မန္တလေးတိုင်း ကျောက်ဆည်မြို့၌ ပိုင်ရှင်မဲ့သစ်များ ဖမ်းဆီးရရှိသည့် အမှုတွင် တာဝန်ရှိသူ စခန်းမှူး ၂ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦးကို တိုင်းဒေသကြီး ရဲအချုပ်တွင် ဖမ်းဆီးစစ်ဆေးနေကြောင်း ယင်းအမှုအား တိုင်ကြားခဲ့သူများက ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးစစ်ဆေးခံနေရသူများမှာ ကျောက်ဆည်မြို့မ ရဲစခန်းမှူးဟောင်း ဒုရဲမှူး မြင့်ဦး၊ စခန်းမှူးသစ် ဒုရဲမှူး ဝင်းနိုင်၊ ဒုတပ် ကြပ် ချစ်စန်းကို၊ နယ်ထိန်း ခေါင်းဆောင် ရဲအုပ် သန်းထိုက်နှင့် အခင်းဖြစ် ညပိုင်းက တာဝန်မှူးအဖြစ် တာဝန်ကျသူ ဒုရဲအုပ် ကိုကိုလင်းတို့ ဖြစ်ကြောင်း သိရသည်။
ယင်းအမှုသည် စခန်းမှူး အလွှဲအပြောင်း ပြုလုပ်မည့် ရက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်၍ အခင်းဖြစ် ချိန်တွင် စခန်းမှူး နှစ်ဦးလုံး ရဲစခန်းတွင် ရှိနေကြောင်း သိရသည်။
အဆိုပါ အမှုုဖြစ်စဉ်မှာ ဧပြီလ ၂၅ ရက် ညပိုင်းတွင် ကျောက်ဆည်မြို့ ရန်ကုန်- မန္တလေး လမ်းမပေါ်၌ မောင်းနှင်လာသည့် ယာဉ်အား ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ဇေယျာမောင် တို့မှ မသင်္ကာသဖြင့် လိုက်လံ စစ်ဆေးရာမှ ဖွဲအိတ်များဖြင့် ဖုံးထားသည့် ပိတောက်တုံးများကို ယာဉ်ပေါ်ပါသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး၊ ယင်းအမှုကို စခန်းမှ ပိုင်ရှင်မဲ့ အမှုအဖြစ်သာ ဖွင့်စေခဲ့ပြီး ဖမ်းမိထားသူ နှစ်ဦးကိုလည်း နယ်ထိန်းခေါင်းဆောင် ရဲအုပ်သန်းထိုက်နှင့် အတူ စခန်းသို့ ရောက်လာသည့် ပြည်ပန်းကျေးရွာနေ မုံလာ(ခ) အောင်စိုးမိုး၏ ကားပေါ်သို့ ဒုတပ်ကြပ် ချစ်စန်းကို မှ တင်ပေးလိုက် ကြောင်း သိရသည်။
တာဝန်ရှိ ရဲအရာရှိ တို့၏ လုပ်ရပ်ကို မကျေနပ်သည့် ကျောက်ဆည်မြို့နယ် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) အဖွဲ့ တာဝန်ခံ ဦးကိုကိုလွင်နှင့် ဦးစိုးသီဟ ဆိုသူတို့က အကျင့်ပျက် ရဲဝန်ထမ်းများအား အရေးယူ ရေးနှင့် တာဝန်သိ ရဲဝန်ထမ်းများကို ကာကွယ်ပေးရန်အတွက် မေလ ၂ ရက်၌ ပြည်ထဲရေး ဝန်ကြီး ဌာနသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
အမှုအား တိုင်ကြားခဲ့သည့် ကိုစိုးသီဟက “ဖမ်းထားတဲ့သူတွေကို မန္တလေး ခေါ်သွားတယ်လို့ သိရ တယ်။ လော လော ဆယ် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနဲ့ပဲ အရေးယူ စစ်ဆေးနေတယ်လို့ သိရတယ်။ တခြားအမှုနဲ့ အရေးယူတာတော့ မတွေ့ရသေးဘူး” ဟုပြောသည်။
တရားမဝင်သစ်များနှင့်အတူ ဖမ်းမိထားသူ နှစ်ဦးမှာ ယနေ့တိုင် လွတ်မြောက်နေဆဲဖြစ်ပြီး၊ ၎င်းတို့ကို စခန်းမှ လာရောက် ခေါ်ထုတ်သွားသည့် မုံလာ(ခ) အောင်စိုးမိုးမှာ ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁) ဖြင့် ဖမ်းဆီးထား ပြီး ယနေ့တွင် တရားရုံးချုပ် ရမန် ရယူခဲ့ကြောင်း သိရသည်။
အမှုအား တိုင်ကြားခဲ့သည့် ဦးကိုကိုလွင်က “မုံလာကိုတော့ ဖမ်းထားပြီဆိုပေမယ့် နောက်ကွယ်မှာ ရှိနေတဲ့ သူတွေကို ဆက် လက် ဖော်ထုတ်ဖို့ လိုနေသေးတယ်။ ဒီလောက်နဲ့ အမှုက ရပ်တန့်သွားပြီး ရှေ့ဆက် စစ်ဆေး အရေးယူမှုတွေ မရှိတော့မှာ မြို့ခံတွေက စိုးရိမ်နေကြတယ်” ဟု ပြောသည်။
