လူအများအသုံးပြုနေသည့် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းတုများ ထုတ်ပြန် နေခြင်းကို အစိုးရအနေဖြင့် အရေးယူပေးရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က တိုက်တွန်းပြောဆိုလိုက်သည်။
အဆိုပါ သတင်းတုများသည် လူထုအထိတ်တလန့်ဖြစ်စေရန်၊ တမင်ဆူပူစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ အရေးယူနိုင်သည့် ဥပဒေရှိလျက်နှင့် အရေးမယူဘဲ ကြန့်ကြာနေ သည့်အတွက် စိတ်ထဲမရှင်းမလင်းဖြစ်မိ ကြောင်း ဒေါက်တာထွန်းလွင်က ဧရာဝတီကို ပြောသည်။
“အစိုးရက ဒါကို ဖော်ထုတ်အရေးယူစေချင်တယ်။ ဘာလို့ ဒါကြီးကို လွှတ်ထားရတာလဲ။ လူတွေမှာ ဒုက္ခရောက်မယ်လေ။ မဟုတ်တဲ့သတင်းတွေ တင်နေတာ။ သက်သက်မဲ့ လူတွေအထိတ်တလန့်ဖြစ်အောင် လုပ်နေတာ” ဟု ၎င်းက ဆိုသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများနှင့်ပတ်သက်၍ ယခင်ဖြစ်ရပ်အဟောင်းများကို ရက်စွဲသာ ဖော်ပြပြီး ခုနှစ်သက္က ရာဇ်များကို ဖြုတ်ထားကာ လက်ရှိအချိန်တွင် ဖြစ်နေသည့် ပုံစံမျိုးဖြင့် လူမှု ကွန်ရက်ပေါ် အချိန်ကိုက်သတင်းပြန်တင်ခြင်း၊ မက်ဆင်ဂျာ၊ ချက်ဘောက်များမှတဆင့် ပြန်လည် မျှဝေရန် ပေးပို့ခြင်းများကို တွေ့ရှိနေရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မတ်လအတွင်းက “မြန်မာ့သတင်းထူးသတင်းဦးများ” ဆိုသည့် အမည်ဖြင့် Facebook Page မှ ဒေသ ၁၂ ခု တွင် လေပြင်းနှင့် မိုးကြိုးပစ်ခြင်းများ နောက်သုံးရက်အတွင်း ဖြစ်နိုင်ကြောင်း ရေးသားထားပြီး ယင်းသတင်းနှင့်အတူ နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က ပုံကိုပါတင်ထားသဖြင့် ဒေါက်တာထွန်းလွင်က သတိပေးထားသေးသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ(၂၀၁၃)၏ အခန်း ၁၈၊ ပုဒ်မ ၂၇ တွင် မည်သူမဆို အများပြည်သူ အထိတ် တလန့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ မဟုတ်မမှန် သတင်းလွှင့်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည် ဟု ပြဋ္ဌာန်းထားသည်။
“ဥပဒေကတော့ ထွက်ထားပြီးသား။ အရေးယူတာမျိုးတော့ မရှိသေးဘူး” ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက ဥပဒေတခု ထုတ်ထားပြီးပါက ယင်းဥပဒေ၏ ကောင်းကျိုးဆိုးကျိုးများကို ပြည်သူလူထုက သိရှိမှသာ လိုက်နာကြမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့် ယင်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများသိရှိရန် တတ်နိုင်သ၍ ဆောင်ရွက်နေ သော်လည်း အားနည်းချက်များရှိနေပြီး မလုံလောက်သေးကြောင်း ၎င်းက ရှင်းပြသည်။
ဒေါ်ဖြူလဲ့လဲ့ထွန်းက “ဥပဒေအရတော့ အရေးယူလို့ရပေမယ့်လည်း ကိုယ့်ဘက်ကနေ အသိပညာပေးဖို့ ဆိုတာလည်း လိုတာပေါ့နော်” ဟု ဆိုသည်။
ရာသီဥတုသတင်းများသာမက ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသော သဘာဝဘေးတခုဖြစ်သည့် ငလျင်နှင့် ပတ်သက်၍လည်း “နေပြည်တော်တွင် နာရီဝက်အတွင်း မြေငလျင်လှုပ်တော့မည်” ဟူသော လူမှု ကွန်ရက်စာမျက်နှာပေါ်မှ သတင်းကို ထင် မှတ်မှားကာ ကြောက်ရွံ့စိုးရိမ်မှုများ မတ်လအတွင်းက ဖြစ်ပေါ်ခဲ့သေးသည်။
ထို့အတူ ၂၀၁၈ ဧပြီလအတွင်းကလည်း ဆက်တိုက်မြေငလျင်လှုပ်ခတ်မှုများကြောင့် ပြည်သူများ စိုးရိမ်နေချိန်တွင် မုန်တိုင်း လုပ်ကြံသတင်းများကို ပုံအဟောင်းများအသုံးပြုကာ မုန်တိုင်းဖြစ်နေ သယောင် သတင်းဖြန့်ဝေမှုများ ထွက်ပေါ်ခဲ့သည်။
ထိုသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအမှားများ ထုတ်ပြန်မှု၊ ဖြန့်ဝေမှုတို့သည် အလွန် အန္တရာယ်ကြီးမားပြီး မလို လားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်သဖြင့် အစိုးရအနေဖြင့် အရေးယူကိုင်တွယ်ပေးစေလိုကြောင်း၊ ပြည်သူလူထု အနေဖြင့်လည်း သတိရှိရန်လိုအပ်ကြောင်း လူမှုကွန်ရက်စာမျက်နှာ သုံးစွဲသူတချို့အကြား သတိပေးပြောဆိုမှုများကိုလည်း တွေ့ရသည်။
“ပြည်သူတွေအနေနဲ့ အစစ်အမှန်ကို ခွဲခြားတတ်ဖို့တော့ နည်းနည်းလေး လေ့လာမှုပြုပါ။ မိုးလေဝသနဲ့ ဘာမှမဆက်စပ်ဘဲနဲ့ ထုတ်နေတဲ့ဟာတွေ အထူးသဖြင့် အခုလို လိမ်လည်ပြီးထုတ်နေတဲ့ဟာတွေ။ အဟောင်းတွေကို အခုဖြစ်နေတဲ့ပုံစံမျိုး ရက် စွဲပဲဖော်ပြပြီး သက္ကရာဇ်တွေကို ဖြုတ်ပြီးလုပ်တာ မျိုးဆိုတာ လူထုအနေနဲ့ သိဖို့ သတိရှိဖို့လိုတယ်လို့ပဲ ဆရာပြောချင်တယ်” ဟု ဒေါက်တာထွန်းလွင်က သတိပေးပြောဆိုသည်။
မြန်မာနိုင်ငံတွင် မိုးလေဝသသတင်းများနှင့်ပတ်သက်၍ တရားဝင်သတင်းထုတ်ပြန်မှုမှာ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြား မှု ဦးစီးဌာနနှင့် တစိတ်တပိုင်းတရားဝင်ဖြစ်သော ၎င်း၏လူမှုကွန်ရက် စာမျက်နှာ စသည့် ၂ ခုသာ ရှိကြောင်း ၎င်းက ပြောသည်။