မလေးရှားနိုင်ငံတွင် အတိုက်အခံမဟာမိတ်များက ရွေးကောက်ပွဲကို အံ့အားသင့်ဖွယ် အနိုင်ရလိုက်ပြီး အသက် ၉၂ နှစ် အရွယ် မဟာသီယာမိုဟာမက်သည် ကမ္ဘာ့အသက်ကြီးဆုံး ရွေးကောက်ခံ ခေါင်းဆောင်တဦးအနေဖြင့် ကျမ်းသစ္စာကျိန်ဆိုလိမ့်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ယနေ့ မေလ ၁၀ ရက် နံနက်ပိုင်းတွင် ကြေညာသည်။ ဝန်ကြီးချုပ်ဟောင်း မဟာသီယာသည် ဆယ်စုနှစ် ၆ ခုကျော် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည့် ယခင်က သူကိုယ်တိုင်ဦးစီးခဲ့သော ညွန့်ပေါင်းအစိုးရကို တစခန်းသတ်ပေးလိုက်သည်။
လက်ရှိဝန်ကြီးချုပ် နာဂျစ်ရာဇက်ကို မဲအပြတ်အသတ်ဖြင့် အနိုင်ရသွားသူ မဟာသီယာ၏အောင်ပွဲကို မလေးရှားပြည်သူ အများအပြား ဆင်နွှဲလျက် ရှိနေပြီဖြစ်သည်။ နေထိုင်စရိတ်ကြီးမြင့်လာခြင်းနှင့် မလေးရှားဖွံ့ဖြိုးရေးကောင်စီ(1MDB) ၏ ဒေါ်လာဘီလီယံချီသည့် အရှုပ်တော်ပုံကိစ္စရပ်များအပေါ် မဟာသီယာက နာဂျစ်ကို အလဲထိုးနိုင်ခဲ့ပြီး လူထုကြိုက်အောင် စည်းရုံးနိုင်ခဲ့ကြောင်း ပြောဆိုသုံးသပ်မှုများလည်း ထွက်ပေါ်လာသည်။
မဟာသီယာသည် မလေးရှားနိုင်ငံကို ၂၂ နှစ်ကျော်အုပ်ချုပ်ခဲ့ပြီး ယခုအခါ မမျှော်လင့်ဘဲ ဝန်ကြီးချုပ်အဖြစ် နိုင်ငံရေးစင်မြင့်ထက် ပြန်တက်လာပြန်ပြီဖြစ်သည်။
“ ကျနော်တို့ လက်စားချေဖို့ ရှာကြံနေတာ မဟုတ်ဘူး။ ကျနော်တို့လိုချင်တာက တရားဥပဒေစိုးမိုးရေး ပြန်ရဖို့ပဲ” ဟု မဟာသီယာက နာဂျစ်၏ စာရင်းပျောက် အရှုပ်တော်ပုံ အုပ်ချုပ်ရေးကို ထောက်ပြပြောဆိုသည်။
နေ့ချင်းညချင်းအောင်ပွဲခံခဲ့သော မဟာသီယာကို ရုပ်သံများတွင် သတင်းထောက်များနှင့် ရယ်ရယ်မောမောပြောဆိုနေသည့်ပုံများ တက်လာခဲ့ပြီး ကြာသပတေးနေ့တွင် မလေးရှားဘုရင့်နန်းတော်သို့ သွားရောက်စုဝေးကြရန် တိုက်တွန်းနေသည်။
ကွာလာလမ်ပူမြို့တော်ရှိ တော်ဝင်နန်းတော်၌ အခမ်းအနားကျင်းပပြီး မလေးရှားစည်းမျဉ်းခံဘုရင်စနစ်အရ မလေးရှားဘုရင်က မဟာသီယာကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း အမိန့်စာလက်မှတ်ထိုးပေးရမည်ဖြစ်သည်။
နာဂျစ်ကလည်း မီဒီယာများမှတဆင့် မိန့်ခွန်းပြောမည်ဟု ခန့်မှန်းရသည်။ မဲရလဒ်များကြေညာပြီးကတည်းက ၎င်းသည် လူထုမိန့်ခွန်းပြောကြားခြင်း မရှိတော့သော်လည်း သူ့အစိုးရအဖွဲ့ဝင်ဟောင်းများကမူ လူထုဆန္ဒကို လက်ခံပါကြောင်း ပြောကြားခဲ့ကြသည်။
မလေးရှားလွှတ်တော်တွင် အမတ်နေရာပေါင်း ၂၂၂ နေရာရှိရာ မဟာသီယာ၏ ညွှန့်ပေါင်းပါတီက ၁၃၅ နေရာရှိသဖြင့် အစိုးရဖွဲ့ရန် လုံလောက်သည့် အရေအတွက်ဖြစ်သွားခဲ့သည်။ ယခင် အာဏာရ ညွန့်ပေါင်း ဘာရစ်ဆန်နေရှင်နယ်ပါတီက ၇၉ နေရာသာ ရသည်။
ထိုင်းနိုင်ငံနယ်စပ်အနီးရှိ မလေးရှား ရွာလေးတရွာ၌ မွေးဖွားခဲ့သော မဟာသီယာသည် မလေးရှားနိုင်ငံအား အာရှတိုက်၏ စီးပွားရေး လျင်မြန်စွာဖွံ့ဖြိုးနေသော နိုင်ငံတနိုင်ငံဖြစ်အောင် ကြိုးပမ်းခဲ့သူတဦးဖြစ်သည်။
မဟာသီယာက ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါက ၎င်းသည် ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံ့ခေါင်းဆောင်တဦး ဖြစ်လာလိမ့်မည်။ သို့သော် မဟာသီယာက ဝန်ကြီးချုပ်ရာထူးကို ယခင်က ၎င်းလက်အောက်တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသည့် အန်ဝါအီဗာရာဟင်အား လွှဲပြောင်းပေးအပ်ဖွယ်ရှိကြောင်း နှင့် လက်ရှိတွင် အန်ဝါသည် လိင်တူဆက်ဆံမှုဖြင့် အကျဉ်းချခံနေရပြီး လာမည့် ဇွန်လတွင် လွတ်မြောက်ရန် ရှိကြောင်း သိရသည်။
ကိုးကား ။ ။ Reuters နှင့် အေဂျင်စီသတင်းများ