သတင်း

ရှားပါး မြစ်တွေးငှက်များ နှင့် အသိုက်တွေ့ရှိမှု နည်းလာနေဟု ဆို

Want create site? Find Free WordPress Themes and plugins.

ချင်းတွင်းမြစ်ရိုးတွင် အဓိကပျံ့နှံ့ ကျက်စားပြီး အထူးသဖြင့် ခန္တီးနှင့် ဟုမ္မလင်းကြားတွင် အကောင်ရေ အများဆုံးတွေ့ ရသည့် ကမ္ဘာ့ရှားပါး ငှက်မျိုးစိတ် မြစ်တွေးငှက် (River Tern) များနှင့် ၎င်းတို့၏ အသိုက်များ တွေ့ရှိမှုမှာ ယမန်နှစ်ထက် နည်းပါးလာကြောင်း သားငှက် ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) WCS မှ ဆိုသည်။

၂၀၁၇ ခုနှစ် သုတေသနပြုချက်အရ ငှက်ကောင်ရေ ၁၀၁ကောင်၊ အသိုက်ပေါင်း ၂၉ သိုက်ကို ထိန်း သိမ်းစောင့်ရှောက်နိုင်ခဲ့ ပြီး သားပေါက်ရာသီအပြီး မျိုးပွားမှု ၄၀ရာခိုင်နှုန်းအောင်မြင်ခဲ့သော် လည်း ယခုနှစ်တွင် ငှက်ကောင်ရေ ၈၉ကောင်၊ အသိုက် ပေါင်း ၂၃သိုက်သာ တွေ့ရကြောင်း WCS မှတ်တမ်းများကဆိုသည်။

ယခုနှစ် မြစ်တွေးငှက်(River Tern)များ တွေ့ရနည်းသည့် အကြောင်းမှာ အသိုက်ပြုလုပ်သည့် သဲ သောင်ပြင်များတွင် လူများ အခြေချနေထိုင်ခြင်း၊ လူတို့၏ လုပ်ငန်းခွင် ပြုလုပ်မှုများနှင့် ရှာဖွေနိုင် မှုနေရာများ လက်လှမ်းမမီ၍ ကျန်ခဲ့ခြင်းလည်း ဖြစ်နိုင်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီ အစဉ်) မှ ဧရာဝတီမြစ်ဝှမ်းဒေသ ထိန်းသိမ်းရေးတာဝန်ခံ ကိုနိုင်လင်းက ပြောသည်။

“ဒီနှစ်က ဘာလို့နည်းသွားလည်းဆိုတော့ တချို့ နှစ်စဉ်တွေ့ခဲ့တဲ့နေရာတွေမှာ လူတွေရဲ့ နည်းအမျိုး မျိုးနဲ့ အခြေချမှုတွေ အလုပ်လုပ်တာတွေ များနေတာပေါ့။ မတွေ့တာလည်း ဖြစ်ကောင်းဖြစ်မယ်။ တချို့နေရာ သောင်တွေမှာဆို နှစ်စဉ် ငါးသိုက် ဥတဲ့ နေရာတွေမှာ အကောင်ရေ ၁၀ကောင်ရှိတယ်ဆို ဒီနှစ် တစ်ကောင်မှ မတွေ့ရတာမျိုးပေါ့။ တချို့ဧရာဝတီအောက်ပိုင်း မှာဆို နှစ်စဉ်တွေ့ခဲ့တဲ့ နေရာ တွေမှာ တနေရာမှ မတွေ့ခဲ့ရတော့ဘူးပေါ့” ဟု ၎င်းကရှင်းပြသည်။

ချင်းတွင်းမြစ်တွင် အဓိကပျံ့နှံ့ကျက်စားသည့် ရှားပါး မြစ်တွေးငှက် (WCS)

ထိုသို့ဖြစ်ရခြင်းမှာ ငှက်များ ကျက်စားရာ မြစ်ကြောင်းတလျှောက်ရှိ သဲသောင်ပြင်များတွင် လူအများ သွားလာလှုပ်ရှား အခြေချနေထိုင်မှုနှင့် လုပ်ငန်းခွင် အသုံးချမျှု စသည်တို့ကြောင့် တဖြည်းဖြည်း မိတ်လိုက်မျိုးပွားသည့် နေရာများ ပျက်စီး ပျောက်ကွယ်လာရကြောင်း ကိုနိုင်လင်းက ဆက်ရှင်းပြသည်။

မြစ်တွေးငှက်များ၏ သားပေါက်ရာသီ မှာ ဇန်နဝါရီလလယ်မှ မတ်လအကုန်အထိဖြစ်၍ တဖြည်း ဖြည်းနှင့် ရှားပါးလာပြီး မျိုးသုဉ်းရန် အန္တရာယ်ရှိလာသည့် အတွက် စိုးရိမ်ရသော ငှက်မျိုးစိတ် ဖြစ် ကာ မြန်မာနိုင်ငံတွင် ကောင်ရေ ၁၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း ယင်းအဖွဲ့မှ ကောက်ယူ ထားသော စာရင်းများအရ သိရသည်။

မြန်မာငှက်နှင့် သဘာဝ ထိန်းသိမ်းရေးအသင်း ဥက္ကဌ ဒေါက်တာ သိန်းအောင်ကမူ စောင့်ကြည့် လေ့လာမှုများ ပြုလုပ်သည့် အချိန်ကာလသည် မြစ်တွေးငှက်များ ဥအုသည့် အချိန်အပြောင်းအလဲများ နှင့် ရာသီဥတုအပြောင်းအလဲများကြောင့် တွေ့ရှိ မှု နည်းပါးရခြင်းလည်းဖြစ်နိုင်ပြီး တစ်နှစ်တာ ကာလအတွင်း တွေ့ရှိမှု ကွာဟမှုကြောင့် ပိုမိုရှားပါးလာသည်ဟု ဆုံးဖြတ်၍ မရကြောင်း ဧရာဝတီသို့ ပြောသည်။

“survey ဆင်းတာကတော့ အချိန်မှန် ဆင်းမယ်ထင်ပါတယ်။ နည်းနည်းလေး ရက်လေး ကွာလိုက် တာနဲ့ အများဆုံးဥအု သားပေါက်တဲ့ အချိန်ဆို နည်းနည်းလေး အကွဲအလွဲရှိနိုင်တယ်။ မူရင်းရှိနေတဲ့ အရေအတွက်က ပြောင်းလဲချင်မှ ပြောင်းလဲ လိမ့်မယ်။ တခုတော့ ရှိတယ် ၂၀၁၈ အခြေအနေမှာ သူတို့အသိုက်လုပ်တဲ့ အချိန်မှာ မိုးရွာတာများသွားသလား ဒါမှမဟုတ် လေတိုက်တာရှိသလား။ ဒီလို ရာသီဥတု ရက်ပိုင်းလေး အနှောက်အယှက် ဖြစ်သွားရင်လည်း အသိုက်ပျက်သွားတာမျိုး ရှိကောင်းရှိနိုင်တယ်ပေါ့” ၎င်းကဆိုသည်။

မြစ်တွေးငှက်များ နေထိုင်ကျက်စားပြီး အသိုက်ပြုလုပ်တတ်သည့် နေရာများကို ဖျက်စီးမှုများ၊ နှောက်ယှက်မှုများ မပြုလုပ် ကြရန်နှင့် အဆိုပါနေရာများကို ရှောင်ရှားပေးခြင်းများ ပြုလုပ်ပေး မည်ဆိုပါက ယင်းငှက်ငယ်များ၏ ရှင်သန်မှုမှာ ယခင်ထက်ပိုမို အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဒေါက်တာ သိန်းအောင် က ရှင်းပြသည်။

ယင်းငှက်မျိုးစိတ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် အထက်ပိုင်းတွင် သစ်တောဦးစီးဌာန၊ သားငှက် ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်)နှင့် ဒေသခံများ ပူးပေါင်းပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှု့ရန် – မြစ်တွေးငှက်များ သားပေါက်ကာလ အသိုက် မပျက်စီးရေး ဆောင်ရွက်

မြန်မာပြည်ကို အလည်လာကြတဲ့ ဆောင်းခိုငှက်ကလေးတွေ

Did you find apk for android? You can find new Free Android Games and apps.
Loading