၎င်းတို့ တိုင်ကြားစာအား အမှုတွင် ကိုယ်တိုင် ဖမ်းဆီးခဲ့သည့် ရဲတပ်သား ၂ ဦး အပါအဝင် ရဲတပ်သား ၅ ဦးက မှန်ကန် ကြောင်း လက်မှတ် ရေးထိုးထားသည်ကို တွေ့ရသည်။
တိုင်ကြားစာ၌ ဖမ်းမိထားသူ နှစ်ဦးအား တာဝန်မှူးထံ မလွှဲပြောင်းမီ စခန်းမှူးမှ ဖမ်းဆီးခဲ့သည့် ရဲတပ် သား ၂ ဦး ကို အခန်းတွင်းသို့ ခေါ်ယူ၍ “မင်းတို့ကို ဘယ်သူက ဖမ်းခိုင်းလို့ ဖမ်းတာလဲ အခု မြို့နယ် မှူးက လွှတ်ပေးဖို့ ငါ့ကိုကြိမ်းနေပြီ” ဟု အသစ်ရောက်ရှိလာသည့် ဒုရဲမှူး ဝင်းနိုင်ရှေ့၌ ဆူပူ ကြိမ်း မောင်းခဲ့ကြောင်း လည်း ဖော်ပြပါရှိသည်။
တိုင်ကြားမှုနှင့် ပတ်သက်ပြီး မေလ ၄ ရက်က တိုင်းအဆင့် စုံခုံဖွဲ့ကာ မြို့နယ်မှူး အပါအဝင် ပတ်သက် သည့် ရဲတပ်ဖွဲ့ဝင် အားလုံးနှင့် တိုင်ကြားခဲ့သူများအား ခေါ်ယူ စစ်ဆေး၍ မေလ ၈ ရက် ညပိုင်းတွင် ရဲအုပ် သန်းထိုက်နှင့် ဒုတပ်ကြပ် ချစ်စန်းကို တို့အား တိုင်းရဲအချုပ်သို့ ပို့ဆောင်ခဲ့ပြီး မေလ ၉ ရက် မနက်ပိုင်းတွင် စခန်းမှူးနှစ်ဦးနှင့် ဒုရဲအုပ် ကိုကိုလင်းတို့ကို ထပ်မံပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ဆည်ရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်တဦးက ပြောသည်။
ကျောက်ဆည်မြို့နယ် ရဲတပ်မှူး ရဲမှူး ဝင်းဇော်က အမှုတွင် ကိုယ်တိုင် စစ်ဆေးခံခဲ့ရသည့် အခြေအနေ နှင့် ပတ်သက်၍ တိုင်းစစ်ဆေးရေး အဖွဲ့ အပေါ်တွင်သာ မူတည်ကြောင်း ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ဖမ်းထားသည့် သစ်များအား ပုဒ်မ မပြောင်းလဲသော်လည်း ပိုင်ရှင်မဲ့ဆိုသည့် မူလ တိုင်ကြားချက်ကို ပြောင်းလဲခဲ့ရပြီး သစ်ပိုင်ရှင်အား ဖော်ထုတ်နိုင်ရေး အမှုအား ယာယီစခန်းမှူး တာဝန်ယူထားသည့် ဒုရဲမှူး သန်း ကျော်ဌေးက ဆက်လက် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
အမှုနှင့် ပတ်သက်၍ ဌာနတွင်း မတရားမှုအား ဖော်ထုတ်ခဲ့သည့် ရဲတပ်သားများအား ကာကွယ် ပေးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် ဒေသခံ အဖွဲ့အစည်းအချို့နှင့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ် အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းက “လက်ရှိ ဖော်ထုတ် ခဲ့တဲ့ ရဲဝန်ထမ်းတွေ ကို နယ်မပြောင်းဖို့၊ အရေးယူတာတွေ မလုပ်ဖို့ ဥပဒေအရ ဒေသခံတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွား မယ်။ နောက်ထပ်ပြီး လည်း ဌာနတွင်းက မတရားမှုတွေကို တာဝန်သိသိ ဖော်ထုတ်မယ့် ပြည်သူ့ ဝန်ထမ်းတွေ ကို ကာကွယ်ပေးကြဖို့လည်း ဆုံးဖြတ်ခဲ့တယ်” ဟု ဆွေးနွေးမှု အခြေအနေကို ရှင်းပြသည်။
အမှုနှင့် ပတ်သက်ပြီး ပါဝင်သူများအား လာဘ်ပေးလာဘ်ယူမှုများ ရှိမရှိ စစ်ဆေးပေးရန် အတွက် လည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားမှုများ ပြုလုပ်ထားကြောင်း လည်း အမှုအား တိုင်ကြားခဲ့သည့် ကျောက်ဆည်မြို့နယ် ၈၈(ငြိမ်း/ပွင့်) တာဝန်ခံ ဦးကိုကိုလွင်က ပြောထားသည်။
ဆက်စပ်ဖတ်ရှုရန် – ကျောက်ဆည်မြို့က ပိုင်ရှင်မဲ့သစ် အမှု ရဲတပ်ဖွဲ့ဝင်များကို စုံခုံဖွဲ့စစ်ဆေးနေ