သတင်း

ပြဿနာများကို ဆွေးနွေးခြင်းဖြင့် အဖြေရှာမည်ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပြော

Want create site? Find Free WordPress Themes and plugins.

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုနှင့် ပတ်သက်ပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) တို့အကြား ကြုံတွေ့နေရသည့် ပြဿနာများကို တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် အဖြေရှာသွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ က ပြောဆိုလိုက်သည်။

အပစ်ရပ် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မေ ၉ ရက်မှ ၁၀ ရက်ထိ ကျင်းပနေပြီး ထိုအစည်းအဝေး ပထမနေ့ အဖွင့်နှုတ်ဆက်စကား ပြောရာတွင် PPST အဖွဲ့ခေါင်းဆောင် တဦးလည်း ဖြစ်သည့် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က ယင်းသို့ ပြောဆိုသွားခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က “ကျနော်တို့ EAO တွေနဲ့ အစိုးရ၊ တပ်မတော်အကြားမှာ ရှိနေတဲ့ ကွာဟမှု တွေကို Informal အစည်းအဝေးတွေနဲ့ ကျော်လွှားနိုင်ရေးကိုဆက်လက် ကျိုးစားကြရာမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆက်လက်၍ “NCA အကောင်အထည်ဖော်မှုမှာ ဘယ်လိုပဲ အခက်အခဲ ကြုံရပါစေ၊ အပြန်အလှန် လေးစား အသိအမှတ်ပြုခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်း၊ အကြေအလည် ညှိနှိုင်းခြင်း၊ အင်အားမသုံးခြင်း အစရှိသည်တို့ ပါဝင်တဲ့ နိုင်ငံရေးယဉ်ကျေးမှုအသစ်ကို အခြေခံပြီး ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ရရှိရေးကို အတူတကွ ကြိုးစားကြဖို့ သန္ဓိဌာန်ပြုပါတယ်” ဟု ဆိုသည်။

NCA ကိုမိမိတို့ အဖွဲ့အစည်း တခုစီကနေ Bilateral အခြေခံပြီး တနိုင်ငံလုံးဆိုင်ရာအဆင့်မှာ အစိုးရ၊ တပ်မတော်နှင့် လက်မှတ် ရေးထိုးထားခဲ့ကြသည့် အတွက် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် မိမိအဖွဲ့၏ ရပ်တည်ချက်ကိုယူဆောင်လာ၍ ဘုံရပ်တည်ချက် ရှာကြံကာ အတူတကွ အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း၊ တူတာများကို တွဲလုပ်ပြီး မတူတာများကို ခွဲလုပ်သင့်က ခွဲလုပ်ကြရမည်ဟုပြောသည်။

လက်ရှိတွင် NCA လက်မှတ်ထိုးထားသော ရှမ်း၊ ရခိုင်တို့မှာ အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲ (လူမျိုးအလိုက်) ကို ကျင်းပနိုင်ခြင်း မရှိသေးသကဲ့သို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တပ်မတော်ကြား ကရင်ပြည်နယ်မှာ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုများ ရှိနေသည်။

ထို့ပြင် အစိုးရ၊ တပ်မတော်တို့ နှင့် NCA ထိုးထားသော လက်နက်ကိုင် အဖွဲ့များအကြား တွေ့ဆုံဆွေးနွေးမှုများ လျော့နည်းလာနေ သကဲ့သို့ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပမည့် ရက်ကိုလည်း မသတ်မှတ်နိုင်သေးပဲ ဖြစ်နေသည်ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က “ဒီနေ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြောင်းလဲမှု အခြေအနေတွေကို သုံးသပ်ကြခြင်း၊ အလွတ်သဘော ဆွေးနွေးပွဲတွေက ရရှိတဲ့ စုစည်းချက်တွေကို အခြေခံပြီး ဘုံသဘောထား ချမှတ်ခြင်းတို့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ စိန်ခေါ်မှု တွေကို NCA ကို အခြေခံပြီး အဖြေရှာကြရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ကိစ္စရပ်များအပေါ် ဖြေရှင်းနိုင်မည့် နည်းလမ်းရှာဖွေရန် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ အနက် ၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော PPST က ၂ ရက်တာ အစည်းအဝေးလုပ်ကာ ဆွေးနွေးနေကြကြောင်းသိရသည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “ ဒီအစည်းအဝေးမှာ ပြီးခဲ့တဲ့ အလွတ်သဘော ဆွေးနွေးရေး အဖွဲ့တွေကနေ အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ သွားရောက် တွေ့ဆုံဆွေးနွေးကြတဲ့ အကြောင်းအရာတွေဖြစ်တဲ့ နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာကိစ္စ များကို ပြန်လည် ညှိနှိုင်းတိုင်ပင်ပြီးဘယ်လို ရှေ့ဆက် အတူတကွ အကောင်အထည်ဖော် ကြမယ်ဆိုတာကို ညှိနှိုင်းကြဖို့ရှိမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading