ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး- UNHCR၊ ထိုင်းနဲ့ မြန်မာ အစိုးရများက စီစဉ်တဲ့ ဆန္ဒအလျှောက် နေရပ်ပြန်ရေး အစီအစဉ်အရ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၅ ခုက မြန်မာဒုက္ခသည် ၉၃ ဦး မေလ ၇ ရက်နေ့မှာ သူတို့ နေအိမ်တွေဆီ ပြန်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ ဆယ်စုနှစ်များစွာကြာဖြစ်ပွားခဲ့တဲ့ ကရင်၊ ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေ ပြန်လည်ပို့ဆောင်ရေး ယခု အစီအစဉ်က ဒုတိယအကြိမ်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလက ဒုက္ခသည် ၇၁ ဦး တို့ ပထမဆုံုးအသုတ်အဖြစ် တရားဝင်လမ်းကြောင်းက နေရပ် ပြန်ခဲ့ကြပါသေးတယ်။
၂၀၁၂ ခုနှစ်တုန်းက ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ စခန်းတွေမှာ ဒုက္ခသည် ၁၅၀၀၀၀ နီးပါးရှိခဲ့ပြီး အခု စခန်း ၉ ခုမှာ ဒုက္ခသည် ၁၀၀၀၀၀ နီးပါး ကျန်ရှိနေသေးတယ်လို့ UNHCR စာရင်းများအရ သိရပါတယ်။
နေရပ်ပြန်သူ ၉၃ ဦးမှာ ထိုင်းနိုင်ငံ တက်ခ် ခရိုင်ရှိ မယ်လ၊ အုန်းဖန်နဲ့ နိ့ုပိုး ဒုက္ခသည်စခန်းများ၊ မယ်ဟောင်ဆောင်ရှိ ဘန်မိုင်နိုင်ဆွိုင်စခန်းနဲ့ ကန်ချနာဘူရီ ရှိ ဘန်ဒွန်ယန် စခန်းတို့က ဖြစ်တယ်လို့ ထိုင်းနိုင်ငံ UNHCR ရုံးက ဆိုုပါတယ်။
သူတို့အနက် ဒုက္ခသည် ၂၀ ဦးက မယ်ဟောင်ဆောင်ကနေ ကယား ပြည်နယ်ဘက် ပြန်ခဲ့ပြီး အခြားသူတွေက ကရင်ပြည်နယ် မြဝတီက တဆင့် နေရပ်ပြန်ခဲ့ကြပါတယ်။
ဒုက္ခသည်တွေကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ် နန်းခင်ထွေးမြင့် ဦးဆောင်ပြီး အစိုးရအရာရှိများက မြဝတီမြို့မှာ ကြိုဆိုခဲ့ပါတယ်။ အိမ်ပြန်သူတို့အထဲ ရန်ကုန်၊ ပဲခူးနဲ့ စစ်ကိုင်းထိ ပြန်မယ့်သူတွေလည်း ပါပါတယ်။
နေရပ်ပြန်သူတွေအတွက် လတ်တလော အဆင်ပြေစေရေး အစားအစာ၊ ခြင်ထောင်၊ အမျိုးသမီးသုံးပစ္စည်းများ၊ ခရီးဆောင်အိတ်၊ တကိုယ်ရည်ကျန်းမာရေးပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေးစီစဉ်ပေးခြင်းနဲ့ ငွေကြေးအထောက်အပံ့ ပေးခြင်းစတာတွေကို UNHCR နဲ့ မိတ်ဖက်အဖွဲ့အစည်းများက ထောက်ပံ့ပေးခဲ့ကြောင်း ဘန်ကောက် UNHCR ရုံးက တွဲဖက်ပြင်ပဆက်သွယ်ရေးအရာရှိ ဟန်နာ မက်ဒေါ်နယ်က ပြောပါတယ်။
