သတင်း

ရခိုင်မြောက်ပိုင်းအရေး ကတိအတိုင်း လုပ်ရန် မြန်မာနိုင်ငံကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

ရိုဟင်ဂျာခေါ် ဘင်္ဂလီများအပေါ် အကြမ်းဖက်သူများအား အရေးယူရန် ကတိကဝတ်ကို ဖြည့်ဆည်းရန်နှင့် ဒုက္ခသည် ၇၀၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးရသည့် အကြောင်းရင်းများကို ဖြေရှင်းရန် မြန်မာအစိုးရကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုက်တွန်းကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ကောင်စီ၏ ဗီတိုအာဏာပိုင် အဖွဲ့ဝင် တရုတ်၏ ကန့်ကွက်ချက်ကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု စွပ်စွဲချက်များအတွက် မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်တရားရုံး – ICC သို့ လွှဲပြောင်းပေးရန် လူ့အခွင့်အရေးအဖွဲ့ လေးဖွဲ့က တောင်းဆိုခြင်းကို လုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖေါ်ပြထားခြင်း မရှိပေ။

မြန်မာနိုင်ငံအစိုးရသည် ထိုပြစ်မှုများအတွက် တာဝန်ရှိသူများကို တရားခွင်သို့ပိုဆောင်ရန် လုပ်နိုင်စွမ်း မရှိကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ – AI ၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ – HRW ၊ အကာအကွယ်ပေးရေးဆိုင်ရာတာဝန်ခံမှု နိုင်ငံတကာဌာန – Global Center for the Responsibility to Protect နှင့် Fortify Rights စသည့် လူ့အခွင့်အရေးအဖွဲ့အစည်း လေးခုက ပြောကြားခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် “လူ့အခွင့်အရေး ချိုးဖေါက်မှု စွပ်စွဲချက်များကို ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးမှုဆောင်ရွက်ခြင်းနှင့် ထိခိုက်နစ်နာသူများအတွက် တရားမျှတမှုဆောင်ကျဉ်းပေးရန် တာဝန်ရှိသူများ အရေးယူခြင်းတို့၏ အရေးပါမှုကို” အလေးအနက်ထားသည်ဟု ဖေါ်ပြထားသည်။

လုံခြုံရေးကောင်စီ၏ ခရီးစဉ်အတွင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများကို ကျယ်ကျယ်ပြန့်ပြန့်ဖျက်ဆီး ထားခြင်းကို တွေ့ရပြီး လူသားချင်းစာနာမှု အကျပ်အတည်း၏ အတိုင်းအတာကြောင့် တုန်လှုပ်မိပြီး အခြေအနေကို လွန်စွာစိုးရိမ်ပူပန်သည်ဟု လုံခြုံရေးကောင်စီ၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။ ဒုက္ခသည်များကို စောင့်ရှောက်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကူညီကြရန်လည်း နိုင်ငံများကို လုံခြုံရေးကောင်စီက တိုက်တွန်းခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်များကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံ၏ အားထုတ်မှုများကို လုံခြုံရေးကောင်စီက အသိအမှတ်ပြုခဲ့ပြီး ရခိုင်ပြည်နယ်ရှိ ၎င်းတို့နေအိမ်များသို့ ဘေးကင်းသိက္ခာရှိစွာနှင့် ဆန္ဒအလျှောက်နေရပ်ပြန်ရေးအတွက် အခြေအနေများကို ဖန်တီးပေးရန်လည်း အစိုးရကို တိုက်တွန်းသည်။

ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံ၏ ကတိကဝတ်ကိုလည်း လုံခြုံရေးကောင်စီကြေညာချက်က ကြိုဆိုခဲ့ပြီး ရခိုင်ပြည်နယ်သို့သွားရောက်ခွင့် ပိတ်ပင်ခံထားရသော ကုလသမဂ္ဂအေဂျင်စီများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ရခိုင်ပြည်နယ်သို့ ချက်ခြင်းဘေးကင်းလုံခြုံစွာနှင့် အဟန့်အတားမရှိ သွားရောက်ခွင့် ပေးရန် တိုက်တွန်းခဲ့သည်။

လုံခြုံရေးကောင်စီ ခရီးစဉ်နှင့် ပတ်သက်ပြီး တံခါးဖွင့် ရှင်းလင်းပွဲတခုကို လုံခြုံရေးကောင်စီက မေလ ၁၄ ရက်နေ့တွင်ပြုလုပ်ရန်စီစဉ်ထားပြီး အကျပ်အတည်းကိုဖြေရှင်းရန်နှင့် ရိုဟင်ဂျာများနေရပ်ပြန်ရေးအတွက် အခြေအနေများကို ဖန်တီးပေးရန် ကုလသမဂ္ဂ အထူးသံတမန်သစ်နှင့် နှစ်နိုင်ငံလုံးနှင့်မည်သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်ကို အဖွဲ့ဝင်များအနေဖြင့်ရှေ့လာမည့်ရက်များအတွင်းဆွေးနွေးရန်ရည်ရွယ်သည်ဟုလည်း ကြေညာချက်တွင် ဖေါ်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading