နေပြည်တော်လေဆိပ်တွင် လက်နက်များဖမ်းဆီးရမိသဖြင့် အမှုရင်ဆိုင်နေရသည့် ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း အမှုတွဲကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှ တောင်းယူထားပြီး အမှုတွဲကို ယခင် စစ်ဆေးနေဆဲဖြစ်သည့် ဒက္ခိဏခရိုင် တရားရုံးသို့ ပြန်လည်ပေးပို့ခြင်း မရှိသဖြင့် တရားခွင်စစ်ဆေးမှု စတင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ပြန်ကြားရေးအရာရှိ ဒုတိယခရိုင် တရားသူကြီး ဦးခင်မောင်ထွေး က “အဓိကတော့ မူလအမှုတွဲမရှိရင် ဘာမှလုပ်လို့ မရပါဘူး။ ဒီအတိုင်းပဲ ရပ်ထားပေးရတာ ဖြစ်ပါတယ်။ ၁ ပတ် ၁ ခါ ရုံးချိန်းဖြစ်တဲ့ ဗုဒ္ဓဟူးနေ့တိုင်း ကတော့ တရားသူကြီးဆီမှာ ရမန်ယူတရားရုံးရဲ့ အမှုစစ်ဆေး ကာလကတော့ ချုပ်ထားရတာပဲ ဖြစ်ပါတယ်” ဟု တရားခွင်စစ်ဆေးမှု အပြီးမီဒီယာများကို ပြောသည်။
ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၁၀ ဦးကိုမေလ ၉ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ကာ ချုပ်ရက် ရမန် ထပ်ယူခဲ့သည်။ အမှုတွဲများ ပြန်လည်ရောက်ရှိခြင်း မရှိသေးသော်လည်း ပုံမှန် ရုံးထုတ်လျှက်ရှိကြောင်း တရားခွင်စစ်ဆေးမှု မပြုလုပ်နိုင်သည်မှာ ၃ ပတ်ရှိနေပြီဖြစ်ကြောင်း သိရသည်။
လက်နက်နှင့် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းမိသော ဖြိုးကိုကိုတင့်ဆန်းကို စွဲဆိုထားသည့်အမှု ၁၂ ခု၏ စစ်ဆေးနေဆဲ အမှုတွဲများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ဧပြီလ ၁၉ ရက်ကတောင်းခံ၍ ပေးပို့ထားကြောင်း သိရသည်။
ဆက်လက်၍ ဦးခင်မောင်ထွေး က “တဖက်ဖက်ကနေ လျှောက်ထားချက်ရှိရင် မြို့နယ်ရုံးက အမှုတွဲတွေကို တောင်းပြီး ကြည့်တာတွေ ရှိတယ်။ အမိန့်ကျတော့မှ ဘာအတွက်ဘယ်သူက လျှောက်လို့ ဒီဟာကို တောင်းခေါ်ကြည့်တယ်ဆိုတာ အဲဒီတော့မှ သိရမှာ။ ပြန်လာတဲ့ အချိန်ရောက်မှ သူ့ဆီက အမိန့် တခုခုပါလာမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၅ ရက်က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့ထံမှ ပစ္စတို၂ လက် ၊ ကျည်ဆံများ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်းဆက်အဖြစ် ၎င်း၏ ACE ရုံးခွဲနှင့် နေအိမ်၌လက်နက်၊ စကားပြောစက်၊ နိုင်ငံတော် လုံခြုံရေးကဲ့သို့သော အဖွဲ့အစည်းတံဆိပ် စသည့် ပစ္စည်းများကို တွေ့ရှိခဲ့သဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အမှုတွဲများ ဖြစ်သည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၂ ခု၊ နိုင်ငံတော် လျှို့ဝှက်အက် ဥပဒေ ၂ ခုတို့ကို ပူးပေါင်းစစ်ဆေးနေခြင်းဖြစ်ပြီး လာမည့်မေလ ၁၆ ရက်၌ ပြန်လည် ချိန်းဆိုခဲ့သည်။
ပြည်ထောင်စု တရားလွှတ်တော်ချူပ်ရုံးက ယခုကဲ့သို့ အမှုတွဲများကို တောင်းယူစစ်ဆေးရာတွင် အချိန်ကာလအားဖြင့် မည်မျှ ကြာမြင့်မည်ကို မသိကြောင်းနှင့် ယင်းကဲ့သို့ အမှုတွဲတောင်းယူသည့် ဖြစ်စဉ်မျိုးများစွာရှိကြောင်း ဦးခင်မောင်ထွေးက ပြောသည်။
ဒက္ခိဏခရိုင် တရားသူကြီး ဦးလှဝင်းက “အမှုတွဲတွေ ပြန်ရောက်ရင် ဆက်စစ်မယ်။ နောက်တပတ် ၁၆ ရက်ဆက်စစ်မယ်” ဟု တရားခွင်တွင် ပြောသည်။
ဖြိုးကိုကိုတင့်ဆန်းကို မူးယစ်မှု၊ လက်နက်မှု၊ နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်တုပသုံးစွဲမှု၊ ပို့ကုန် သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ၁၉၂၃ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေအစရှိသည့် ပုဒ်မတို့ဖြင့် စွဲဆိုထားခြင်း ဖြစ်သည်။