သတင်း

ရဲတပ်ဖွဲ့တွင် ဥပဒေထက်ကျော်သည့် အမိန့်၊ ညွှန်ကြားချက်များ ရှိနေဟု ဒုရဲမှူးဟောင်း မိုးရန်နိုင်ပြော

Want create site? Find Free WordPress Themes and plugins.

သတင်းထောက်များနှင့် တွေ့ဆုံဖြေခဲ့ကြားခဲ့ခြင်းအတွက် ထောင်ဒဏ်ချမှတ်မှုတွင် ရဲတပ်ဖွဲ့အတွင်း ဥပဒေထက် ကျော်လွန်သည့် အမိန့်နှင့် ညွှန်ကြားချက်များ ရှိနေကြောင်း တရားလိုပြ သက်သေအဖြစ် ထွက်ဆိုခဲ့သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်က ယနေ့ မေလ ၉ ရက်နေ့ ရုံးချိန်းအပြီးတွင် ပြောသည်။

ဧပြီ ၂၀ ရက် ရုံးချိန်းတွင် ရဲမှူးချုပ်တင်ကိုကို ဦးစီးကာ သတင်းထောက်နှစ်ဦးအား အမှုဆင်ဖမ်းမှုအကြောင်း ဖွင့်ချထွက်ဆိုပြီးနောက် တရားရုံးက ယုံုကြည်ထိုက်သည့်သက်သေအဖြစ် သတ်မှတ်ခဲ့သော ဒုရဲမှူးဟောင်း မိုးရန်နိုင်သည် တရားလိုပြသက်သေအဖြစ် တရားခွင်သို့ ဒုတိယအကြိမ် လာရောက် ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

ဒုရဲမှုးဟောင်း မိုးရန်နိုင်က “ကျနော့်ကို ထောင်ချတယ်ဆိုတာက ရဲတပ်ဖွဲ့မှာ ဥပဒေထက် ကျော်လွန်တဲ့ အမိန့် တွေ၊ ညွှန်ကြားချက်တွေ ရှိနေတယ်ဆိုတာ သိတယ်လို့ ပြောချင်ပါတယ်။ ကျနော့်ကို ထောင်ချလိုက်တာက နောက်ထပ် အမှန်တရားအတွက် ပေါ်ထွက်လာမယ့် ရဲတပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်လိုက်တာပဲ” ဟု ပြောသည်။

အမှုဆင်ဖမ်းဆီးမှုအကြောင်း ဖွင့်ချထွက်ဆိုပြီး ၅ ရက်အကြာတွင်ပင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၆ (ခ)/ ၂၂ ဖြင့် ထောင်ဒဏ်တနှစ် ချမှတ်ခံရသည့် ၎င်းအနေဖြင့် ယနေ့တရားခွင်သို့ လက်ထိပ်၊ ခြေချင်းများ ခတ်ခံထားရကာ ထောင်ဝတ်စုံဖြင့် တက်ရောက်လာခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် သတင်းထောက်များနှင့် တွေ့ဆုံဖြေကြားခြင်းအား ကန့်သတ်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ ရှိသည်ဟု သိရသော်လည်း တရားဝင်စာဖြင့် ပြသဖြန့်ဝေထားမှု မရှိခဲ့ကြောင်း ဒုရဲမှူးဟောင်း မိုးရန်နိုင်က ပြောသည်။

Reuters သတင်းထောက်နှစ်ဦးထံမှ ဖမ်းမိထားသည်ဆိုသည့် စာရွက်စာတမ်းများမှာ တပ်ရင်းလက်ခံဖိုင်တွဲတွင် လည်းကောင်း၊ ကွန်ပျူတာ မှတ်တမ်းတွင်လည်းကောင်း အလွယ်တကူရှိသည့် စာရွက်စာတမ်းများ ဖြစ်ကြောင်းလည်း ယနေ့ တရားခွင်တွင် ၎င်းကပြောသည်။

Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် အင်းဒင်ကျေးရွာ လူသတ်မှုအကြောင်း သတင်း စုံစမ်းဖော်ထုတ်နေစဉ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညက နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃ (၁) (ဂ) ဖြင့် ဖမ်းဆီး တရားစွဲဆိုခံနေရခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးရန်အတွက် ရဲမှူးချုပ် တင်ကိုကို ဦးစီးကာ ဒုတပ်ကြပ်နိုင်လင်းအား သတင်းထောက် ကိုဝလုံးထံ စာရွက်စာတမ်းများ ပေးအပ်စေပြီး အမှုဆင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒုရဲမှူးဟောင်း မိုးရန်နိုင်က ဧပြီ ၂၀ ရက်နေ့ ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။

၎င်းတို့အား ဖမ်းဆီးပြီးနောက် အင်းဒင်ကျေးရွာ လူသတ်မှုကို တပ်မတော်က ဝန်ခံခဲ့ပြီး ပါဝင်ပတ်သက်ခဲ့သည့် အရာရှိ/ စစ်သည် ၇ ဦးကိုလည်း အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

သတင်းထောက်များနှင့် တွေ့ဆုံခဲ့မှုကြောင့် ရဲစည်းကမ်းဥပဒေဖြင့် ၎င်းနှင့် အတူ အရေးယူခံထားရသည့် တပ်ကြပ်ကြီး ခင်မောင်လင်းမှာလည်း မည်သည့်နေရာတွင် ချုပ်နှောင်ခံထားရသည်ကို မသိကြောင်းနှင့် ဧပြီ ၂၀ ရက်နေ့ညတွင် အမှတ် ၆ လုံခြုံရေးရဲတပ်ဖွဲ့ခွဲသို့ ပြောင်းရွှေ့ခံရပြီးနောက် ဧပြီ ၂၂ ရက်တွင် တပ်ကြပ်ကြီး ခင်မောင်လင်း တဦးတည်းအား တခြားသို့ ရွှေ့ပြောင်းခဲ့ကြောင်းလည်း ဒုရဲမှူးဟောင်း မိုးရန်နိုင်က ပြောသည်။

ထို့အပြင် ဖမ်းဆီးခံထားရသည့် သတင်းထောက်နှစ်ဦးအနက် ကိုကျော်စိုးဦးနှင့် တကြိမ်တခါမျှ တွေ့ဆုံဖူးခြင်း မရှိကြောင်းလည်း ၎င်းက ထွက်ဆိုခဲ့သည်။

အမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေများအား ဆက်လက်စစ်ဆေးရန် မေလ ၁၆ ရက်နေ့ကို ရုံးချိန်းထပ်မံ ချိန်းဆိုထားပြီး တပ်ကြပ်ကြီး ခင်မောင်လင်း (သို့မဟုတ်) ဒုတပ်ကြပ် နိုင်လင်းအား စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန် – သူရဲကောင်းဖြစ်လာသည့် ဒုရဲမှူးမိုးရန်နိုင်၏ အနာဂတ် 

Did you find apk for android? You can find new Free Android Games and apps.
Loading