တိုင်းပြည်အတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်ပွဲများကို ရပ်ဆိုင်းပြီး လက်နက်ကိုင်များအားလုံး စားပွဲဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးနိုင်ရန် ကြိုးစားရမည်ဟု JMC-U ဒုဥက္ကဋ္ဌ – ၁ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ် ဗိုလ်ချုပ် စောအိုက်ဇက်ဖိုး က ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ၏ ၂ ရက်ကြာ ပြုလုပ်မည့် အစည်းအဝေးကို ရန်ကုန်မြို့ Lotte Hotel တွင် မေလ ၈ နေ့မှစတင်နေပြီဖြစ်ပြီး ယနေ့ပထမနေ့ အဖွင့်နှုတ်ဆက်စကား ပြောကြားရာတွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC –U) ဒုဥက္ကဋ္ဌ က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဗိုလ်ချုပ် စောအိုက်ဇက်ဖိုး က “စစ်ရဲ့ အနိဋ္ဌာရုံကို ခါးစည်းခံနေရသူများဟာ ပြည်သူများသာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ပွဲတွေ အမြန်ရပ်ဆိုင်းဖို့ လိုအပ်ပါတယ်။ စစ်ပွဲရပ်ပြီးမှ လက်နက်ကိုင်အဖွဲ့များ NCA မှ တဆင့် JMC အတွင်း ပါဝင်လာနိုင်ဖို့နဲ့ JMC အကောင် အထည်ဖော်မှုများမှာ အားလုံးယုံကြည် စိတ်ချစွာ ပါဝင်လာနိုင်အောင် ဆက်လက် ကြိုးစားရမှာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
JMC လုပ်ငန်း အကောင်အထည်ဖော်မှု၏ ဆုတ်ယုတ်ခြင်း ရလာဒ်မှာနှစ်ဖက် တပ်ဗိုလ်၊ တပ်မှူးများ ထိခိုက်ကျဆုံးမှုများ ဖြစ်ပေါ်စေရုံသာမက နယ်မြေခံလူထုများမှာလည်း စစ်ရှောင် ဒုက္ခသည်များအနေနှင့် အတိဒုက္ခ ရောက်ရသည်ကို သတိမူရမည်ဟုလည်း သတိပေး ပြောဆိုသွားသည်။
JMC ၏ ရည်ရွယ်ချက်မှာ ပစ်ခတ်တိုက်ခိုက်မှုများ မရှိရန်၊ လျှော့ချရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက်ဖြစ်ကြောင်းနှင့် ပါဝင်သူများ အနေဖြင့်လည်း စိတ်ရှည်သီးခံပြီး ဘက်လိုက်မှုကင်းစွာ ဆောင်ရွက်သွားကြရန် JMC-U ဥက္ကဋ္ဌ တပ်မတော်သားကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က “JMC အဆင့်ဆင့်က ပါဝင်နေသူများစိတ်ရှည် သည်းခံခွင့်လွှတ်တတ်တဲ့ စိတ်ဓာတ်ကို အခြေခံပြီး မလျှော့သော ဇွဲနဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားဖို့ တွေ့ကြုံရတဲ့ အခက်အခဲတွေ ရှိုရင်လည်း ဘက်လိုက်မှု ကင်းပြီးတော့ ကျနော်တို့ချင်း ပွင့်လင်းမြင်သာမှု အခြေခံနဲ့ အတူတကွ ပူးပေါင်းညှိနှိုင်းအဖြေရှာခြင်းနဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။
JMC သည် ပစ်ခတ် တိုက်ခိုက်မှုများ မရှိအောင် လျော့ချရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများအောင်မြင်စွာကျင်းပ နိုင်ရေး အထောက် အကူ ပြုစေရန် ဖွဲ့စည်းထားသော ကြားနေအဖွဲ့ ဖြစ်သည့်တိုင် လက်ရှိကချင်၊ ရှမ်း ပြည်နယ် မြောက်ပိုင်း၊ ကရင်ပြည်နယ် တို့၌ ဖြစ်ပွားနေသော တိုက်ပွဲများအပေါ် တစုံတရာဖြေရှင်းဆောင်ရွက် မပေးနိုင်ဘဲ ဖြစ်နေကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူတချို့ကဆိုသည်။
အလားတူ NCA လက်မှတ်ထိုးထားသော အဖွဲ့များ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် လူထုအကြိုတွေ့ဆုံပွဲများ ပြုလုပ်စဉ် တပ်မတော်က ဟန့်တားမှုများရှိနေခြင်းနှင့် ကန့်ကွက်မှုများရှိနေခြင်းအပေါ် မဖြေရှင်းပေးနိုင်ခြင်းအပေါ်လည်း လက်နက်ကိုင်အဖွဲ့များမှ မေးခွန်းထုတ် နေကြသည်။
