သတင်း

သက်ငယ်မုဒိန်းဖြင့် အမှုဖွင့်ခံထားရသည့် ကျောင်းထိုင်ဆရာတော် ထွက်ပြေးတိမ်းရှောင်နေ

Want create site? Find Free WordPress Themes and plugins.

အရွယ်မရောက်သေးသည့် မိန်းကလေးငယ် ၃ ဦးကို သားမယားပြုကျင့်မှုဖြင့် အမှုဖွင့်ခံထားရသည့်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ မဒေါ့ကုန်းအုပ်စု၊ ရေသိုးကျေးရွာရှိ စိတ္တသုခကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးနန္ဒာသီရိ (အသက် ၅၆ နှစ်) မှာ ထွက်ပြေးတိမ်းရှောင်နေသည်။

ကျပန်းလုပ်ကိုင်နေထိုင်သူ အသက် ၃၇ နှစ်အရွယ် အမျိုးသမီး၏ အသက် ၁၀ နှစ်အရွယ် သမီး ၂ ဦးနှင့် အသက် ၁၄ နှစ်အရွယ် သမီးတဦးတို့အား ဝါတော် ၇ ဝါရှိသည့် စိတ္တသုခကျောင်းထိုင်ဆရာတော် ဦးနန္ဒာသီရိက သားမယားအဖြစ် ပြုကျင့် သည်ဟုဆိုကာ မိခင်ဖြစ်သူက ဧပြီလ ၂၆ ရက် နေ့တွင် သလပ်ခွာနယ်မြေရဲစခန်း၌ ပုဒ်မ ၃၇၆ (မုဒိန်းမှု) ဖြင့် အမှုဖွင့်လှစ်ခဲ့ချိန်မှစ၍ ကျောင်းထိုင်ဆရာတော် ဦးနန္ဒာသီရိမှာ ထွက်ပြေးတိမ်းရှောင် နေခဲ့ကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကျောင်းထိုင်ဆရာတော် ဦးနန္ဒာသီရိကို ပုဒ်မ ၃၇၆ မုဒိန်းမှုနဲ့ စွပ်စွဲထားပါတယ်။ လောလောဆယ် ဘုန်းကြီးကတော့ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် စစ်ဆေးနိုင်ခြင်း မရှိသေးပါဘူး။ ဘုန်းကြီးနဲ့ ပတ်သတ်တာဖြစ်တဲ့အတွက် သက်ဆိုင်ရာ သံဃာ့နာယကတွေကိုလည်း ဒီကိစ္စကို လျှောက်ထား
ထားပါတယ်။ သူ့ကို ဖမ်းဆီးရမိဖို့အတွက်လည်း သက်ဆိုင်ရာ သလပ်ခွာနယ်မြေရစခန်းက ကြိုးပမ်း နေပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ဧရာဝတီကို ပြောသည်။

ဖြစ်စဉ်မှာ ကလေး ၃ ဦး မိခင်ဖြစ်သူမှာ ဧပြီလ ၂၅ ရက်နေ့က ထင်းခွေသွားပြီး ပြန်လာချိန်တွင် အကြီးဆုံးသမီးဖြစ်သူအား ဘုန်းကြီးကျောင်းမသွားဘူးလားဟု မေးမြန်းရာ သမီး ဖြစ်သူက ကျောင်းထိုင်ဘုန်းကြီးမှာ အကျင့်မကောင်းကြောင်း၊ မိမိတို့ညီအစ်မ ၃ ဦးကို မတရား ပြုကျင့်ကြောင်း မိခင်ဖြစ်သူကို ဖွင့်ပြောခဲ့သည့်အတွက် မိခင်ဖြစ်သူက ဧပြီလ ၂၆ ရက်နေ့တွင် ရဲစခန်း၌ အမှုဖွင့်ခဲ့ရာ သလပ်ခွာရဲစခန်းက ပ – ၄၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ် ၃၇၆ (မုဒိန်းမှု) ဖြင့် အမှု ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အမှုဖွင့်လှစ်သည့်နေ့မှာပင် ကျောင်းထိုင်ဘုန်းကြီး ဦးနန္ဒာသီရိ (လူအမည် – ဦးလူလေး) ထွက်ပြေးသွားခဲ့သည့်အတွက် သလပ်ခွာနယ်မြေရဲစခန်းက ဘုန်းကြီး၏ ကိုယ်ရေးအချက်အလက်နှင့် ဓာတ်ပုံများကို ၎င်းထွက်ပြေးနိုင်သည့် နယ်မြေဒေသများရှိ ရဲစခန်းများသို့ ဖြန့်ဝေထားပြီး ၎င်းအား ဝိုင်းဝန်းစုံစမ်း ရှာဖွေဖမ်းဆီးပေးရန် ချိတ်ဆက်ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ မုဒိန်းမှုနှင့်ပတ်သတ်၍ သလပ်ခွာနယ်မြေရဲစခန်းမှ ရဲလုပ်ထုံးလုပ်နည်းအရ တရားလိုနှင့် သက်သေများအား စစ်ဆေးခြင်း၊ အခင်းဖြစ်နေရာအား မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း၊ ကျူးလွန်ခံရသူများအား ရဲဆေးစာဖြင့် ဆေးရုံသို့ပို့အပ်ကာ စစ်ဆေး စေခြင်းများ ဆောင်ရွက်ထားကြောင်း တိုင်းရဲတပ်ဖွဲ့က ပြောသည်။