လက်ရှိ ကုလသမဂ္ဂက ပံ့ပိုုးတဲ့ ဒုက္ခသည်ပြန်လည်ပို့ဆောင်ရေးအစီအစဉ်ဟာ ဒုက္ခသည်တွေရဲ့ တောင်းဆိုမှုအရ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနဲ့ UNHCR က ဆန္ဒအလျှောက် ဒုက္ခသည်များနေရပ်ပြန်ခြင်းကိုသာ အကူအညီပေးကြောင်း မက်ဒေါ်နယ်က ဆိုပါတယ်။ မိသားစုများအနေနဲ့ ဆုံးဖြတ်ချက်ဟာ ဆန္ဒအလျှောက် ဆုံးဖြတ်ခြင်းဖြစ်စေဖို့ UNHCR က နှစ်သိမ့်ဆွေးနွေးပညာပေးပြီး သူတို့နေရပ်ပြန်နိုင်ရေး လိုအပ်မယ့် သတင်းအချက်အလက် ဝန်ဆောင်မှုတွေလည်း ပံ့ပိုးပေးပါတယ်။
UNHCR က ဆန္ဒအလျှောက်နေရပ်ပြန်ရေး စင်တာများကို ဖွင့်လှစ်ပြီး ၂၀၁၆ ခုနှစ်က စတင်ကာ ပြန်လိုသူများ စာရင်းပေးပါက အချက်လက်ကောက်ယူပါတယ်။ ဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်ပြီးနောက် မြန်မာနိုင်ငံရှိ UNHCR ရုံးက ထိုသူတွေကို အနီးကပ်စောင့်ကြည့်ပြီး အဆက်အသွယ်မပြတ်အောင် ဆောင်ရွက်နေတယ်လို့ UNHCR ပြောခွင့်ရသူက ဆိုပါသေးတယ်။
“နေရပ်ပြန်တဲ့အရေအတွက်က ဒုက္ခသည်တွေရဲ့ ဆန္ဒ၊ ပတ်ဝန်းကျင်အခြေအနေနဲ့ ကျမတို့က ဘေးကင်းလုံခြုံ သိက္ခာရှိတဲ့ ဆန္ဒအလျှောက်နေရပ်ပြန်ရေးကို ပံ့ပိုးနိုင်လားဆိုတဲ့အချက်ပေါ်မှာ မူတည်တယ်။ စခန်းကော်မတီတွေရဲ့ အပြောအရတော့ အခုလိုု အဆင်ပြေအောင် စီစဉ်ပေးတဲ့ နေရပ်ပြန်ရေး အစီအစဉ်အပေါ် စိတ်ဝင်စားသူ ဒုက္ခသည် တသောင်းလောက်ရှိတယ်” လို့လည်း UNHCR ပြောခွင့်ရသူက ဧရာဝတီသတင်းဌာနကို ပြောပါတယ်။
“ဒုက္ခသည်တွေဟာ သူတို့ဘာသာ ဆုံးဖြတ်ချက် ကောင်းကောင်းချနိုင်ကြတယ်။ ဒုက္ခသည်တွေအနေနဲ့ သူတို့နိုင်ငံသားဖြစ်တဲ့ မူရင်းနိုင်ငံဆီ ပြန်ခွင့်ရှိတာကြောင့် ဒီတဦးချင်းကို UNHCR က ထောက်ပံ့ ကူညီပေးနေပါတယ်”လို့ သူက ဆိုပါတယ်။
UNHCR ရဲ့ မေလ ၈ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်တခုမှာ “မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ အခြေအနေများက ထိုင်းနိုင်ငံမှ ဒုက္ခသည်များ ဆန္ဒအလျှောက်နေရပ်ပြန်နိုင်ရေး အဆင်ပြေချောမွေ့အောင်ဆောင်ရွက်ပေးရန် UNHCR အတွက် အခြေအနေပေးသည်။ သို့သော် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာဒုက္ခသည်များ ပြန်လာနိုင်ရေးအတွက် လုပ်ဆောင်ရန် အခြေအနေမပေးသေးကြောင်း UNHCR က ယုံကြည်သည်” လို့ ဖေါ်ပြထားပါတယ်။
ကုလသမဂ္ဂ အကူအညီ မပါဘဲ နေရပ်ပြန်သူများ ရှိနေ
ဒါပေမယ့် ထိုင်းရောက် ဒုက္ခသည်တွေဟာ UNHCR သို့မဟုတ် အစိုးရက ပံ့ပိုးတဲ့ နည်းလမ်းတွေကို အသုံးမပြုဘဲ ကိုယ့်ဘာသာ နေရပ်ပြန်ကြတာလည်း ရှိနေပါတယ်။
