သတင်း

သားအမိနှစ်ဦးကို သတ်၍ မီးရှို့အလောင်းဖျောက်သူ သေဒဏ်ကျ

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်အတွင်း ဖြစ်ပွားခဲ့သည့် သားအမိနှစ်ဦးကို သတ်၍ မီးရှို့အလောင်းဖျောက်သူကို မေလ ၈ ရက်နေ့က သေဒဏ်ကျခံရန် မန္တလေးခရိုင်တရားရုံးက အမိန့်ချခဲ့သည်။

“ပြစ်ဒဏ်က ၂ ခုပါ။ တင်ကူးကြံရွယ်ချက်နဲ့ လူသတ်တာ ၃၀၂ သီးသန့်က သေဒဏ်ချလိုက်တယ်။ အလောင်းဖျောက်ဖျက်လိုတဲ့ ဆန္ဒနဲ့ မီးရှို့တာက ရာဇသတ်ကြီးပုဒ်မ ၄၃၆ နဲ့ ၁၀ နှစ်ချတယ်။ သီးခြား ကျခံစေရန်လို့ ပါတာကြောင့် ပြစ်ဒဏ်တခုပြီးမှ တခု ခံရမှာပါ”ဟု တရားလို တရားလွှတ်တော်ရှေ့နေ စောထိန်သိန်းက ပြောသည်။

အဆိုပါအမှုမှာ ၂၀၁၇ ခု ဇန်နဝါရီလ ၁၉ ရက်နေ့က ထိန်ကုန်းရပ်ကွက်နေ ဒေါ်နန်းခင်ထွေးဝင်း (၃၇) နှစ်နှင့် ၎င်း၏ သမီးဖြစ်သူ မနန်းဝင့်ရွှေရည်ဗိုလ် (၃)နှစ်တို့နှစ်ဦးကို အတူနေ တူမ၏ ယောကျာ်းဖြစ်သူ ခိုင်ဝေက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

တရားခံခိုင်ဝေသည် သမဝါယမချေးငွေကျပ် ဆယ်သိန်းပေးရန် ရှိသည့်အတွက် ဒေါ်နန်းခင်ထွေးဝင်းထံမှ ရွှေဆွဲကြိုး ၂ ကုံး ၊ ရွှေ လက်ပတ် ၁ ခု ၊ လက်စွပ် ၂ ကွင်းနှင့် ရွှေဆွဲသီး ၁ ခုတို့ကို ရယူခဲ့ပြီး ၇ လက်မခွဲ ခန့် အရှည်ရှိသည့် မီးဖိုချောင်သုံး ဓားဖြင့် ဒေါ်နန်းခင်ထွေးဝင်းနှင့် သမီးတို့ကို သတ်ကာ နေအိမ်မီးလောင်သည့်ပုံစံ ဖန်တီးပြီး အလောင်းဖျောက်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုကို တရားလိုပြသက်သေ ၁၄ဦးနှင့်တရားခံနဲ့ တရားခံပြ သက်သေတဦးကို စစ်ဆေးခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁-ဂ)၊ ၃၀၂(၂)နှင့် ၄၃၆ တို့ဖြင့်အမှုကို စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

မန္တလေးခရိုင်တရားရုံးမှာ ဒုခရိုင်တရားသူကြီး ဒေါ်တင့်တင့်ဌေး ခုံအမှတ် ၇ ၌ ရုံးချိန်းပေါင်း ၅၅ ချိန်း ၁ နှစ်၃ လ အကြာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မေလ ၈ ရက်နေ့က တရားခံ ခိုင်ဝေအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁) ဂ အရ သေဒဏ်၊ ရာဇသတ်ကြီး ပုဒ်မ ၄၃၆ အရ ထောင်ဒဏ် ၁၀ နှစ်တို့ကို သီးခြားကျခံစေရန် အပြီးသတ် အမိန့်ချခဲ့ခြင်း ဖြစ်သည်။

“သေဆုံးခဲ့တဲ့သူတွေကလည်း သေဆုံးသွားပြီ။သေသူတွေကို ပြန်လည်မရနိုင်တော့ပါဘူး။ တရားခံကို အခုလို ထိထိရောက်ရောက် အရေးယူပေးတာတော့ ဝမ်းသာရပါတယ်။ တရားခံ ကျူးလွန်တာနဲ့ ကိုက်ညီမှုရှိတဲ့ ပြစ်ဒဏ်ကို ချမှတ်ခဲ့တာကြောင့်လည်း ကျေနပ်မှုရှိပါတယ်”ဟု တရားလိုဖြစ်သူ ကိုတင်ထွန်းဝင်းက ပြောသည်။ ကိုတင်ထွန်းဝင်းသည် ဒေါ်နန်းခင်ထွေးဝင်း၏ ခင်ပွန်း ဖြစ်သည်။

သေဒဏ်ချမှတ်ခံရသူ ခိုင်ဝေသည် ခရိုင်တရားရုံးမှ ချမှတ်သည့် ပြစ်ဒဏ်အပေါ် အယူခံတတ်မည်ဆိုပါက အယူခံဝင်နိုင်ရန် အယူခံပြင်ဆင်ချိန် ၇ ရက်ပေးခဲ့ပြီး အယူခံဝင်ခဲ့ပါက ခရိုင်တရားရုံး၏ သေဒဏ်ကို တိုင်းတရားလွှတ်တော်က အတည်ပြု ပေးရမည်ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading