မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီများအား နိုင်ငံသား စိစစ်ခံမည့်သူ၏ သက်သေခံ ကတ်ပြား (NVC) ထုတ်ပေးပြီး နိုင်ငံတဝှမ်း လွတ်လပ်စွာသွားလာခွင့်ပြုမည်ဆိုသော ကိစ္စအပေါ် ရခိုင်ပါတီ ၂ ခုဖြစ်သည့် ရခိုင်အမျိုး သားပါတီ (ANP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ကြားမှာပင် သဘောထားအမြင်ကွဲနေကြသည်။
ANP ပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုး က “၈၂ ခုနှစ် ဥပဒေ အတိုင်း နိုင်ငံသား စိစစ်ခံရမယ်။ နိုင်ငံသား ဖြစ်သင့်တဲ့သူတွေကို နိုင်ငံသားပေးပြီး တနိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင်ပြုရမယ်ဆိုပြီး အရင်တုန်းက ကျနော်တို့ တောင်းဆိုခဲ့တာ ရှိတယ်။ အခုက ကျနော်တို့ တောင်းဆိုချက်နဲ့ ဆန့်ကျင်နေတယ်။ ဘာမှနိုင်ငံသား စိစစ်မှုမပြုဘဲ။ နိုင်ငံသား မဟုတ်တဲ့ လူတွေကို NVC ကတ်ကိုင်ရုံနဲ့ တနိုင်ငံလုံး သွားလာခွင့်ပြုမယ်ဆိုတာကို ကျနော်တို့ က လက်မခံနိုင် တဲ့အတွက် ကွန့်ကွက်တဲ့ သဘော ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ANP က မေလ ၇ ရက်နေ့မှနေ ၈ ရက်နေ့အထိ ၂ ရက်ကြာကျင်းပခဲ့သော ဗဟိုအလုပ်အမှုဆောင် ကော်မတီများနှင့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် သဘောထားကြေငြာချက် တစောင် ထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်ချက်ထဲတွင် NVC ကတ် ထုတ်ပေးပြီး နိုင်ငံတဝှမ်း လွတ်လပ်စွာသွားလာခွင့်ပြုမည်ဆိုသော ကိစ္စအပေါ် ကန့်ကွက်ကြောင်း ဖော်ပြထားသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီကတော့ ဘင်္ဂါလီများအား NVC ကတ်ကိုင်ဆောင်ပြီး တနိုင်ငံလုံး အတိုင်း အတာဖြင့် သွားခွင့်ပြုမည်ဆိုသည့် အပေါ်တွင် ကြိုဆိုကြောင်း ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးမျိုးကျော်က ဧရာဝတီသို့ ပြောသည်။
ဦးမျိုးကျော်က “ကျနော်တို့ပါတီ အနေနဲ့တော့ တနိုင်ငံလုံးကိုသွားခွင့်ပြုတယ်ဆိုတာကို ကန့်ကွက်စရာ မရှိဘူး။ NVC ကတ်ဆိုတာက နိုင်ငံသားစီစစ်ဖို့ အတွက် အဆင့် တဆင့်အနေနဲ့ ပေးထားတဲ့ ကတ်ဖြစ်တဲ့အတွက် နိုင်ငံတနိုင်ငံမှာ သွားလာမှုထဲမှာ ဧည့်နိုင်ငံသားဆို ဘယ်လောက်အထိ သွားလို့ရတယ်။ ခွင့်ပြုချက် ဘယ်လိုရယူရမယ်။ ဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေ အများကြီး ရှိပါတယ်။ ပြီးတော့ ဒီပြသနာဟာ ရခိုင်တခုတည်း ပြဿနာမဟုတ်ဘူး။ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ပြဿနာမို့လို့ ဒီကိစ္စကို ကန့်ကွက်စရာမလိုဘူးလို့ မြင်တယ်” ဟု ပြောသည်။
မြန်မာအစိုးရအနေဖြင့် ဘင်္ဂါလားဒေ့ရှ်ဘက်မှ ပြန်လည်ဝင်ရောက်လာမည့်သူများအား နိုင်ငံအတွင်း အမှန်တကယ် နေထိုင်ခဲ့ခြင်း ရှိ၊ မရှိ စိစစ်ခြင်းများကို ဆောင်ရွက်ကာ သတ်မှတ် ချက်များနှင့် ကိုညီသူများကို NVC ကတ်ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း အများပြောဆိုနေကြသကဲ့သို့ NVC ကတ် ကိုင်ဆောင်ရုံဖြင့် နိုင်ငံအတွင်း နေရာအနှံ့လွတ်လပ်စွာ သွားလာခွင့် ရှိသည် ဆိုသည်မှာ မဟုတ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ဧပြီလ ၂၅ ရက်နေ့က ပြုလုပ်သော လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာ ရေး ဆိုင်ရာ ဆွေးနွေးပွဲအပြီးတွင် သတင်းမီဒီယာများကို ပြောဆိုခဲ့သည်။
NVC ကတ် လက်ဝယ် ရရှိထားသူသည် မြန်မာနိုင်ငံအတွင်း နေထိုင်သူဟု အသိ အမှတ်ပြုရုံသာ ရှိပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံယူရမည့် သူများလည်း ဖြစ်ကြောင်း၊ ထိုသို့ အသိအမှတ်ပြုခြင်း ခံထားရသူများ အနေဖြင့် လူဝင်မှုကြီးကြပ်ရေး (လဝက) မှ ပုံစံ ၄ ကို ရေးဖြည့်ပြီးနောက် ၎င်းတို့၏ စာရွက် စာတမ်းနှင့် အထောက် အထား များကို ခိုင်လုံစွာ ပြသနိုင်ရမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ယင်းပြောဆိုချက်ထဲတွင် “ပုံစံ ၄ ဖြည့်ပြီးမှ သူ့ရဲ့ စာရွက်စာတမ်း အထောက်အထားတွေ ခိုင်လုံမှ၊ ပြသနိုင်မယ်ဆိုရင် ချမှတ်ထားတဲ့ လုပ်ငန်းစဉ် အတိုင်း မြို့နယ်၊ ခရိုင်၊ ပြည်နယ်ကနေမှ ဗဟိုအဆင့်က စိစစ်ပြီး သူတို့ ရသင့်ရထိုက်တဲ့ ဥပဒေနဲ့ အညီ နိုင်ငံသားလား၊ ဧည့်နိုင်ငံသားလား၊ နိုင်ငံသား ပြုခွင့်ရသူလား ဆိုပြီး ပေးသွားမှာပါ” ဟု ဝန်ကြီး ဦးသိန်းဆွေက ပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်း NVC ကတ်များကို ၂၀၁၆ ခုနှစ် ဇွန် ၇ ရက်မှ စတင်ထုတ်ပေးခဲ့ရာ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃ ရက် အထိ အမျိုးသား ၆၀၉၇ ဦးနှင့် အမျိုးသမီး ၃၀၇၆ ဦး စုစုပေါင်း ၉၁၇၃ ဦး ထုတ်ပေးပြီးဖြစ်ကြောင်း ဇန်နဝါရီလ ၅ ရက်က အစိုးရမှ ထုတ်ပြန်ခဲ့သည်။