၂၀၁၂ ခုနှစ်မှ ယနေ့အထိ ၅ နှစ်တာကာလအတွင်း ဒုက္ခသည် ၁၈၀၀၀ ခန့် အစိုးရ အကူအညီမယူဘဲ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက သူတို့ နေရပ်တွေဆီ ပြန်သွားခဲ့ကြတယ်လို့ ဒုက္ခသည် စခန်းတွင်း အာဟာရ၊ နေရေးထိုင်ရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကူအညီတွေပေးနေတဲ့ The Border Consortium (TBC) ထံက သိရပါတယ်။ TBC က စခန်း ၉ ခုက လူပေါင်း ၉၃၀၀၀ ကျော်နဲ့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက ပြည်တွင်းစစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် တနှစ်တည်းမှာ စခန်း ၉ ခုက လူ ၄၀၉၅ ယောက် နေရပ်ကို သူတို့အစီအစဉ်နဲ့ သူတို့ ပြန်သွားခဲ့ကြတယ်လို့ TBC ၏ အမှုဆောင်ဒါရိုက်တာ ဆယ်လီ သွန်ပဆင်က ပြောပါတယ်။
“ကျမတိုု့က သူတိုု့ကိုု UNHCR အစီအစဉ်နဲ့ နေရပ်ပြန်ဖို့ တိုုက်တွန်းနေပါတယ်။ အခုလောလောဆယ် မပြန်သေးဘူးလို့ ဆုံးဖြတ်တဲ့လူတွေကိုလည်း ကျမတို့ အသိအမှတ်ပြုတယ်။ သူတို့အများစုက အဆင့်ဆင့် အစစ်ဆေးမခံချင်ဘူး။ သူတို့ပြန်ဖို့ အသင့်ဖြစ်တဲ့အခါဆိုရင်လည်း သူတိုု့ ချက်ချင်း ကောက်ထပီး ပြန်သွားတာပဲ။ အစိုးရက ခွင့်ပြုတာ ဘာတွေ မစောင့်ချင်ဘူး။ ဒီစခန်းကနေပဲ တိတ်တိတ် ထွက်သွားကြတယ်” လို့ သူက ရှင်းပြပါတယ်။
ဒါ့အပြင် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်ရမှုများကြောင့်လည်း ဒုက္ခသည်များနေရပ်ပြန်ရေးမှာ နှောင့်နှေးနေတယ်လို့ သိရပါတယ်။ ထိုအထဲတွင် မြေမြှုပ်မိုင်းရှင်းလင်းမှု မရှိသေးခြင်း၊ တပ်မတော်နဲ့ လူမျိုးစုလက်နက်ကိုင် တပ်ဖွဲ့များအကြား မြေမြှုပ်မိုင်း အသုံးမပြုဖို့ သဘောတူညီမှု မရှိသေးခြင်း စတာတိုု့လည်း ပါဝင်ပါတယ်။
တခါတရံ ဒုက္ခသည်တွေ တရားဝင်လမ်းကြောင်းက နေရပ်ပြန်နိုုင်ရေး ဆောင်ရွက်ဖို့ အခက်အခဲရှိနေပေမယ့် တရားဝင် နေရပ်ပြန်တဲ့ အစီအစဉ်တွေမှာ မြေမြှုပ်မိုင်းဆိုင်ရာ ပညာပေးမှု အစီအစဉ်လည်း ပါဝင်တယ်လို့ ဆယ်လီ သွန်ပဆင်က ဆိုပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြန်ရေး ထိုင်းနဲ့ မြန်မာအစိုးရတွေက ကြိုးစားကြပေမယ့် ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ခေးမူ-လယ်မူပလော လမ်းဟောင်းကို ပြန်လည်တည်ဆောက်ဖို့ တပ်မတော်က တပ်ဖွဲ့တွေ ချထားလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နဲ့ တပ်မတော်တို့အကြား မတ်လ အစောပိုင်းက တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လူ ၂၀၀၀ ကျော် တောတွင်းမှာ စစ်ဘေးရှောင်နေကြရပါတယ်။
ဒါ့အပြင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက လွိုင်ကော်ရှိ KNPP စစ်ဆေးရေးစခန်းတခုမှာ တပ်မတော်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) စစ်သားတွေကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ကြောင့်လည်း ကရင်နီ(ကယား) ပြည်နယ်က ဒုက္ခသည်တွေအကြား ၎င်းတိုု့လုံခြုံရေးအတွက် ပူပန်မှုတွေ ဖြစ်ခဲ့ကြတယ်လို့ သွန်ပဆင်ကပြောပါတယ်။
“အရှေ့တောင်ပိုင်းက ဒီ ဖြစ်ပွားဆဲ စစ်ရေးချဲ့ထွင်မှုတွေဟာ ဒုက္ခသည်တွေပြန်ဖို့ သူတိုု့ လုံခြုံစိတ်ချရတယ်ဆိုတဲ့ ယုံကြည်မှုကို မဖြစ်စေဘူး” လို့ သူက ပြောပါတယ်။
ကုလသမဂ္ဂက ပံ့ပိုုးတဲ့ အစီအစဉ်ကတဆင့် ဒုက္ခသည်တွေ ပိုပြီး ဆန္ဒအလျှောက်နေရပ်ပြန်ကြစေဖို့ UNHCR ကမျှော်လင့်ကြောင်း ဟန်နာ မက်ဒေါ်နယ်ကတော့ ဆိုပါတယ်။ UNHCR က ဒုက္ခသည် နေရပ်ပြန်ရေး အစီအစဉ်တွေကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ဖို့ အစိုးရ ၂ ရပ်စလုံးနဲ့ အတူတကွ ပူးတွဲလုပ်ဆောင်နေတယ်လို့လည်း ရှင်းပြပါတယ်။
မတ်လနှောင်းပိုင်းက ပြုလုုပ်ခဲ့တဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံ နှစ်နိုင်ငံဆွေးနွေးပွဲအတွင်း အစိုးရ နှစ်ဖွဲ့က ကုလသမဂ္ဂပံ့ပိုးတဲ့ ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး တနှစ်ကို နှစ်ကြိမ်လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။
ဒါပေမယ့် နှစ်နိုင်ငံအစိုးရတွေက ဒုက္ခသည်တွေ တတိယအသုတ် ပြန်လည်ပို့ဆောင်ရေး ရက်စွဲသတ်မှတ်ရခြင်းတော့ မရှိသေးပါဘူး။
အစိုးရက ဦးစီးသည့် ကုလသမဂ္ဂအကူအညီနဲ့ နေရပ်ပြန်ရေး အစီအစဉ်ဟာ လုပ်ငန်းစဉ် အသစ်တရပ်ဖြစ်နေပြီး တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာနေကြောင်း၊ ထို့အတွက် ၎င်းတို့အနေဖြင့် အကောင်းဆုံးနည်းလမ်းတွေကို ရှာဖွေနေရပါကြောင်း ဟန်နာမက်ဒေါ်နယ်က ဆိုပါတယ်။ ထိုအစီအစဉ်ဟာ ပိုမိုရိုးရှင်း၊ မြန်ဆန်တိုးတက်လာပါက ဒုက္ခသည်တွေ တရားဝင်အစီအစဉ်နဲ့ နေရပ်ပြန်ဖို့ ပိုမို စဉ်းစားလာမယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောဆိုပါတယ်။
(အင်္ဂလိပ်ဘာသာဖြင့် 93 Refugees Repatriated from Thailand-Myanmar Border Camps တွင် ဖတ်ရှုပါ)