တရားလိုနှင့် အဓမ္မပြုကျင့်ခံရသူများ၏ ထွက်ဆိုချက်များအရ စိတ္တသုခတောရကျောင်း ကျောင်းထိုင် ဆရာတော် ဦးနန္ဒာသီရိမှာ မိန်းကလေးငယ် ၃ ဦးအား သားမယားပြုကျင့်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပြီး လူနေနည်းပါးသော ရပ်ရွာဒေသရှိ ဘုန်းတော်ကြီးကျောင်းသို့ မိန်းကလေးငယ်များ ခေါ်ဆောင်ပြီး ကာမစိတ် မထိန်းနိုင်ဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု သလပ်ခွာနယ်မြေ စခန်းမှ တိုင်းရဲတပ်ဖွဲ့မှူးထံ အစီရင်ခံတင်ပြထားကြောင်း သိရသည်။

“အဓမ္မပြုကျင့်မှုတွေ မဖြစ်ဖို့ဆိုရင် မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို တခြားသောသူစိမ်း အမျိုးသားတွေ အသက်ကြီးကြီး ငယ်ငယ်ပေါ့နော်၊ မိဘမပါဘဲ ထည့်ပေးလိုက်တာ၊ တခြားသော နေရာတွေကို ကလေးတယောက်ထဲ စေလွှတ်တာ၊ အိမ်မှာ ကလေးကို တယောက်ထဲ ထားခဲ့တာပြီး အပြင်ထွက် အလုပ်လုပ်တာ စသဖြင့် ဒီလိုမျိုးတွေ မလုပ်မိဖို့ လိုပါတယ်။ အဓိကတော့ ကိုယ့်သားသမီးကို ရင်အုပ်မကွာ စောင့်ရှောက်ဖို့ အရေးကြီးပါတယ်”ဟု ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

ဧရာဝတီတိုင်းတွင် မုဒိန်းမှု တနှစ်ထက် တနှစ် ပိုမိုများပြားလာနေပြီး မုဒိန်းမှုများ ကျဆင်း လျော့ပါးရေးအတွက် လိင်ပိုင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ မုဒိန်းမှုနှင့်ပတ်သတ်သည့် ပြစ်မှု၊ ပြစ်ဒဏ်များကို လူထုကြားသို့ ကျယ်ပြန့်စွာ ပညာပေးမှုများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီက အကြံပြုပြောဆိုသည်။

“မုဒိန်းမှုတွေ လျော့ပါးဖို့ဆိုရင် အရွယ်မရောက်သေးတဲ့ ကလေးတွေ၊ အရွယ်ရောက်လာတဲ့ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ အသိပညာပေးတဲ့ Sex Education ကို ရှင်းပြတဲ့ လုပ်ငန်းစဉ်တွေ လုပ်ဖို့ လိုနေပါတယ်။ ကျူးလွန်သူတွေကလည်း လက်ရဲဇက်ရဲ ကျူးလွန်လာတယ်ဆိုတာက တရားရုံးမှာ မုဒိန်းမှုက ဘယ်လိုပြစ်ဒဏ်ကျတယ်ဆိုတာ သူတို့မသိဘူး။ ဒါကြောင့်လည်း မုဒိန်းမှုကျူးလွန်သူ ပိုများ လာတာဖြစ်တယ်။ ဒါတွေကို လူထုကြားကို ကျယ်ပြန့်တဲ့ အသိပညာပေးမှုတွေ လုပ်ဖို့ လိုနေပါပြီ”ဟု ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် ပဒုမ္မာ အဖွဲ့ခေါင်းဆောင် ဦးမြင့်ဌေးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ်အတွင်း ကလေးငယ်ပေါင်း ၁၀၁ ဦး အဓမ္မပြုကျင့်ခြင်း ခံခဲ့ရပြီး ၂၀၁၇ ခုနှစ်တွင် ကလေးငယ်ပေါင်း ၁၅၆ ဦး အဓမ္မပြုကျင့်ခြင်းခံခဲ့ရကြောင်း၊ ထို့ကြောင့် တနှစ်တာကာလအတွင်း မုဒိန်းကျင့်ခံရသူကလေးငယ်အရေအတွက် ၅၀ ရာခိုင်နှုန်း မြင့်တက် လာခဲ့ပြီး သက်ငယ်မုဒိန်းအများစုမှာ ကျေးလက်တောရွာတွင် ဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading