ပြည်မြို့ နာရီစင်အနီး မြို့နယ်ရဲစခန်း ဈေးဆိုင်တိုက်ခန်း ထမင်းဆိုင်အတွင်း ယမန်နေ့ည ၉ နာရီခန့်က ဓားကိုင် သောင်းကျန်းသူ တဦးအား ဖမ်းဆီးအရေးယူပေးရန် ဆိုင်ရှင်မှတိုင်ကြားရာမှ လာရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်းများအား ဓားဖြင့်ရန်ပြု တိုက်ခိုက်သဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးထံမှသိရသည်။
လာရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့များအား ကျွဲပေါက် (ခေါ်) သူအောင် ဆိုသူမှ ဓားဖြင့်ပြန်လည် တိုက်ခိုက်သဖြင့် ၁၂ ဗို့ ပန့်အက်ရှင် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး အသက် အန္တရာယ် မစိုးရိမ်ရကြောင်း ပြည်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး သန်းထွန်းအောင် က ဧရာဝတီကိုပြောသည်။
ရဲမှူး သန်းထွန်းအောင် က “ကျွဲပေါက် ဓားကိုင်သောင်းကျန်းနေလို့ ကျနော်ဆီးဖုန်ဝင်လာတယ်။ ချက်ချင်း စခန်းမှူး ဖုန်းဆက်ပြီး လှည့်ကင်းအဖွဲ့ လွှတ်ပေးဖို့ ကျနော် ကိုယ်တိုင်လည်း လှည့်ရှာပြီးတော့ နာရီစင်နားမှာ ဓားကိုင်သောင်းကျန်းတဲ့ကောင် တွေ့ပြီးတော့ မင်းကို တိုင်ထားတဲ့လူရှိတယ် ဓားချပါဆိုတာကို ဓားမချဘူး။ ဓားနဲ့ဆိုင်ထဲဝင်ပြေးတယ်။ ဆိုင်ထဲက ပြန်ထွက်လာပြီးတော့ သေနတ်နဲ့ ပစ်မယ့်ကလေးကို သူဓားနဲ့ခုတ်ဖို့လုပ်တယ်။ အနီးကပ်ဖြစ်တဲ့ အချိန်မှာ ပစ်ချလိုက်ရတဲ့ သဘောပါ” ဟု ရှင်းပြသည်။
ကျွဲပေါက်၏ ဖခင်ဖြစ်သူ ကျွဲကြီး (ခ) သန်းအောင် ကလည်း သားဖြစ်သူအား ပစ်ခတ်ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ယမန်နေ့ည ၁၀ ခွဲခန့်က ပြည်မြို့ မြို့မရဲစခန်းရှေ့တွင် “ငါ့သားကိုပစ်တဲ့ကောင် ဘယ်ကောင်လဲ ပစ်ရင်သေအောင်ပစ်” ဟု လာရောက်၍ ဟစ်အော် ပြောဆိုသွားသည်ကို တွေ့ရသည်။
ပြည်မြို့နယ်ရဲစခန်း ဈေးဆိုင်တိုက်ခန်းတွင် ဖွင့်ထားသည့် ထမင်းဆိုင်တွင် ကျွဲပေါက် (ခေါ်) သူအောင် ဆိုသူမှ ထမင်းစားပြီး ပိုက်ဆံ မရှင်းနိုင်ကြောင်း တခြားဝိုင်းမှ စားသုံးသူများထံမှ သွားတောင်းပေးမည်ဟု ပြောဆိုပြီး အရိုးအသွားပါ ၃၃ လက်မရှိ ငှက်ကြီးတောင် ဓားကိုထုတ်၍ ခြိမ်းခြောက်ပြောဆိုခဲ့သည့်အတွက် ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ထမင်းဆိုင်ပိုင်ရှင် ဦးေဋ္ဌးဝင်က ဧရာဝတီကို ပြောသည်။
ဦးေဋ္ဌးဝင်းက “ဆိုင်ကိုနေ့တိုင်း မနက် ၂ နာရီခွဲ ၃ နာရီဆိုလာပြီးတော့ဗျာ မုန့်တွေဘာတွေမှာစားပြီးတဲ့အခါ မိုက်ကြေးခွဲတဲ့ သဘောမျိုးနဲ့ ထမင်းဖိုးရှင်းမပေးရင် ကျေနပ်ရဲ့လားဘာလားဆိုပြီးပြောတယ်။ ဆိုင်မှာထမင်းလာစားတဲ့ ခပ်သန့်သန့်လူဆို ဓားထောက်ပြီး ၅ ထောင်မျိုး ၁ သောင်းမျိုးတောင်းလေ့ရှိတယ်။ ဒီနေ့ဖြစ်တဲ့ကိစ္စကတော့ ရဲကိုအကြောင်းကြားလိုက်တယ် လာဖမ်းတော့ သူ့မှာပါလာတဲ့ ဓားနဲ့ ရဲကိုခုခံတယ် အသာတကြည်အဖမ်းမခံဘူး။ ကျနော်တို့ဆိုင်အတွင်းထဲအထိ ထွက်ပြေး လာပြီးတော့ သူက ရဲကို ဓားနဲ့ခုတ်ဖို့လုပ်တာ” ဟု ပြောသည်။
ပြည်ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးထားသည့် ကျွဲပေါက်(ခေါ်)သူအောင် အား ဖမ်းဆီးချိန်တွင် ဓားကိုင်သောင်းကျန်းခဲ့မှုဖြင့် လက်နက်အက်ဥပဒေ ပုဒ်မ (၁၉-င)၊ တာဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်းအား ပြန်လည်ခုခံခဲ့သည့် အတွက် ဝတ္တရား နှောင့်ယှက်မှု ပုဒ်မ ၃၅၃ တို့ဖြင့် အရေးယူမည် ဖြစ်ကြောင်း ရဲမှူး သန်းထွန်းအောင် က ပြောသည်။
အဆိုပါပစ်ခတ်ဖမ်းဆီးခံရသူ ကျွဲပေါက် (ခေါ်) သူအောင်မှာ ယခင် ၂၀၁၅ ခုနှစ်က ဓားခုတ်မှု ပြစ်ဒဏ် ၂ နှစ် ဖြင့်ဖမ်းဆီးခံရစဉ် အချုပ်ခန်းအား ဖျက်ဆီး၍ ခိုက်ရန်ဖြစ်ပွားခဲ့သည့်အတွက် ပုဒ်မ ၆၁ ဖြင့် ထောင်ဒဏ် ၁ နှစ်တိုး၍ အရေးယူခံခဲ့ရသူဖြစ်ပြီး မကြာသေခင်ကမှ ထောင်မှ လွတ်မြောက်လာသူ ဖြစ်ကြောင်းသိရသည်။
ယခုနှစ်အတွင်း ပြည်မြို့တွင် ဓားကိုင်သောင်းကျန်းသူများအား ပစ်ခတ်ဖမ်းဆီးမှု (၂) ကြိမ်ရှိပြီး မတ်လ ၁၂ ရက်နေ့ကလည်း ဆိုင်ကယ်ဆီး၍ ဓားကိုင်သောင်းကျန်းသူ ၃ ဦးကိုလည်း အမှတ် (၃) ရဲစခန်းမှ ပထမအကြိမ် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ယခုလို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခံရသူများမှာ လူငယ်များဖြစ်ကြောင်း သိရသည်။