံရပါက အာဏာရအုပ်စုအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မည်ဖြစ်သည်။
ဘယ်သူနိုင်ဖို့ သတင်းထွက်နေလဲ
ဆင်းရဲသော မဲဆန္ဒရှင်များအား ငွေကြေး အကူအညီထုတ်ပေးရန် ငွေလုံလုံလောက်လောက်ရှိသောကြောင့် အာဏာရ ညွန့်ပေါင်းအဖွဲ့အတွက် နောက်ထပ်အောင်ပွဲဖြစ်မည်ဟု နိုင်ငံရေး သုတေသီများက ခန့်မှန်းသည်။ နာဂျစ်၏ အုပ်စုသည် အစိုးရဝန်ထမ်းများ၏ ထောက်ခံမှုကိုလည်း ရရှိနေသည်။
မဲပေးသည့်နေ့တွင် မဲပေးခွင့်ရှိသူ ၈၅ ရာခိုင်နှုန်းလာရောက်မဲပေးမည်ဟု အတိုက်အခံများကမျှော်လင့်နေသည်။ မဲပေးသူများပြားခြင်းသည် အစဉ်အလာအားဖြင့် အတိုက်အခံများကို အားသာစေသည်။ လွန်ခဲ့သော ၂ ပတ်အတွင်း အတိုက်အခံတို့၏ ညစဉ် စုဝေးပွဲများတွင် လူထောင်ပေါင်းများစွာ တက်ရောက်ကြသည်။ မဟာသီယာ မိန့်ခွန်းပြောလျှင် အင်တာနက်မှ တိုက်ရိုက်ထုတ်လွှင်းခြင်းဖြင့် ပရိသတ်အများအပြားကို စွဲဆောင်နိုင်သည်။
မာဒေးကား ပြည်သူ့အမြင်စစ်တမ်း – Merdeka Center for Opinion Survey က လွန်ခဲ့သောအပတ်က ထုတ်ပြန်သည့်စစ်တမ်းအရ အာဏာရပါတီအပေါ်ထောက်ခံမှုမှာ လွန်ခဲ့သော ၂ ပတ်ကထက် ၁.၈ ရာခိုင်နှုန်းကျဆင်းပြီး ၅၁.၂ ရာခိုင်နှုန်းသာရှိသည်။ အတိုက်အခံများအပေါ်ထောက်ခံမှု ၇.၈ ရာခိုင်နှုန်း တက်လာခဲ့သည်။
မကြာသေးမီ ရက်များအတွင် နာဂျစ်၏ UMNO မှ ဝါရင့်ခေါင်းဆောင်များက ဝန်ကြီးချုပ်သည် တိုင်းပြည်ကို မှားယွင်းစီမံခန့်ခွဲနေသည်ဟု ဝေဖန်ခဲ့သည်။ မလေးအသိုင်းအဝန်းက လေးစားရသော ဘဏ္ဍာရေးဝန်ကြီးဟောင်း ဒိမ်း ဇိန်နုဒင်နှင့် ကုန်သွယ်ရေးဝန်ကြီးဟောင်း ရာဖီဒါအဇစ်တို့က နာဂျစ်၏ အမျိုးသားရေး တပ်ဦးကို ဖိအားပေးသည့်အနေဖြင့် အတိုက်အခံ လူထုစည်းဝေးပွဲတွင် ဝန်ကြီးချုပ်ကို ဝေဖန်ခဲ့ကြသည်။
ကိုးကား။ ။ Nikkei Asia Review