လက်ရှိ ကချင်ပြည်နယ်၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တပ်မတော် အကြား တိုက်ပွဲများ ပြင်းထန်နေရာ တနိုင်းဒေသတွင် ဒေသခံရာနှင့်ချီ ပိတ်မိနေပြီး စစ်ပွဲများရပ်တန့်ရေးအတွက် ကချင်လူငယ်များက ဆန္ဒပြ တောင်းဆို နေကြသည်။
အလားတူရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တို့ မေ ၄ ရက်က တိုက်ပွဲဖြစ်ပွားရာ နမ္မတူမြို့နယ် မန်ဆာလုံကျေးရွာအုပ်စုထဲမှ မန်ဆာလုံကျေးရွာ၊ မန်ဆာအွမ်ကျေးရွာ၊ နားပိန်းကျေးရွာ၊ လောက်လုံကျေးရွာစသည့် ကျေးရွာများကဒေသခံ ၅၀၀ ကျော် နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာနှင့် ဝိတ်နန်ကျေးရွာတို့မှာ တိုက်ပွဲရှောင်နေကြရသည်။
အဆိုပါ တိုက်ပွဲ ဖြစ်ပွားနေသော လက်နက်ကိုင် အဖွဲ့များမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ် မထိုးနိုင်သေးသော လက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသည်။
NCA လက်မှတ် ထိုးထားသော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ စစ်တပ်ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တပ်မတော်ကြား ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် မတ် ၄ ရက်က စတင်၍ တိုက်ပွဲများမကြာခဏ ဖြစ်ပွားလာခဲ့ပြီး မယ်သဝေါဒေသ ဟတ်ကြီးရေကာတာအနီး၌လည်း တိုက်ပွဲများ ဖြစ်ပွားကာ KNLA ၏ တပ်မဟာ ၄ ခုအတွင်း စစ်ရေးတင်းမာနေသည်။
အဆိုပါ ကိစ္စရပ်များအပေါ် JMC မှဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်းမရှိသကဲ့သို့ ကြားဝင် ဆောင်ရွက်ပေးနိုင် သည့် လုပ်ပိုင်ခွင့်လည်း မရှိကြောင်း တွေ့မြင်နေရသည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထောက်ပြ ပြောဆိုနေကြသည်။
ဗိုလ်ချုပ် စောအိုက်ဇက်ဖိုး က “ကျနော်တို့ JMC လုပ်ငန်းတွေကို လက်တွေ့ အကောင် အထည်ဖော်လာတဲ့ ၂ နှစ်ကျော် ကာလအတွင်းမှာ လက်နက်ကိုင် ပဋိပက္ခများ လျော့ကျ ရပ်စဲရေးကို ဖော်ဆောင်နိုင်မှု ရှိ/မရှိကို မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေနဲ့ တိုင်းတာရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ပစ်ခတ် တိုက်ခိုက်မှုများ ပပျောက်ရေးနှင့် လျှော့ချနိုင်ရေးအတွက် လက်ရှိ၌ ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ကော်မတီ JMC-U အပါအဝင် ပြည်နယ်အဆင့် JMC-S များကို ရှမ်း၊ ကရင်၊ မွန် ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့မှာ ဖွဲ့စည်းထားကြောင်း JMC-U မှ သိရသည်။
အလားတူဒေသန္တရ အဆင့် JMC-L များကိုလည်းရှမ်းပြည်နယ် လင်းခေးနှင့် ကရင်ပြည်နယ် ဖာပွန်တို့၌ ဖွဲ့စည်းထားကာ ဆောင်ရွက်နေကြောင်း JMC-U ဥက္ကဋ္ဌ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။
အဆိုပါ JMC ကော်မတီများတွင် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ၊ အစိုးရနှင့် တပ်မတော်သား ကိုယ်စားလှယ်များ၊ အရပ်သားကိုယ်စားလှယ်များ စသည့် အစုအဖွဲ့ ၃ ဖွဲ့မှ ကိုယ်စားလှယ်များပါဝင် ဖွဲ့စည်းထားသည်။
သို့သော် NCA လက်မှတ် မထိုးရသေးသော အဖွဲ့များပါဝင်ခွင့် မရှိခြင်းကြောင့် NCA မထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့များနှင့် ဖြစ်ပွားသော တိုက်ပွဲများ၌ JMC က ကြားဝင် ဖြေရှင်းပေးရန် အခွင့်အရေးမရှိကြောင်းသိရသည်။